သတင်း

နာမည်ကျော် ကျောင်းသားသမဂ္ဂခေါင်းဆောင် ထောင်ဒဏ် ၂ နှစ်ထပ်ချခံရ

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် နာမည်ကျော် ကျောင်းသားသမဂ္ဂခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဝေယံဖြိုးမိုးကို ယနေ့ (စက်တင်ဘာ ၂၈) တွင် စစ်ကောင်စီက အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် ထပ်မံ ချမှတ်လိုက်သည်။ 

ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ အပါအဝင် အမှုပေါင်းငါးခုဖြင့် စစ်ကောင်စီ၏ တရားစွဲဆိုခံထားရသူ ကိုဝေယံဖြိုးမိုးမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဖြစ်သည်။​

၎င်းကို စစ်ကောင်စီ၏ အင်းစိန်ထောင်တွင်း အထူးတရားရုံးက အမှုလေးခုအတွက် ထောင်ဒဏ် ၅ နှစ် နှင့် ၃ လ ချမှတ်ပြီးဖြစ်ကာ စုစုပေါင်း ထောင်ဒဏ် ၇ နှစ် ၃ လရှိသည်။​

“ကျန်းမာရေးကောင်းပါတယ်။ ဘာမှတော့ မမှာလိုက်ဘူး၊ အမိန့်ချလိုက်ပြီဆိုတော့ ဆက်သွယ်ဖို့တော့ ခက်သွားပြီ။ ဘာဖြစ်လာမလဲ မသိသေးဘူး။ ထောင်ပြောင်းဖို့ကတော့ များတယ်။ သူက အခုမှ အမှုပြီးပြတ်တာဆိုတော့” ဟု အင်းစိန်ထောင် အထူးတရာရုံး၏ ယနေ့တရားခွင်ကို ရောက်ရှိခဲ့သူ မိသားစုဝင်တစ်ဦးက ပြောသည်။

အပြီးသတ် အမိန့်ချခံရပြီးနောက် ထောင်ပြောင်းခံရပါက ဆက်သွယ်ရခက်ခဲမည်ကို စိုးရိမ်ကြောင်းလည်း ထိုမိသားစုဝင်က ပြောသည်။ 

“ထောင်တွင်းဖိနှိပ်မှုတွေက ဆက်တိုက်‌ဖြစ်နေတာဆိုတော့ နိုင်ငံတကာက ဒီထိရောက်စွာ အရေးယူပေးဖို့ ပြောချင်ပါတယ်။ ပြီးတော့ အကျဉ်းချခံထားရတဲ့ ကျောင်းသား၊ ပြည်သူအားလုံး နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံး လွှတ်ပေးစေချင်ပါတယ်”

အသက် ၂၄ နှစ်အရွယ် ကိုဝေယံဖြိုးမိုးမှာ ပြီးခဲ့သည့်နှစ် မတ်လဆန်းပိုင်းက အဖမ်းခံရခြင်းဖြစ်သည်။​ အထွေထွေသပိတ်ကော်မတီ (GSC) ၏ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြစစ်ကြောင်း အကြမ်းဖက် ဖြိုခွင်းခံရစဉ် ကိုဝေယံဖြိုးမိုး အပါအဝင် ရာနှင့်ချီသော လူများ အဖမ်းခံခဲ့ရသည်။​

၎င်းကို စစ်ကောင်စီက ပုဒ်မ ၅၀၅ (က)၊ (ခ) တို့အပြင် ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့်ပါ တရားစွဲဆိုခဲ့သည့်အပြင် အာဏာသိမ်းမီက ရခိုင်ပြည်နယ်တွင် အင်တာနက်ပြန်ဖွင့်ရေး တောင်းဆိုဆန္ဒပြမှုတွင် ပါဝင်သည်ဟုဆိုကာ အမှုထပ်တိုးကာ ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။

အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရစဉ် ထောင်စည်းကမ်းများ ဖတ်ရန် ငြင်းဆန်သဖြင့် အခြားကျောင်းသားလူငယ်များနှင့်အတူ ကိုဝေယံဖြိုးမိုး သီတင်းတစ်ပတ်ကြာ တိုက်ပိတ်ခံရသည်။​

ထို့ပြင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလဆန်းပိုင်းက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆင်နွှဲသည့် အသံတိတ်သပိတ်တွင် ထောင်တွင်းမှနေ၍ ပါဝင်လှုပ်ရှားသဖြင့် ကိုဝေယံဖြိုးမိုး အပါအဝင် နိုင်ငံရေးအကျဉ်းသား ၈၉ ဦးမှာ ထောင်အာဏာပိုင်များ၏ ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်း ခံရသည်။

ထောင်အာဏာပိုင်များ၏ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် လည်ပင်းနှင့် နံရိုးတွင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့သော်လည်း ဆေးကုသခွင့် မရခဲ့ပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button