မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့တွင် ဘုန်းကြီးကျောင်းကို ယနေ့ (မေ ၉) ရက် နံနက်ပိုင်းတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၀ ထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ဆောမြို့မြောက်ဘက် မိုင် ၃၀ ခန့်အကွာ မင်းတပ်-ပခုက္ကူကားလမ်းပေါ် အကြည်ပန်းပလွန်းရွာ ဘုန်းကြီးကျောင်းကို ယနေ့ နံနက် ၁၁ နာရီ ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လောလောဆယ်တော့ သေဆုံးကတော့ အတည်ပြုဖို့ ကြိုးစားဆဲပေါ့။ ၁၀ ဦးနဲ့အထက်တော့ သေဆုံးတဲ့ စာရင်းတော့ဖြစ်နေတယ်။ ထိခိုက်ဒဏ်ရာက ၃၀ ပတ်ချာလည်ဖြစ်နေတယ်” ဟု ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာကြည်စိုးထွန်းက အခင်းဖြစ်ပြီး နာရီပိုင်းအကြာတွင် အတည်ပြုသည်။
နောက်ဆက်တွဲသတင်းများအရ သေဆုံးသူသည် ၂၀ အထိ တိုးလာသည်ဟု သိရသည်။
ယနေ့ ညနေပိုင်းတွင်လည်း လေယာဉ်ဝဲနေသဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ခက်ခဲနေဆဲဖြစ်သည်ဟု သူက ဆိုသည်။
ပျောက်ဆုံးနေသူများနှင့် တိုက်ဆိုင်စစ်ဆေးနေဆဲဖြစ်သည့်အတွက် သေဆုံးသူအရေအတွက်နှင့် ကျား၊ မ အသက်အရွယ် အသေးစိတ်အခြေအနေများကို မသိရသေးကြောင်း ဒေါက်တာကြည်စိုးထွန်းက ပြောသည်။
ကျောင်းထိုင်ဆရာတော် အပါအဝင် ထိခိုက်ဒဏ်ရာရသူများကို နီးစပ်ရာ ဆေးရုံဆေးခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“ကျောင်းထိုင်ဆရာတော်တော့ ထိခိုက်ဒဏ်ရာရသွားတယ်။ … ဒဏ်ရာရတာလည်း တကွဲတပြားနဲ့ အဆင်ပြေတဲ့နေရာတွေပို့ပြီးတော့ ကုသရတယ်ဆိုတော့ အနှစ်မချုပ်နိုင်သေးဘူးဖြစ်နေတယ်။ အမျိုးသား၊ အမျိုးသမီးကတော့ အစုံပဲ ထိခိုက်တာဖြစ်တယ်” ဟု ဒေါက်တာကြည်စိုးထွန်းက ပြောသည်။
မြေပြင်ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရပ်ရွာကိစ္စ ပြည်သူများ အစည်းအဝေးပြုလုပ်နေစဉ် ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“ဂျက်ဖိုက်တာနဲ့ နှစ်ခေါက်လောက်ပတ်ပြီးမှ ပစ်သွားတယ်လို့ သိရတယ်။ ပွိုင့်အတိအကျနဲ့ ပစ်တာဆိုတော့ အကြိမ်အရေအတွက်တော့ မသိရဘူး။ ဘုန်းကြီးကျောင်းမှာပဲ တည့်တည့်ပစ်သွားတဲ့ပုံစံမျိုး ဖြစ်သွားတော့ ကျောင်းဆောင်ထဲမှာပဲ လူစုလူဝေးနဲ့ ရှိနေတုန်း အချိန်မျိုးဖြစ်တော့ ထိခိုက်ဒဏ်ရာရတာ များသွားတဲ့ပုံစံမျိုးဖြစ်မှာပါ” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
လေကြောင်းတိုက်ခိုက်မှုမပြုလုပ်မီ နံနက်ပိုင်းကပင် ထိုနယ်မြေအနီးတွင် ဖုန်းလိုင်းဖြတ်တောက်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ယောဒေသနှင့် ကပ်လျက် ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် ပြည်သူများ လေကြောင်းအန္တရာယ်နှင့်ပတ်သက်ပြီး သတိထားရန် ဒေါက်တာကြည်စိုးထွန်းက အကြံပြုသည်။
ချင်းပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသည့် ယောဒေသသည် အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ခုခံမှု အားကောင်းရာဒေသဖြစ်ပြီး တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှု အားကောင်းရာနယ်မြေလည်းဖြစ်သည်။
နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်နေရသည့် စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာပြီး အရပ်သားနေထိုင်ရာကျေးရွာများ၊ စာသင်ကျောင်း၊ ဆေးရုံများသာမက ဘာသာရေးအဆောက်အအုံများကိုပါ တိုက်ခိုက်မှုများ ပြုလုပ်လာသည်။
ဧပြီလကုန်ပိုင်းကလည်း ဆောမြို့နယ်နှင့် နယ်နိမိတ်ထိစပ်နေသည့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဝမ္မသူးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရပြီး လူနာ ၄ ဦးနှင့် လူနာစောင့် ၁ ဦး သေဆုံးကာ ဆေးရုံတစ်ခုလုံးလည်း ပျက်စီးခဲ့ရသည်။
စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုများကို စာရင်းကောက်ယူနေသည့် ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ယခုနှစ်ဆန်းပိုင်းတွင် ထုတ်ပြန်ခဲ့သည့်အစီရင်ခံစာအရ အာဏာသိမ်းပြီးနောက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၉၃၆ ဦးသေဆုံးပြီး ၈၇၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေသည့် လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်နိုင်ရန်အတွက် စစ်ကောင်စီကို လေယာဉ်ဆီတင်သွင်းမှုပိတ်ပင်ရန် အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဧပြီလဆန်းပိုင်းက ဆုံးဖြတ်ခဲ့သည်။