သတင်း

ကလေးလုပ်သားလျှော့ချရေး မသင်မနေရပညာရေးကို အလယ်တန်းအထိ သတ်မှတ်ရန် ILO အကြံပြု

(ရန်ကုန်) — ကလေးလုပ်သား လျှော့ချရေးအတွက် မသင်မနေရပညာရေးစနစ်ကို အလယ်တန်းအဆင့်အထိ ပြောင်းလဲသတ်မှတ်သင့်ကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)မြန်မာ၏ ကလေးအလုပ်သမားပပျောက် ရေး စီမံချက် စီမံကိန်းအရာရှိ စောဆာကပေါ်က ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်၊ အမျိုးသားပညာရေးဥပဒေအရ မူလတန်းကို မသင်မနေရပညာရေးအဖြစ် သတ်မှတ်ထားသည်။

ILO ပြဋ္ဌာန်းချက် အမှတ် ၁၃၈ တွင် မသင်မနေရပညာရေး ပြီးဆုံးသည့် သာမန်အားဖြင့် ၁၅ နှစ်ထက် မငယ်သင့်ဟု ဖော်ပြထားပြီး ယင်းအချက်ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသည့်အတွက် နိုင်ငံတကာပြဋ္ဌာန်းချက်နှင့် ကိုက်ညီစေရန် ပြင်ဆင်သင့်ကြောင်း ၎င်းက ဇူလိုင် ၂၀ ရက်က ပြုလုပ်သည့် ကလေးအလုပ်သမား လျှော့ချတားဆီးရေး တွေ့ဆုံဆွေးနွေးပွဲတွင် ပြောသည်။

“မသင်မနေရပညာရေးကို ကျော်လွန်ပြီးတဲ့အခါ ကလေးက ရွေးချယ်နိုင်ပြီ။ ပညာရေးကို ဆက်သွားမလား။ ဒါမှမဟုတ်လည်း အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်ပြီး သင်ချင်တာတွေ ရှိလာမယ်။ ဒါတွေကိုတွဲပြီးတော့ လုပ်သွားနိုင်ရင် ကလေးလုပ်သား တော်တော်များများကို လျှော့ချနိုင်မယ် ” ဟု စောဆာကပေါ်က ဆိုသည်။

မြန်မာနိုင်ငံအစိုးရနှင့် ILO တို့ ပူးပေါင်းပြီး ၂၀၁၄ ခုနှစ်မှစ၍ လေးနှစ်စီမံကိန်းဖြင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများမှအပ ကလေးအလုပ်သမားစစ်တမ်း ကောက်ယူခဲ့ရာ မြန်မာနိုင်ငံတွင် ကလေးလုပ်သား ၁ ဒသမ ၁ သန်းကျော် ရှိကြောင်း တွေ့ရှိသည်ဟု ILO က ဆိုသည်။

၂၀၁၄ ခုနှစ် ဆိုင်များနှင့်အလုပ်ဌာနများဥပဒေ နှင့် ၁၉၅၁ ခုနှစ် အလုပ်ရုံများအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် အလုပ်လုပ်ရန် အနိမ့်ဆုံးရှိရမည့် အသက်ကို ၁၄ နှစ်ဟု သတ်မှတ်ထားသော်လည်း ကလေးအလုပ်သမားဟူသည့် အဓိပ္ပာယ်သတ်မှတ်ချက်ကို တိတိကျကျ ပြဋ္ဌာန်းထားခြင်း မရှိပေ။

“မိဘတွေက မိဘလုပ်ငန်းကို ကူညီလုပ်ကိုင်ခိုင်းတာပဲဆိုပြီး ကလေးကို ကျောင်းထွက်ပြီး အလုပ်မှာ ခိုင်းတာမျိုးတွေဟာ ကလေးအလုပ်သမားများလာတာရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ် ” ဟု ညီမျှခြင်းမြန်မာ၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။

ILO က ကလေးအလုပ်သမားဟူသည် ၎င်း၏ ကလေးဘဝ၊ ရှေ့အလားအလာနှင့် ဂုဏ်သိက္ခာတို့ကို ကင်းမဲ့စေပြီး ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာစေသည့် အလုပ်မျိုးကို လုပ်ကိုင်နေရသူများကို ဆိုလိုသည်ဟု သတ်မှတ်ထားသည်။

Show More

Related Articles

Back to top button