
မကွေးတိုင်း၊ ကျောက်ထုမြို့ပေါ်တွင် ယမန်နေ့ (စက်တင်ဘာ ၁၄) နံနက်က ကင်းလှည့်ထွက်လာသည့် စစ်သားတစ်ဦးနှင့် ရဲတစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်က လမ်းပေါ်တွင် စစ်ဆေး ဖမ်းဆီးနေသည်ဟု ဒေသခံများထံမှ သိရသည်။
နံနက် ၇ နာရီခွဲခန့်က ဆိုင်ကယ်တစ်စီးဖြင့် ကင်းလှည့်ထွက်လာသည့် ထိုနှစ်ဦးကို ကျောက်ထုရဲစခန်းနှင့် ဂုံဘိုရပ်ကွက်အကြား တိုက်ခိုက်ခဲ့ကြောင်း၊ ရဲစခန်းနှင့် နီးကပ်သည့်အတွက် လက်နက်ကောက်ယူနိုင်ခြင်း မရှိဘဲ ဆုတ်ခွာခဲ့ကြောင်း ကျောက်ထု-PDF (YRPA) အဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ရန်ကင်းက ပြောသည်။
“ပစ်ခတ်မှုပြီးတော့ သူတို့ မြို့ထဲမှာ ရမ်းပြီးပစ်တာတွေရှိတယ်၊ ပြီးတော့ စစ်ကြောင်းတစ်ကြောင်း မြို့ထဲကို ပြန်ရောက်လာတယ်။ ပစ်ခတ်မှုဖြစ်တဲ့ရပ်ကွက်ထဲကို ရောက်နေကြတယ်” ဟု သူက ဆိုသည်။
မြို့ထဲပြန်ရောက်လာသည့် စစ်သားများမှာ အင်အား ၈၀ ကျော်ခန့်ရှိပြီး ပြီးခဲ့သည့် ရက်အနည်းငယ်က ကျောက်ထုနှင့် မင်းတပ်မြို့ကြားတွင် ဒေသခံကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်ခဲ့သည့်စစ်ကြောင်းဖြစ်သည်ဟု သိရသည်။
နံနက်က ပစ်ခတ်မှုများပြီးသည့်နောက် ကျောက်ထုမြို့ပေါ်တွင် သေနတ်သံများ အဆက်မပြတ်ကြားနေရပြီး ဈေးဆိုင်များပိတ်ကာ လမ်းသွား၊ လမ်းလာ ကင်းမဲ့နေသည်ဟု ကျောက်ထုဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
မြို့တွင်း ပြန်လည်ဝင်ရောက်လာသည့် စစ်ကြောင်းက ယနေ့ မွန်းလွဲအထိ မြို့ပေါ်တွင် စစ်ဆေးမှုများပြုလုပ်နေပြီး ဒေသခံအချို့ ဖမ်းဆီးခံထားရသည်ဟု ကျောက်ထုဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ဘာမှန်းမသိလို့ အပြင်ထွက်ကြည့်တဲ့ တစ်ယောက်ကို ဆွဲသွားတယ် ပြောတယ်၊ အတိအကျတော့ မသိရသေးဘူး ပြန်မေးကြည့်မှ ရမယ်” အထက်ပါ ဒေသခံ အမျိုးသားက ဆက်ပြောသည်။
စက်တင်ဘာ ၉ ရက်က မင်းတပ်နှင့် ကျောက်ထုမြို့ကြား စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို CDF-မင်းတပ်နှင့် ကျောက်ထု-PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်မှ ၃ ဦးထက်မနည်း သေဆုံးခဲ့သည်။
လတ်တလောတွင် ကျောက်ထုမြို့နယ်နိမိတ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် လှုပ်ရှားနေပြီး အင်အား ၉၀ ခန့်ရှိသည့် စစ်ကောင်စီစစ်ကြောင်းမှာ ကျောက်ထုနှင့် ပေါက်မြို့နယ်အစပ် ပုံတောင်ဒေသဘက်တွင် ရောက်ရှိနေသည်ဟု သိရသည်။
“ကျောက်ထုမှာတော့ စစ်ကြောင်းကတော့ နားတယ်လို့ကို မရှိဘူးလို့ ပြောရမှာပဲ ဒီနေ့မှကို မြို့ထဲပြန်ဝင်တာ၊ နောက်ထပ်တစ်ကြောင်းကလည်း ပုံတောင်က ကျောက်တံခါးကျေးရွာကို ရောက်နေတယ်” ဟု ဗိုလ်ရန်ကင်းက ပြောသည်။
မကွေးတိုင်းနှင့် ချင်းပြည်နယ် နယ်စပ်မျဉ်းအနီးတွင်ရှိသည့် ကျောက်ထုမြို့တွင် လေယာဉ်ကွင်း၊ အမြောက်တပ်တို့ အခြေစိုက်ထားရာ သယ်ယူပို့ဆောင်ရေးနှင့် စစ်ရေးအရ ဗျူဟာကျသည့် မြို့တစ်မြို့ဖြစ်သည်။
ချင်းပြည်နယ်သို့ ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်ရာတွင် ကျောက်ထုမြို့ကို တစ်ထောက်နားရာအဖြစ် စစ်ကောင်စီတပ်က အသုံးပြုလေ့ရှိပြီး ကျောက်ထု-PDF နှင့် ဒေသခံ တော်လှန်ရေးအဖွဲ့များက ကျောက်ထုမြို့နယ်အတွင်း မကြာခဏ ကြားဖြတ်တိုက်ခိုက်လေ့ရှိသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)