
ရှမ်း-ကယားနယ်စပ် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့တွင် တစ်ကျော့ပြန်တပ်စွဲထားသည့် စစ်ကောင်စီတပ်က မြို့တွင်း၌ ပိတ်မိနေသည့် ပြည်သူများကို အဓမ္မလုပ်အားပေး စေခိုင်းမှုများရှိနေသည်။
တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်မှုကြောင့် စက်တင်ဘာ ၁၂ ရက်တွင် အကျအဆုံးများစွာဖြင့် ဆုတ်ခွာသွားရပြီးနောက် တစ်ပတ်အကြာတွင် စစ်ကောင်စီက သံချပ်ကာယာဉ်များ အပါအဝင် ၁၅၀ ထက်မနည်းသော အင်အားဖြင့် မိုးဗြဲမြို့ကို တစ်ကျော့ပြန် တပ်စွဲလာခြင်းဖြစ်သည်။
ယမန်နေ့ (စက်တင်ဘာ ၁၉) နံနက် အစောပိုင်းမှစ၍ မိုးဗြဲမြို့အဝင်အထွက်ကို စစ်ကောင်စီက ပိတ်ဆို့ထားပြီး မွေတော်ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် ကျောင်းစောင့် လူငယ်များ၊ ကျောင်းဒါယိကာနှင့် အဖွဲ့၊ စစ်ရှောင်များကို အဝတ်လျှော်၊ ထမင်းချက်၊ ပစ္စည်းသယ်ခိုင်းနေသည်ဟု မြို့ခံ လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
“သူတို့ကို အကုန်လုံး ထိန်းသိမ်းထားတဲ့သဘောဖြစ်နေတယ်။ သက်ဆိုင်တဲ့ လူကြီးတချို့ရဲ့ သတင်းပေးချက်အရတော့ ကလေးတွေ(တော်လှန်ရေးသမားတွေ) ကျနော်တို့ (စစ်တပ်) ကို လာမပစ်ဘူးဆိုရင် ကျနော်တို့ ပြန်မပစ်ဘူးပေါ့။ (စစ်တပ်ဘက်က) အဲဒီလိုစကားမျိုးပြောလာတယ်” ဟု အထက်ပါ လူမှုရေးအသင်းဝင်တစ်ဦးက ဆိုသည်။
စစ်ကောင်စီ ပြန်ဝင်လာချိန်တွင် မြို့ပေါ်ရှိ မွေတော်နှင့် စက်တော်ရာ ဘုန်းတော်ကြီးကျောင်းနှစ်ခု၌ ပြည်သူ ၁၀၀ ခန့် ပိတ်မိနေပြီး စစ်တပ်က လူသားဒိုင်း၊ ဓားစာခံအဖြစ် အသုံးပြုနေသည်ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) က ယမန်နေ့ (စက်တင်ဘာ ၂၀) က သတင်းထုတ်ပြန်သည်။
မြို့ခံ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်ကမူ ဓားစာခံအဖြစ် ဖမ်းဆီးခံရသည့် အရေအတွက်ကို လုံခြုံရေးအခြေအနေအရ သွားရောက် အတည်မပြုနိုင်သေးကြောင်း ပြောသည်။
“အဲဒီကို သွားဖို့လည်း စစ်ကောင်စီထိုင်ထားတဲ့ ကင်းပုန်းတွေအများကြီးရှိတော့ ကျနော်တို့လည်း အတိအကျ မသိနိုင်ဘူး။ စစ်ကောင်စီဘက်ကလည်း အရပ်ဝတ်နဲ့ လှုပ်ရှားနေတာရှိတော့ ဓားစာခံလား စစ်ကောင်စီလား မသဲကွဲဘူး” ဟု ၎င်းကပြောသည်။
မွေတော်ဘုန်းကြီးကျောင်းတွင် ပိတ်မိနေသည့် ဒေသခံများ အဓမ္မလုပ်အားပေးစေခိုင်းခံနေရကြောင်း၊ အိမ်တွင် ရိက္ခာပြန်ယူသည့် စစ်ရှောင်များမှာ တင်းတင်းကြပ်ကြပ် စစ်ဆေးခံနေရကြောင်း ထိုနေရာမှ လွတ်မြောက်လာသည့် အမျိုးသမီးတစ်ဦးထံမှ သိရသည်ဟု မိုးဗြဲဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောသည်။
“ဘုန်းကြီးကျောင်းစောင့် ၁၀ ယောက်နဲ့ မြို့မရပ်ကွက်မှာ ပြည်သူတချို့ ပိတ်မိတယ်လို့ သိထားတယ်။ ကျနော်ကြားသလောက်ကတော့ ဒီမနက်အထိ ရပ်ကွက်သူ ရပ်ကွက်သားတွေကို ထမင်းဟင်းချက်ကျွေးခိုင်းတယ်။ ထွက်မသွားဘဲ အေးအေးဆေးဆေးနေဖို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။
အောက်တိုဘာလဆန်းမှစသည့် တိုက်ပွဲများအတွင်း လူဦးရေ သုံးသောင်းနီးပါးရှိသည့် မိုးဗြဲမြို့ခံအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသော်လည်း အသေးစိတ် အတည်မပြုနိုင်သေးပေ။
စစ်တပ်၏ လက်နက်ကြီးဒဏ်ကြောင့် မိုးဗြဲမြို့ပေါ်မှ အိမ်ခြေ ၁၀၀ ကျော် ပျက်ဆီးခဲ့ပြီးဖြစ်သည်။
ယနေ့ (စက်တင်ဘာ ၂၀) တွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်သည့်အသံ မကြားရသေးသော်လည်း မိုးဗြဲမြို့ အနောက်တောင်ဘက်ရှိ ရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်လျက်ရှိကြောင်း မြို့ခံ လူမှုရေးအသင်းဝင်က ပြောသည်။
တစ်ကျော့ပြန် တပ်စွဲထားသည့် စစ်တပ်က မိုးဗြဲနှင့် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ကို ဆက်သွယ်ထားသည့် မိုးဗြဲ-ဝါရီဆူးပလိုင်-နန်းမယ်ခုံ လမ်းမကြီးကို အဓိက ထိန်းချုပ်ထားကြောင်း အထက်ပါ သတင်း ရင်းမြစ်များထံမှ သိရသည်။
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နှင့် ကားလမ်းပေါက်ပြီး တော်လှန်ရေးအဖွဲ့များ အားကောင်းသည့် ထိုဒေသကို ၂၀၂၁ နှစ်ဆန်းပိုင်းမှစ၍ စစ်တပ်က လက်နက်ကြီး၊ လေကြောင်းပါသုံး၍ အပြင်းအထန်ထိုးစစ်ဆင်ပြီးဖြစ်သည်။
ထို့နောက် မိုးဗြဲ (ရှမ်းပြည်တောင်ပိုင်း) မှ နန်းမယ်ခုံမြို့ (ကယားပြည်နယ်) တောင်ဘက် ၇ မိုင်ရှိ ဒေါငံခါးရပ်ကွက်အထိ လမ်းပိုင်းကို စစ်ကောင်စီက ထိန်းချုပ်ထားသည်။ မိုးဗြဲ၊ ဒီးမော့ဆို လမ်းပိုင်းအတွင်းရှိ ကျေးရွာများတွင် ဒေသခံများကို စစ်ကောင်စီတပ်က အကာအကွယ်ယူထားသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ယမန်နေ့ (စက်တင်ဘာ ၁၉) က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ တစ်ကျော့ပြန် တပ်စွဲထားသည့် မိုးဗြဲမြို့သည် စစ်ခေါင်းဆောင်များ ရုံးစိုက်ရာ နေပြည်တော်သို့ ကားဖြင့် ၅ နာရီဝန်းကျင်သာ ခရီးရှိသည်။ အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)