သတင်း

မြန်မာအိမ်ဖော်ကို အကြမ်းဖက်တဲ့ မြန်မာအမျိုးသမီး စင်ကာပူမှာ ထောင်ဒဏ် ၂၅ လကျ

စင်ကာပူ — စင်ကာပူတွင် နေထိုင်သော မြန်မာအမျိုးသမီးတစ်ဦးသည် ၎င်း၏ နေအိမ်တွင် အိမ်အကူလုပ်ရန် မြန်မာပြည်မှ အိမ်ဖော်တစ်ဦးကို ခေါ်ယူပြီး မကြာမီမှာပင် နှိပ်စက်ခဲ့သောကြောင့် ဇူလိုင် ၁၇ ရက်နေ့တွင် ထောင်ဒဏ် နှစ်နှစ်နှင့် တစ်လ ချမှတ်ခံရသည်။

စင်ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရသူ အသက် ၃၉ နှစ်ရှိ မချမ်းမြအေးသည် မအိဖြူထွန်းအား ၂၀၁၅ ခုနှစ် ဧပြီလမှစ၍ အိမ်ဖော်အဖြစ် ငှားရမ်းခဲ့သည်။ မချမ်းမြအေးသည် မအိဖြူထွန်းနှင့် အမျိုးတော်သူ၏ သူငယ်ချင်းမှ တဆင့် မအိဖြူထွန်းအား သိကျွမ်းခဲ့ခြင်းဖြစ်ပြီး အေးဂျင့်မပါဘဲ မအိဖြူထွန်းအား ငှားရမ်းခဲ့ခြင်း ဖြစ်သည်။

အသက် ၂၂ နှစ် အရွယ် မအိဖြူထွန်းသည် ချွာချူကန်ရှိ မချမ်းမြအေး၏ တိုက်ခန်းတွင် လာရောက် အလုပ်လုပ်ကိုင်ခဲ့သည်။ ထိုတိုက်ခန်းတွင် မချမ်းမြအေးနှင့်အတူ ၎င်း၏ မိခင်၊ ခင်ပွန်းနှင့် ၂၀၁၅ မတ်လတွင် မွေးဖွားခဲ့သော သမီးငယ် အပြင် အိမ်ငှားတစ်ဦးပါ နေထိုင်သည်။

အလုပ်ခန့်ပြီး တစ်လအကြာတွင် မချမ်းမြအေးသည် မအိဖြူထွန်းအား အိမ်မှုကိစ္စလုပ်ရာတွင် မှားယွင်းသည်၊ အချိန်ကြာသည် စသည်ဖြင့် စတင် ဆူပူခဲ့သည်။ ၂၀၁၅ ခုနှစ် ဇွန်လအကုန်တွင်မူ ဆူပူရာမှ ရိုက်နှက်သည်အထိ ဆိုးရွားလာ ခဲ့သည်။

သံတုတ်ဖြင့် ရိုက်

၂၀၁၅ စက်တင်ဘာလတွင် မချမ်းမြအေးသည် ပန်းကန်ဆေးနေသော မအိဖြူထွန်းအား သံချိတ်ဖြင့် မျက်နှာ၊ လည်ပင်းနှင့် ရင်ဘတ်ကို အကြိမ်ပေါင်းများစွာ ရိုက်နှက်ခဲ့ရာ မအိဖြူထွန်း၏ မျက်နှာတွင် နှစ်စင်တီမီတာ (တစ်လက်မနီးပါး) အရွယ်ခန့် ဒဏ်ရာဖြစ်ကျန်ခဲ့သည်။

ရက်အနည်းငယ်အကြာတွင် မအိဖြူထွန်းအား အလုပ်လုပ်ရာတွင် မသေသပ်ဟုဆိုကာ မချမ်းမြအေးက အကြိမ်များစွာ ပါးရိုက်ပြီး သံတုတ်ဖြင့် ရိုက်နှက်ခဲ့ပြန်သည်။

မအိဖြူထွန်းသည် အနာသက်သာစေရန် လိမ်းဆေးများ လိမ်းနေကြောင်း မချမ်းမြအေး သိရှိသွားရာ ပိုမိုဒေါသထွက်လာပြီး သံတုတ်ဖြင့် အကြိမ်များစွာ ရိုက်နှက်ခဲ့ပြန်သည်။ ထိုအဖြစ်အပျက်ဖြစ်ပွားပြီးနောက် အလုပ်ရှင်များ အလုပ်ရှုပ် နေချိန်တွင် မအိဖြူထွန်းသည် နေအိမ်မှ ထွက်ပြေးလာပြီး လမ်းသွားလမ်းလာများ အကူအညီဖြင့် ကားငှားစီးကာ အလုပ်သမားဝန်ကြီးဌာန (MOM) သို့သွားရောက်၍ အဖြစ်အပျက်များကို တိုင်ကြားခဲ့သည်။

ပြစ်ဒဏ်ချ

ဆေးစစ်ချက်အရ မအိဖြူထွန်း၏ နံရိုးတစ်ချောင်း ကျိုးနေသည့်အပြင် နဖူးဒဏ်ရာ၊ ပါးရောင်ကိုင်းဒဏ်ရာ၊ နားနှင့် ကျောတွင် ပြတ်ရှဒဏ်ရာများ၊ ခြေထောက်တွင် အညိုအမည်းစွဲဒဏ်ရာများ တွေ့ရှိရသည်။

ယမန်နှစ် ဇန်နဝါရီတွင် မချမ်းမြအေးသည် လက်နက်ဖြင့် အနာတရဖြစ်စေမှု နှစ်မှုနှင့် ရည်ရွယ်၍ နာကျင်စေမှု တစ်မှု တို့တွင် အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်။ မချမ်းမြအေးသည် စိတ်ရောဂါခံစားနေရကြောင့် ဆရာဝန် နှစ်ဦးထံမှ ဆေးစာ တင်ပြခဲ့သော်လည်း တရားသူကြီး ဆာရာတန် က မချမ်းမြအေးအား ထောင်ဒဏ် ၂၅ လ ချမှတ်ခဲ့သည်။ မချမ်းမြအေး၏ စိတ်ရောဂါအခြေအနေသည် အလွန်အမင်းဆိုးရွားသည့် အခြေအနေမဟုတ်ကြောင်း၊ ပြစ်မှုကျူးလွန်ရာတွင် တစ်ချက်တည်းမဟုတ်ဘဲ အကြိမ်များစွာ ရိုက်နှက်ခဲ့ကြောင်း၊ သုံးလမှ လေးလအတွင်း အနည်းဆုံး ခြောက်ကြိမ်အထိ အကြမ်းဖက်မှု ကျူးလွန်ခဲ့ကြောင်း တရားသူကြီးက ထောက်ပြခဲ့သည်။

တရားခွင်တက်ရန် မြန်မာပြည်မှ စင်ကာပူနိုင်ငံသို့ လေယာဉ်စီး၍ လာခဲ့သော မအိဖြူထွန်းသည် တရားရုံးမှ အထွက်တွင် ဝမ်းနည်းစွာ ငိုကြွေးခဲ့ပြီး၊ ၎င်းအား အကြမ်းဖက်ခဲ့မှုများကို ပြန်လည်မြင်ယောင်လာကာ အလွန်အမင်း ဝမ်းနည်းမိကြောင်း သတင်းထောက်များအား ပြောကြားသည်။ ယခုတွင် မအိဖြူထွန်းသည် မြန်မာပြည်ရှိ အထည်ချူပ်စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည်။

(ဆွေဇင်မိုး ဘာသာပြန်သည်)
https://www.channelnewsasia.com/news/singapore/woman-who-abused-myanmar-maid-sentenced-to-jail-10538026?cid=fbcna&fbclid=IwAR0lifznwxXz5IEuWr_O8KyexckbhaqFAzRkZkKUsLHCp24MvXFEOjkz3no

Show More

Related Articles

Back to top button