သတင်း

အဓမ္မ ရုံးတက်ခိုင်းခြင်းကို ILO တားမြစ်ထားကြောင်း NLD ထောက်ပြ

အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသော နိုင်ငံ့ဝန်ထမ်းများအား အဓမ္မ အလုပ်ဆင်းခိုင်းခြင်းနှင့် ဆန္ဒပြမှုများတွင် ပါဝင်ပါက အရေးယူခြင်းများသည် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) ၏ ပြဋ္ဌန်းချက်များကို ချိုးဖောက်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်သမားရေးရာဗဟိုကော်မတီက ယနေ့ ထုတ်ပြန်လိုက်သည်။ 

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO ) အဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေဖြင့် အခြေခံစံပြဋ္ဌာန်းချက်များထဲမှ အမှတ် ၂၉၊ ၁၀၅၊ ၈၇ နှင့် ၉၈ တို့ကို လိုက်နာရမည်ဖြစ်ပြီး သဘောတူလက်မှတ်ရေးထားသော ပြဋ္ဌာန်းချက် အမှတ် ၂၉ နှင့် ၈၇ အရ နိုင်ငံ့ဝန်ထမ်းများအပါအဝင် အလုပ်သမားများအား အဓမ္မခိုင်းစေခြင်း မရှိစေရ ၊ မပြုစေရဟု ပြဋ္ဌာန်းထားသည်။ 

ထို့ကြောင့် အလုပ်သမားများအနေဖြင့် မိမိတို့ဆန္ဒအတိုင်း စုပေါင်းအရေးဆိုခွင့်၊ ဆန္ဒပြခွင့်ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ တွင် မဲစာရင်းမှားယွင်းသည်ဟုဆိုကာ နိုင်ငံ့ခေါင်းဆောင်များကို ထိန်းသိမ်းပြီး နိုင်ငံတော်အာဏာကို တပ်မတော်က ရယူလိုက်ပြီးနောက် စစ်ကောင်စီ၏ ယန္တရားပျက်ပြားစေရန် ရည်ရွယ်ပြီး ဌာနဆိုင်ရာဝန်ထမ်းများသည် ရုံးမတက်သော အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာခဲ့ကြသည်။ 

အဆိုပါဝန်ထမ်းများကို အလုပ်မှ ရပ်ဆိုင်းခြင်း၊ ဖမ်းဆီးခြင်း၊ အလုပ်ပြန်ဆင်းရန် ဖိအားပေးခြင်း၊ ခြိမ်းခြောက်မှုများ ပြုလုပ်နေမှုများ ရှိနေခဲ့သည်။ ယင်းအပေါ် ကော်မတီက ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြထားသည်။

ရုံးမတက်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သော ဧရာဝတီတိုင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း ၃၀ ကို နိုင်ငံ့ဝန်ထမ်းစည်းမျဉ်းစည်းကမ်း ချိုးဖောက်သည်ဆိုကာ မကြာသေးခင်ကမှ တာဝန်မှ ရပ်ဆိုင်းလိုက်သည်။ အဆိုပါဝန်ထမ်းများတွင် လုပ်သက် ၂၈ နှစ်ရှိ ဝန်ထမ်းများပါ ပါဝင်နေသည်။ 

CDM တွင် ပါဝင်သော နိုင်ငံ့ဝန်ထမ်းများကိုလည်း ညအချိန်မတော် ဝင်ရောက်ဖမ်းဆီးကာ ဖိအားပေး ခြိမ်းခြောက်မှုများလည်း ပြုလုပ်နေကြသည်။ သို့ရာတွင် CDM သို့ ပြည်ထဲရေးအောက်မှ ရဲဝန်ထမ်းများအပါအဝင် အထွေထွေအုပ်ချုပ်ရေးနှင့် ဝန်ကြီးဌာနများအထိ ပါဝင်လာကာ မြန်မာ့မီးရထားသည် ရထားပြေးဆွဲမှု လုံးဝနီးပါး ရပ်ဆိုင်းသွားသည်အထိ CDM တွင် ပါဝင်လှုပ်ရှားနေသည်။

ယင်း CDM တွင် ပါဝင်နေသော အစိုးရဝန်ထမ်းများ၊ ကျောင်းသားလူငယ်များ၊ အလုပ်သမား အဖွဲ့အစည်းအသီးသီးကို အပြည့်အဝထောက်ခံကာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ILO ပြဋ္ဌာန်းချက်များ ချိုးဖောက်လျှင် ILO က အရေးယူနိုင်ရေး တိုက်တွန်းကြိုးပမ်းသွားမည်ဟု ဖော်ပြပါရှိသည်။ 

မြန်မာနိုင်ငံသည် ILO အဖွဲ့ဝင်နိုင်ငံအဖြစ် ၁၉၈၄ ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး ILO ၏ အခြေခံပြဋ္ဌာန်းချက် ၃ ချက်ဖြစ်သော လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခြင်းနှင့် စည်းရုံးလှုံ့ဆော်ခွင့်ကို အကာအကွယ်ပေးခြင်းဆိုင်ရာပြဋ္ဌာန်းချက် – ၁၉၄၈ (အမှတ်၈၇)၊ အဓမ္မအလုပ်ခိုင်းစေမှုဆိုင်ရာပြဋ္ဌာန်းချက် – ၁၉၃၀ (အမှတ် ၂၉) နှင့် အဆိုးရွားဆုံးပုံစံဖြင့် ကလေးအလုပ်သမားခိုင်းစေခြင်းဆိုင်ရာပြဋ္ဌာန်းချက် – ၁၉၉၉ (အမှတ် ၁၈၂) တို့ကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။ ထို့ပြင် အခြားသောနည်းပညာဆိုင်ရာ ပြဋ္ဌာန်းချက်အများအပြားကိုလည်း အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။

Show More

Related Articles

Back to top button