သတင်း

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူရှိ စစ်ကောင်စီစခန်းကုန်းကို KNU သိမ်းယူ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီအခြေစိုက် စခန်းကုန်းတစ်ခုဖြစ်သော ဘုရားတောင် စခန်းကုန်းကို ယနေ့ (စက်တင်ဘာ ၂၈) နံနက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

စစ်ကောင်စီ၏ အမှတ် ၂၃၈ ခြေလျင်တပ်ရင်း အခြေစိုက်ထားရာ ထိုစခန်းကို သိမ်းပိုက်ရရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက အတည်ပြုသည်။

“ရတဲ့လက်နက် အကြီးအသေး ၁၁ လက်၊ တက်သိမ်းတဲ့အချိန်က နာရီနဲ့ချီပြီး ကြာတယ်” ဟု ၎င်းက ပြောသည်။

KNU တပ်မဟာ ၆ လက်အောက်ရှိ KNLA တပ်ရင်း ၁၆ က သိမ်းပိုက်လိုက်သည့် အဆိုပါ ဘုရားတောင် စခန်းကုန်းသည် ဘုရားသုံးဆူမြို့နှင့် ၆ မိုင်ခန့်အကွာတွင်ရှိသည်ဟု သိရသည်။

တစ်နာရီကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူး အပါအဝင် ၁၃ ဦး သေဆုံးကြောင်းလည်း KNLA အရာရှိတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေချိန်တွင် ဘုရားတောင်ဘက်သို့ မြို့အဝင်ရှိ စစ်ကောင်စီအခြေစိုက် နဂါးတောင် စခန်းကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း Myanmar Now  က ဆက်သွယ် မေးမြန်းခဲ့သည့် သတင်းရင်းမြစ်က ဆိုသည်။

လက်ရှိအချိန်တွင် ဘုရားသုံးဆူမြို့ဝင်မြို့ထွက်လမ်းများကို စစ်ကောင်စီတပ်က ပိတ်ထားပြီး လူသွားလူလာ ကင်းရှင်းလျက်ရှိသည်ဟုလည်း မြို့ခံတစ်ဦးက ပြောသည်။

KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေဖြစ်သော ကြာအင်းဆိပ်ကြီး မြို့နယ်၊ ကော့ကရိတ်မြို့နယ်နှင့် မြဝတီမြို့နယ်တို့အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KNU အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီ အခြေစိုက်စခန်းများ အသိမ်းခံနေရသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်တွင် ကရင်ပြည်နယ်အတွင်း ၎င်းတို့၏ လက်လွှတ်လိုက်ရသော ခြေကုပ်စခန်း ၁၁ ခု ရှိသွားပြီဖြစ်ကြောင်း KNU ပြောခွင့်ရ ပဒိုစောတောနီးက ဩဂုတ်လအတွင်း Myanmar Now ကို ပြောခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီအခြေစိုက် ကြိတ်စခန်းကုန်းကို KNU က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးကာ ၂ ဦးကို အရှင်ဖမ်းမိခဲ့သည်။

KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းသို့ စစ်ကောင်စီတပ်က တပ်ရင်း ၆ ရင်းခန့် အသုံးပြုပြီး စစ်ကြောင်းထိုနေသည်ဟုလည်း KNLA အရာရှိက Myanmar Now ကို ပြောသည်။ ထိုစစ်ကြောင်းများကို KNLA၊ Cobra၊ PDF များပါဝင်သည့် ပူးပေါင်းစစ်ကြောင်းများက ခုခံနေကြောင်းလည်း သူက ဆိုသည်။

စစ်ကောင်စီအာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ် ဇူလိုင်လကုန်အထိ စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်များ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တို့ နိုင်ငံတစ်ဝန်း တိုက်ပွဲပေါင်း ၆,၆၇၈ ကြိမ်ဖြစ်ပွားခဲ့ကြောင်း စစ်ရေးအခြေအနေ လေ့လာနေသည့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ့ ISP Myanmar က ထုတ်ပြန်ထားသည်။ 

ထိုအထဲတွင် ကရင်ပြည်နယ်အတွင်း တိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့ပြီး အကြိမ်အရေအတွက် ၃,၉၉၃ ကြိမ်ရှိသည်ဟုလည်း ISP Myanmar က ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတ ဒူဝါလရှီးလ၏ စက်တင်ဘာ ၇ ရက်က ပြောခဲ့သည့် မိန့်ခွန်းတွင် ၂၀၂၂ ခုနှစ်အတွင်း ခုခံတွန်းလှန်စစ် အရှိန်မြှင့်တော့မည်ဖြစ်ကြောင်း ပြောသွားသည်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက် PDF တပ်ဖွဲ့ပေါင်း ၃၀၀ ကျော်  ပေါ်ပေါက်လာခဲ့ပြီး စစ်ကောင်စီတပ်သား ၂၅,၀၀၀ နီးပါးကို သေဆုံးခဲ့သည်ဟုလည်း ယာယီသမ္မတက ဆိုသည်။

နိုင်ငံအနှံ့ စစ်မျက်နှာပြင် ကျယ်ပြန့်လာနေသော စစ်ကောင်စီသည် ယင်းတို့ရုံးစိုက်ရာ နေပြည်တော်တွင်ပင် လုံခြုံရေး အထူးတင်းကျပ်ထားပြီး လုံခြုံရေးဘန်ကာများ တိုးချဲ့ဆောက်လုပ်ထားသည်ကို တွေ့ရသည်။

ထို့အပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်တို့တွင် စစ်တပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်၊ စစ်မှုထမ်းဟောင်းများဖြင့် ဒေသန္တရလုံခြုံရေးအဖွဲ့အစည်းများ ဖွဲ့စည်းထားရန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဩဂုတ်လ ၁၈ ရက်တွင် ပြုလုပ်သည့် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အစည်းအဝေးတွင် ညွှန်ကြားထားကြောင်း ပေါက်ကြားလာသည့် အစည်းအဝေးမှတ်တမ်းတွင် တွေ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button