
ကလေးလုပ်သားများကို အဓမ္မညှဉ်းပန်းခိုင်းစေသည်ဟု စွပ်စွဲခံရပြီးနောက် ဆူပူမှုဖြစ်ပွားခဲ့သော ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ မုန့်နှင့် ပေါက်စီအလုပ်ရုံ၏ ပိုင်ရှင်ဖြစ်သူသည် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၏ စွဲဆိုချက်တစ်ခုကို ဝန်ခံမည်ဟု ၎င်း၏ရှေ့နေက ယနေ့ (ဇန်နဝါရီ ၁၈) တရားခွင်တွင် ပြောကြားလိုက်သည်။
လိုတရ-စံရွှေလှ မုန့်နှင့်ပေါက်စီလုပ်ငန်းပိုင်ရှင် ဦးအောင်ကျော်မင်းသည် ကလေးသူငယ်တို့ကို အလုပ်သမားအဖြစ် ထားရှိခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်သဖြင့် ၁၉၅၁ ခုနှစ် အလုပ်ရုံများအက်ဥပဒေ ပုဒ်မ ၈၅ အရ တရားစွဲဆိုခြင်းဖြစ်ကြောင်း ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားသူကြီးက ပြောသည်။
တရားလိုဖြစ်သည့် ဦးစီးဌာနက သက်သေ ၃ ဦး တင်သွင်းမည်ဖြစ်ပြီး အမှုကို လာမည့် ဇန်နဝါရီ ၂၇ တွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း၊ အလုပ်ရှင်ဘက်က အမှုအပေါ် သက်သေတင်သွင်းမည်မဟုတ်ဘဲ ဝန်ခံမည်ဖြစ်ကြောင်း စွပ်စွဲခံရသူ၏ရှေ့နေက တရားခွင်၌ လျှောက်ထားခဲ့ခြင်းဖြစ်သည်။
အလုပ်ရုံများအက်ဥပဒေ ပုဒ်မ ၈၅ အရ ပြစ်မှုထင်ရှားလျှင် အမြင့်ဆုံးထောင်ဒဏ် ၃ လ သို့မဟုတ် အမြင့်ဆုံးငွေဒဏ် ကျပ် သိန်း ၂၀ ချမှတ်နိုင်သော အမှုဖြစ်သည်။
အလုပ်ရုံတိုက်ခန်းတွဲအတွင်း ၈ နှစ်အရွယ်ကလေးတစ်ဦး အပါအဝင် ကလေးအလုပ်သမားများကို ပိတ်လှောင်ညှဉ်းပန်းနှိပ်စက်နေသည်ဟုဆိုကာ ကလေးများကို ဝင်ရောက်ရှာဖွေခွင့်ပေးရန် ရာချီသော လူအုပ်က ၂၀၂၀ နိုဝင်ဘာ ၂၀ တွင် အလုပ်ရုံအနီး ဆူပူတောင်းဆိုခဲ့သည်။
လူအုပ်က ပေါက်စီထုတ်သည့်အလုပ်ရုံကို ခဲနှင့်ထုပြီး ကားအချို့ကိုလည်း ဖျက်ဆီးခဲ့သည့် ယင်းဆူပူမှုတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၆ ဦးကို ဆေးရုံတင်ခဲ့ရသည်။
အလုပ်ရှင်သည် ဌာနက စွဲဆိုထားသော ပုဒ်မအပြင် ၁၉ နှစ်အရွယ် အလုပ်သမားအမျိုးသားတစ်ဦးကို ပါးရိုက်နှိပ်စက်သည်ဟု ဆိုကာ သာမန်နာကျင်စေမှုပုဒ်မ ၃၂၃၊ ညစ်ညမ်းစွာဆဲဆိုမှု ပုဒ်မ ၂၉၄ တို့နှင့်လည်း ယင်းအလုပ်သမား၏ တရားစွဲဆိုမှု ခံနေရသည်။ ထို့ပြင် လုပ်ငန်းလိုင်စင်မရှိဘဲ အလုပ်ရုံဖွင့်လှစ်မှုနှင့်လည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စည်ပင်ဥပဒေပုဒ်မ ၃၂၃ (ဋ) ဖြင့် တရားစွဲထားသည်။
ကိုကျော်လင်းထွန်းအမည်ရှိ ၁၉ နှစ်အရွယ် အလုပ်သမားတစ်ဦးသည် အလုပ်ရုံမှ ထွက်ပြေးပြီး နှစ်ရက်အကြာတွင် အလုပ်ရုံရှိ ၎င်း၏ မောင်နှမများကို ထုတ်ပေးရန် အလုပ်ရုံရှေ့ သွားရောက်တောင်းဆိုရာ အလုပ်ရှင်က မထုတ်ပေးသဖြင့် အလုပ်ရုံရှေ့တွင် လူစုလူဝေးဖြင့် ဆူပူမှု စတင်ဖြစ်ပွားခဲ့သည်။
ဆူပူမှုကြောင့် ရဲတပ်ဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က အခင်းနေရာသို့ သွားရောက်ဖြေရှင်းခဲ့သော်လည်း အလုပ်ရုံအတွင်း ပိတ်လှောင်ခံနေရသော ကလေးငယ်များ ရှိနေသေးသည်ဟုဆိုကာ လူအုပ်က အတင်းအကျပ် ဝင်ရောက်ရှာဖွေရန် ကြိုးစားခဲ့သည်။
လူအုပ်အတွင်းမှ ကိုယ်စားလှယ်များက အလုပ်ရုံအတွင်းသို့ ကိုယ်တိုင်ဝင်ရောက်ရှာဖွေခဲ့ပြီးနောက် ပိတ်လှောင်ခံနေရသော ကလေးများ မရှိတော့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များကလည်း ၈ နှစ်အရွယ်ကလေးတစ်ဦး အပါအဝင် အလုပ်ရုံရှိ အလုပ်သမား ၁၈ ဦးကို ရဲစခန်း၌ ထိန်းသိမ်းထားကြောင်း ဖြေရှင်းခဲ့သော်လည်း ပြေလည်မှုမရဘဲ သန်းခေါင်ကျော်အချိန်အထိ ဆူပူမှုဆက်လက်ဖြစ်ပွားခဲ့သည်။
အလုပ်ရုံတွင် တရုတ်နိုင်ငံသားအလုပ်ရှင်များက စားသုံးရန် မသင့်လျော်သော ပေါက်စီ ထုတ်လုပ်နေသည်ဟူသော ကောလာဟလကို လူအုပ်အတွင်း ဖြန့်မှုကြောင့်လည်း ဆူပူမှုမှာ ထိန်းသိမ်းရခက်ခဲသော အခြေအနေသို့ ရောက်ခဲ့သည်။ ထိုဆူပူမှုတွင် ပါဝင်သည်ဟု စွပ်စွဲခံရသော လူ ၂၃ ဦးကိုလည်း ရဲတပ်ဖွဲ့က အရေးယူထားသည်။
၎င်းတို့ကို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်၍ အကျိုးပျက်စီးစေမှု၊ ပြည်သူ့ဝန်ထမ်းကို တာဝန်ဝတ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် အပြင်းအထန်နာကျင်စေမှုတို့ ပါဝင်သော ရာဇသတ်ကြီး ပုဒ်မ ၄၄၀၊ ၃၃၃၊ ၃၃၂၊ ၁၄၇၊ ၁၄၉၊ ၁၅၂ တို့နှင့် မြို့နယ်တရားရုံးတွင် တရားစွဲဆိုထားသည်။
အလုပ်ရုံမှ ကလေးအလုပ်သမားများကိုမူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ယူ စောင့်ရှောက်ထားသည်။