ဆောင်းပါးလေ့လာသုံးသပ်ချက်

ပူတင်ရှိခိုး ပြည်ပအားကိုး ပုဆိန်ရိုးခဲ့သော မင်းအောင်လှိုင်၏ ရုရှားခရီး 

မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိရွာ ရပ်တည်နိုင်ခဲ့သော နိုင်ငံဖြစ်သည်။ ဗြိတိသျှနယ်ချဲ့နှင့် ဖက်ဆစ်ဂျပန်တို့၏ သူ့ကျွန်ဘဝမှ လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုဖြစ်ရန် ဗိုလ်ချုပ် အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ စုစည်းညီညွတ်စွာ ကြိုးပမ်းခဲ့ကြရသည်။​

လွတ်လပ်သော နိုင်ငံဖြစ်လာချိန် နိုင်ငံတကာဆက်ဆံရေးတွင် နိုင်ငံ၏ဥပဓိရုပ်နှင့် ဂုဏ်သိက္ခာမြင့်မားရေးကို တိုင်းပြုပြည်ပြု ခေါင်းဆောင်ကြီးများ လွန်စွာအလေးထားခဲ့သည်။ အင်အားကြီးနိုင်ငံဖြစ်၍ မျက်နှာချိုသွေး အောက်ကျို့ဆက်ခံခဲ့ခြင်း အလျှင်းမရှိပေ။​

အိမ်နီးချင်းဖြစ်သော အိန္ဒိယဝန်ကြီးနေရူး၊ တရုတ်ဝန်ကြီးချုပ်ချူအင်လိုင်းတို့ ကဲ့သို့သော ခေါင်းဆောင်ကြီးများ ကပင် တလေးတစား ဆက်ဆံခြင်းခံခဲ့ရသော နိုင်ငံဖြစ်သည်။ နိုင်ငံငယ်များဖြင့် စုဖွဲ့ထားသော ဘက်မလိုက်အ သင်းကြီး စတင်တည်ထောင်ရန် ဦးဆောင်ကြိုးပမ်းခဲ့သည့်နိုင်ငံများတွင် မြန်မာပါဝင်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ခေတ်အဆက်ဆက်တွင် အင်အားကြီးငယ်မရွေး ဘက်မလိုက်သော ကြားနေဆက်ဆံရေးမူ ဖြင့်သာ သိက္ခာရှိရှိ ရပ်တည်ခဲ့သည်။ တက်ကြွ၍ ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို။ ကျင့်သုံးခဲ့သည်။ 

စစ်အာဏာရှင်ဟောင်းများဖြစ်သော ဦးနေဝင်းနှင့် ဦးသန်းရွှေတို့သည်ပင်လျှင် အင်အားကြီးနိုင်ငံ ခေါင်းဆောင် တစ်ဦးဦး၏ အရေးပေးထောက်ခံမှု ရရှိရေးမျှော်ကိုးကာ လူပုံအလယ် အလွန်အကျွံချီးမွမ်းခမ်းဖွင့်ခြင်း၊ မျက်နှာ လိုမျက်နှာရလုပ်ကာ အခြားနိုင်ငံများကို အပုပ်ချခြင်းမျိုး မလုပ်ခဲ့ကြပေ။ အမှန်စင်စစ် ထိုအပြုအမူမျိုးသည် အလွန်အောက်တန်းကျ ကျင့်ဝတ်သိက္ခာမဲ့ကာ သာမန်လူတစ်ဦးပင်လျှင် မပြုမူသင့်ပေ။

သို့သော် တိုင်းပြည်အာဏာကို အတင်းအဓမ္မလုယူထားပြီး သမ္မတလုပ်ချင်လွန်း၍ ဂနာမငြိမ်ဖြစ်နေသော မင်း အောင်လှိုင်သည် မြန်မာ့သမိုင်းတွင် အလွန်သိမ်ဖျင်းသော အပြုအမူကို မရှက်မကြောက်ပြုမူခဲ့သည်။ ရုရှားခရီး စဉ်အတွင်း လူပုံအလယ် ထိုသို့ပြုမူသည်ကို မြန်မာပြည်သူများသာမက ကမ္ဘာကပါ တွေ့မြင်ခဲ့ရသည်။

အပယ်ခံ မင်းအောင်လှိုင်ကို စင်တင်ခဲ့သော ပူတင်၏စီးပွားရေးဖိုရမ် 

မင်းအောင်လှိုင်အနေဖြင့် ရုရှားသမ္မတပူတင်နှင့် တွေ့ဆုံခွင့်ရသည့်အပြင် အရှေ့ဖျားစီးပွားရေးဖိုရမ်ကိုပါ တက် ရောက်ခွင့်ရသည့် ရုရှားခရီးစဉ်မှာ အာဏာသိမ်းပြီးနောက် တတိယအကြိမ်မြောက်ခရီးစဉ်ဖြစ်သည်။​ မိတ်ဆွေ နိုင်ငံများ၏ ထောက်ခံမှုလိုအပ်နေသော ပူတင်သည် အပယ်ခံမင်းအောင်လှိုင်ကို ဖိုရမ်တွင် စင်တင်ပေးခဲ့သည်။​

အရှေ့ဖျားစီးပွားရေး ဖိုရမ်ဆိုသည်မှာ  ရုရှားနိုင်ငံ၏အရှေ့ဖျားဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် အာ တိတ်ဒေသ သယံဇာတရှာဖွေတူးဖော် ထုတ်လုပ်ရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန် ပူတင် စီစဉ်သောပွဲဖြစ်သည်။ ရုရှားနိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်းရှိ ဗလာဒီဘော့စတော့ခ်မြို့တွင် နှစ်စဉ်ကျင်းပလာ သည်မှာ ၇ ကြိမ်ရှိပြီဖြစ်သည်။​

ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ခြင်းကြောင့် ကမ္ဘာတဝန်း၏ ဝိုင်းဝန်းဒဏ်ခတ်ပိတ်ဆို့မှုများကို ရင်ဆိုင်နေ ရပြီး အပယ်ခံဖြစ်နေသည့် ရုရှားသမ္မတပူတင်အနေဖြင့် မိတ်ဆွေမရှားကြောင်း သက်သေပြရန် ထိုစီးပွားရေး ဖိုရမ်မှတဆင့် ကြိုးပမ်းခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ 

ထိုဖိုရိမ်တက်ရောက်ခဲ့သော နိုင်ငံတကာ အဆင့်မြင့်ကိုယ်စားလှယ်အဖြစ် တရုတ်ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီဥက္ကဋ္ဌ၊ မွန်ဂိုလီးယားဝန်ကြီးချုပ်နှင့် အာမေးနီးယားဝန်ကြီးချုပ်တို့ သုံးဦးသာ လူကိုယ်တိုင်တက်ရောက် ခဲ့သည်။ ရုရှားနှင့်ဆက်ဆံရေး မကင်းသော အိန္ဒိယ၊ ဗီယက်နမ်နှင့် မလေးတို့က ကြိုတင်ရိုက်ကူးထားသော ဗီဒီယို မိန့်ခွန်းများသာ ပေးပို့ခဲ့ကြသည်။​

စစ်ကောင်စီ၏ ဝါဒဖြန့် မြန်မာ့အလင်း သတင်းစာကမူ နိုင်ငံပေါင်း ၉၀ ကျော်မှ ကိုယ်စားလှယ်များတက်ရောက် သည်ဟု ကြွားလုံးထုတ်သည်။ လေးရက်ကြာ ဖိုရမ်တွင် ရုရှားနိုင်ငံ အစိုးရဌာနအသီးသီးမှ အလယ်အလတ်အ ဆင့်ရှိ အရာရှိများ၊ စီးပွားရေးလုပ်ငန်းများမှ ဒါရိုက်တာများ၊ မီဒီယာများနှင့် ရုရှားတက္ကသိုလ်များမှ ပုဂ္ဂိုလ်များ သာ လွှမ်းမိုးထားခဲ့သည်။

မင်းအောင်လှိုင်၏ ဖော်လံဖား ပူတင်ချီးမွမ်းခန်းကို မြန်မာ့အလင်း ဆင်ဆာဖြတ်တောက် 

ရုရှားသမ္မတပူတင်သည် စီးပွားရေးဖိုရမ် တက်ရောက်လာသော အခြားဧည့်သည်များနည်းတူ မင်းအောင်လှိုင်ကို လည်း စက်တင်ဘာ ၇ ရက်တွင် လက်ခံတွေ့ဆုံသည်။

အာဏာသိမ်းမှုကြောင့် အဖက်လုပ်သူမရှိဖြစ်နေချိန် ပူတင်နှင့်တွေ့ခွင့်ရသဖြင့် မင်းအောင်လှိုင်မှာ အိန္ဒြေမဆည် နိုင်ဖြစ်နေသည်။ ရုရှားသည် ကမ္ဘာ့နံပါတ် ၁ နိုင်ငံဖြစ်ကြောင်း၊ ပူတင်သည် ရုရှားနိုင်ငံ၏ ခေါင်းဆောင်မျှသာမက ကမ္ဘာကြီးတည်ငြိမ်အေးချမ်းရေး ဦးဆောင်နေသည့် ကမ္ဘာ့ခေါင်းဆောင်အကြီး အလွန်အမင်း မြှောက်ပင့်ပြောဆို တော့သည်။ 

ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲသဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေး ထိခိုက်ပျက်ပြားနေသည့် ပကတိအခြေအ နေနှင့် ဆန့်ကျင်ကာ လွန်လွန်ကျူးကျူး ဖော်လံဖားလိုက်ခြင်းဖြစ်သည်။​ မင်းအောင်လှိုင်၏ မြှောက်ပင့်ပြောဆိုမှု ကို ပူတင်ကလည်း ကျေနပ်အားရဟန်ရှိသည်။ ရုရှားသမ္မတရုံး၏ ထုတ်ပြန်ချက်တွင်လည်း မင်းအောင်လှိုင်ပြော ဆိုသည့်အတိုင်း ဖော်ပြထားသည်။​

ရုရှားသမ္မတရုံး ထုတ်ပြန်ချက်အဆုံးတွင် သမ္မတပူတင် ခွင့်ပြုမည်ဆိုပါက သူ့အနေဖြင့် ပြောချင်ပါသေးသည်ဟု အစချီကာ မင်းအောင်လှိုင်က ပူတင်ကို ခွင့်တောင်း၍ ယူကရိန်းအရေး ဆက်ပြောသည်။ သို့သော် ပြောဆိုချက် အပြည့်အစုံကိုမူ ဖော်ပြမထားပေ။ လူမှုကွန်ရက်တွင် တွေ့ရှိရသော ဗီဒီယိုမှတ်တမ်းတစ်ခုတွင် မင်းအောင်လှိုင် ပြောနေသည့် အသံတဝက်တပြတ်သာ ကြားရပြီးဖြတ်တောက်ထားသည်။ 

ပူတင်၏ ယူကရိန်းကျူးကျော်စစ်ကို ထောက်ခံကြောင်း မင်းအောင်လှိုင် ထုတ်ပြောသည်မှာ သေချာသည်။

စက်တင်ဘာ ၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင်မူ ပူတင်နှင့်တွေ့ဆုံမှုအကြောင်း ဖော်ပြရာ၌ မင်းအောင်လှိုင်က သမ္မတပူတင်ကို ဖော်လံဖားကာ အလွန်အကျူး အမွှမ်းတင်ပြောဆိုထားသည်ကို မဖော်ပြဘဲ ဆင်ဆာဖြတ်တောက်ထားသည်ကို တွေ့ရသည်။ 

ခရီးစဉ်တွင် အတူလိုက်ပါသွားခဲ့သော စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဇော်မင်းထွန်း ကိုယ်တိုင် ၎င်း၏အကြီးအကဲက အလွန်အကျွံ ဖော်လံပြောဆိုသည်ကို စစ်တပ်အတွင်း ပြန်လည်အသိမပေးရဲ သဖြင့် ဖုံးကွယ်ခဲ့ဟန်တူသည်။

စစ်ဗိုလ်ချုပ်များသည် ၎င်းတို့လောက် မျိုးချစ်စိတ်ဓာတ် ပြင်းထန်သူ မရှိလေဟန် ပြူမူပြောဆိုလေ့ရှိသည်။ ဒီမို ကရေစီလိုလားသူများကို “ပြည်ပအားကို ပုဆိန်ရိုး” ဟု စွပ်စွဲအပုပ်ချလေ့ရှိသော စစ်ဗိုလ်စစ်သားများအနေဖြင့် ၎င်းတို့အကြီးအကဲကိုယ်တိုင် ပုဆိန်ရိုးဖြစ်နေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ရပြီဖြစ်သည်။​

ပူတင်ကိုမျက်နှာလုပ်ရင်း အမေရိကန်ကို ရဲရဲကြီးအပုပ်ချခဲ့သူ 

စီးပွားရေးဖိုရမ်တွင် ပူတင်နှင့် ဘေးချင်းယှဉ်ထိုင်ခွင့် ရရှိခဲ့သူ မင်းအောင်လှိုင်က ပူတင်မိန့်ခွန်းပြောအပြီး စားနပ် ရိက္ခာဖူလုံခေါင်းရေး အစချီကာ ရှည်လျားထွေပြားစွာ ပြောဆိုရာတွင် “ဒေါ်လာအနိုင်ကျင့်မှု” ဟု ရည်ညွှန်းလျက် အမေရိကန်ကို စောင်းမြောင်းအပုပ်ချခဲ့သည်။   

“စားနပ်ရိက္ခာလုံခြုံရေးမှာ အဓိကကျတဲ့ စိုက်ပျိုးရေးမှာ လိုအပ်တဲ့လောင်စာဆီ၊ ဓာတ်မြေဩဇာ အပါအဝင် အထောက်အကူပြု ပစ္စည်းများရောင်းဝယ်ရာမှာ အချို့သော နိုင်ငံကြီးများဟာ ဘဏ္ဍာလုံခြုံမှုနှင့် ယှဉ်တွဲပြီး ဖြစ်ပေါ်လာတဲ့ ဒေါ်လာကို လက်နက်သဖွယ် အသုံးချလျက်ရှိတဲ့အတွက် နိုင်ငံတွေငယ်တွေဟာ နိုင်ငံကြီးများရဲ့ ဒေါ်လာအနိုင်ကျင့်မှု ခံနေရပြီး၊ နိုင်ငံရေးစီးပွားရေးကိစ္စရပ်တွေမှာ နိုင်ငံကြီးတွေကို လွန်ဆန်နိုင်ခြင်း မရှိတာကို လည်းတွေ့ရှိရပါတယ်” ဟု မင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့သည်။​

လက်တွေ့၌မူ မြန်မာပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များထံမှ အမေရိကန် ဒေါ်လာများကို အမိန့်အာဏာသုံး ခြိမ်းခြောက်အနိုင်ကျင့်ကာ နှိမ်ဈေးဖြင့် လုယက်ယူငင်နေသည်မှာ မင်းအောင် လှိုင်နှင့် အပေါင်းအပါ စစ်ဗိုလ်ချုပ်များဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့ကုန်သွယ်ရေးမှာ ရူဘယ်၊ ယွမ်နဲ့ ရူပီးငွေကြေးများကို ဒေါ်လာအစားထိုး အသုံးပြု သွားလို့ရနိုင်ပါတယ်။ ဒါ့အပြင် ကုန်စည်ဖလှယ်မှုစနစ်ကိုလည်း ဒေါ်လာအစားထိုး ဆောင်ရွက်သွားနိုင်ပါတယ်။ ဒီလိုအစားထိုး ဆောင်ရွက်သွားလို့ရှိရင် နိုင်ငံငယ်များအနေနဲ့ ဒေါ်လာအနိုင်ကျင့်ခံရမှုကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်” ဟုလည်း မင်းအောင်လှိုင်က ရုရှားနှင့်တရုတ်တို့ အလိုကျ သံယောင်လိုက်ပြောဆိုခဲ့သည်။​

ပြည်တွင်း၌ ဒေါ်လာကို အသာငမ်းငမ်း အလုအယက် သိမ်းဆည်းနေသော မင်းအောင်လှိုင်သည် တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့နှင့် နယ်စပ်ကုန်သွယ်ရေးတွင် ယွမ်၊ ရူပီးနှင့် ထိုင်းဘတ်ငွေတို့ဖြင့် တိုက်ရိုက်ပေးချေကာ ကုန်သွယ်မှု ပြုစေခဲ့သည်။ သို့သော် အလုပ်မဖြစ်သဖြင့် ဒေါ်လာနှင့်သာ ကုန်သွယ်ရမည်ဟု စည်းကမ်းထုတ်ပြန်သည်။ 

ထိုကဲ့သို့ ပြည်တွင်း၌ တစ်မျိုးလုပ်ကာ နိုင်ငံတကာတွင် တစ်မျိုးပြောနေသော မင်းအောင်လှိုင်၏ အပြုအမူကို မြန်မာနိုင်ငံရှိ နိုင်ငံခြားသံတမန် အသိုင်းအဝိုင်းက မသိရှိဘဲနေမည် မဟုတ်ပါ။ အထူးသဖြင့် မြန်မာစကားကောင်း ကောင်းပြောတတ်သော မင်းအောင်လှိုင်နှင့် ပူတင်တွေ့စဉ် ဘာသာပြန်လုပ်ပေးခဲ့သည့် ရုရှားသံအမတ်ကြီး သိရှိ နေပါလိမ့်မည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုအောက်တွင် စီးပွားရေး တည်ငြိမ်တိုးတက်ခဲ့သော မြန်မာနိုင်ငံအခြေအနေ သည် အာဏာသိမ်းပြီး တစ်နှစ်ခွဲအတွင်း မင်းအောင်လှိုင်နှင့် စစ်တပ်က ရစရာမရှိအောင် ဖျက်ဆီးခဲ့ပုံကို ရုရှား သံအမတ်ကြီး အသိဆုံးဖြစ်ပေလိမ့်မည်။

အာဏာသိမ်းစစ်တပ်က တိုင်းပြည်မတည်ငြိမ်အောင် ဖန်းတီးသည့်အပြင် စီးပွားရေးကို စိတ်ထင်တိုင်း အမိန့် အမျိုးမျိုးထုတ်ပြန်ကာ လွဲလွဲမှားမှားစီမံနေခြင်း၊ အာဏာသိမ်းမှု ဆန့်ကျင်သည့် ပြည်သူတစ်ရပ်လုံးကို ရန်သူ အဖြစ်သတ်မှတ်ကာ ဖမ်းဆီးနှိပ်စက်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးများကြောင့် ပြည်သူသန်းနှင့်ချီ အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေရကာ ပြည်တွင်းစစ်မီး တောက်လောင်နေသည်။​

အာဏာသိမ်းမှုကြောင့် တိုင်းပြည်စီးပွားပျက်ကပ်ဆိုက်ကာ ကျပ်ငွေတန်ဖိုးကျဆင်းနေသော်လည်း ပူတင်နှင့် အခြားခေါင်းဆောင်များ ရှေ့မှောက်တွင် အမေရိကန်ကပင် ဒေါ်လာဈေးကစားနေသယောင် အနိုင်ကျင့်နေသ ယောင် လိမ်ညာပြောဆိုရဲသော မင်းအောင်လှိုင်၏ ဉာဏ်ရည်နှင့် ကိုယ်ကျင့်တရားကို အထင်အရှား တွေ့မြင် ရသည်။​

ယနေ့အချိန်ထို မြန်မာပြည်သူများ၏ ဆန္ဒနှင့်ဆန့်ကျင်ပြီး မင်းအောင်လှိုင်ကို ထိတွေ့ဆက်ဆံခဲ့သော နိုင်ငံများ တွင် တရုတ်၊ ရုရှား၊ အိန္ဒိယနှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံတို့ဖြစ်သည်။

သမ္မတပူတင် သိသင့်သည်မှာ မင်းအောင်လှိုင်က ရုရှားလုပ် တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ ဒုံးကျည်များ အသုံးပြုလျက် နိုင်ငံအနှံ့ လက်နက်မဲ့ပြည်သူများကို နေ့စဉ်သတ်ဖြတ်နေသည့်အချက်ဖြစ်သည်။ မင်းအောင်လှိုင် ကို လူသတ်လက်နက်များ ရောင်းနေသည့် ရုရှားကို မြန်မာပြည်သူများ မေ့လျော့သွားလိမ့်မည် မဟုတ်ပေ။​

ထို့အတူ မြန်မာပြည်သူများသည် စစ်မိစ္ဆာမင်းအောင်လှိုင်ကို အားပေးအားမြှောက်ပြုနေသည့် မည်သည့်နိုင်ငံကို မဆို မေ့လျော့သွားမည် မဟုတ်ပေ။​

Show More

Related Articles

Back to top button