သတင်း

ပေါင်မြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ယမန်နေ့ (ဇွန် ၂၉) ည ၇ နာရီကျော်က ကဒုံစီးရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွေးသိန်း (ခ) မဲလုံး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။

နတ်ကြီးချောင်ကျေးရွာနှင့် အုန်းတပင် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ အိန္ဒြေရှင် KTV မှ ဆိုင်ကယ်ဖြင့် ပြန်ထွက်လာသည့် ဦးထွေးသိန်းကို သေနတ်သမားနှစ်ဦးက ပစ်သဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်ကို ကိုးကား၍ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“နောက်ကနေ ဆိုင်ကယ်နဲ့ နှစ်ယောက်လိုက်လာတယ်။ သေနတ်နဲ့ ပစ်တယ်။ ကဒုံစီးအုပ်ချုပ်ရေးမှူးကတော့ ဘယ်ဘက်လက်ပြင်အောက်တစ်ချက်၊ ရင်အုံတစ်ချက် နှစ်ချက်ထိပြီးတော့ အဲဒီနေရာမှာ ပွဲချင်းပြီးသေတယ်ပေါ့” ဟု သူက ပြောသည်။

အသက် ၄၃ နှစ်အရွယ် ဦးထွေးသိန်းနှင့်အတူ လိုက်ပါလာသည့် အုန်းတပင်ကျေးရွာနေ အသက် ၃၀ ကျော်အရွယ် မောင်ဇော်မှာမူ လက်ဖျံကျည်ထိမှန်ခဲ့ကြောင်း အထက်ပါ ဒေသခံက ဆိုသည်။ 

ရုပ်အလောင်းကို မုတ္တမဆေးရုံသို့ ညတွင်းချင်းပို့လိုက်ပြီး ယနေ့ (ဇွန် ၃၀) နံနက်တွင် ပေါင်မြို့နယ်ဆေးရုံ ရင်ခွဲရုံသို့ လွှဲပြောင်းလိုက်ကြောင်း ၎င်းထံမှ သိရသည်။

ဦးထွေးသိန်းမတိုင်မီ ကဒုံစီးရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူသည့် ဦးကျော်အောင်ဆိုသူမှာလည်း ၂၀၂၁ ခုနှစ် နိုဝင်ဘာတွင် နေအိမ်အနီး သေနတ်ဖြင့် ပစ်ခံရ၍ ဝမ်းဗိုက်ဒဏ်ရာ ရဖူးကြောင်း၊ အသက်မသေသော်လည်း ရာထူးမှ နုတ်ထွက်သွားကြောင်း အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

ဦးကျော်အောင် ပစ်ခံရမှုနှင့် ပတ်သက်ပြီး ရပ်ကွက်နေပြည်သူ ၁၇ ဦး ဖမ်းဆီး စစ်ဆေးခံရဖူးသည်ဟု ၎င်းက ဆိုသော်လည်း အသေးစိတ်ကိုမူ မသိရပေ။

“သူ (ဦးထွေးသိန်း) က အရင်အုပ်ချုပ်ရေးမှူး ပစ်ခံထိတော့ အဲဒီအုပ်ချုပ်ရေးမှူးနေရာကို ဝင်ယူလိုက်တာပေါ့။ သူက အာဏာရူးတယ်။ သူသိတယ်၊ ဒါမျိုးကြုံရမယ်ဆိုတာ။ ဒါပေမဲ့ သူလုပ်တယ်။ အုပ်ချုပ်ရေးမှူးဆိုတော့ စစ်တပ်နဲ့ သွားတာလာတာတော့ရှိတယ်။ ဒီအာဏာကို ရရင်ပြီးရော၊ သူဘာပဲလုပ်ရ လုပ်ရ” ဟု ၎င်းက ဆက်ပြောသည်။

ဦးထွေးသိန်းသည် ယခင်က ရာအိမ်မှူးတစ်ဦးဖြစ်ကြောင်း၊ ပစ်သတ်ခံရပြီး ရပ်ကွက်အတွင်း စစ်တပ်က ကင်းလှည့်နေသဖြင့် ဒေသခံတို့ နေအိမ်ပြင်ပသို့ မထွက်ရဲကြကြောင်း ထိုသူက ဆိုသည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ကာယကံရှင်၊ မိသားစုဝင်များနှင့် စစ်ကောင်စီထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါ။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေရာ နိုင်ငံအနှံ့ခုခံမှုများ အရှိန်မြင့်လာနေပြီး  စစ်ကောင်စီပစ်မှတ်များ အဆက်မပြတ် တိုက်ခိုက်ခံနေရသည်။

ထိုသို့အာခံမှုများကို စစ်တပ်ကလည်း ကြမ်းတမ်းစွာနှိမ်နင်းနေပြီး အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးသူ ၂,၀၀၀ ကျော်၊ ဆက်လက် ဖမ်းဆီးခံထားရသူ ၁၁,၃၁၀ ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဇွန် ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button