အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မောင်တောမြောက်ပိုင်းတွင် ညအချိန် လေယာဉ်ဖြင့် နှစ်ရက်ဆက် ဗုံးကြဲ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ စစ်ရေးဗျူဟာကျသော အထိုင်စခန်းနှစ်ခု ဆုံးရှုံးပြီးနောက် စစ်ကောင်စီတပ်လေယာဉ်များက နှစ်ရက်ဆက် လာရောက်ပြီး ဗုံးကြဲခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ယနေ့ (စက်တင်ဘာ ၁၂) နံနက်၂ နာရီဝန်းကျင်တွင် မောင်တောမြို့မှ ၁၆ မိုင်ခန့်အကွာ ဖားဝပ်ချောင်းနှင့် ငန်းချောင်းကျေးရွာအကြား ကားလမ်းမအနီး ဗုံး ၃ လုံး ကျရောက်ပေါက်ကွဲသည်ဟု ဆိုသည်။ 

“ရွာမြောက်ဘက်မှာ လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်။ ၁ နာရီ ၄၅ မိနစ်ကနေ ၂ နာရီအထိ ကြဲချခဲ့တာ။ တစ်ရွာလုံး အိပ်ဖို့မရဘူး ကြဲချတာ။ အသံကျယ်ကြီးကြားရတာ၊ အရမ်းကြောက်ဖို့ကောင်းပါတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံ ရွာလူကြီးတစ်ဦးက ပြောသည်။ 

အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး (နယ်ခြားစောင့်ကျီးကန်းပြင်ဌာနချုပ်) နှင့် ၅ မိုင်ခန့်အကွာ ဖားဝပ်ချောင်း(ရခိုင်) ရွာနှင့် ငန်းချောင်း (ရိုဟင်ဂျာ) ကျေးရွာ တို့သည် မောင်တောမြောက်ပိုင်းသို့ သွားသည့် ကားလမ်းမပေါ်ရှိ ကျေးရွာများဖြစ်ပြီး တစ်ရွာနှင့် တစ်ရွာ တစ်မိုင်ခန့်သာ ဝေးသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တိုက်ပွဲများ ရပ်တန့်နေချိန်တွင် ထိုကျေးရွာနှစ်ရွာကြားကို ဗုံးကြဲချခဲ့ခြင်းဖြစ်ပြီး ကျေးရွာအတွင်း ဗုံးကျရောက်မည်ကို စိုးရိမ်ခဲ့ကြရသည်ဟု ငန်းချောင်းကျေးရွာမှ ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

“ည ၂ နာရီလောက်မှာ ဗုံးကြဲချခဲ့တာ။ တစ်ခါချရင် နှစ်လုံး၊ သုံးလုံးလောက် တစ်ပြိုင်တည်းချတယ်။ သွားတစ်ခါ အပြန်တစ်ခါ ချပစ်ခဲ့တာ။ ရွာနဲ့ နီးနီးလေးကြားရတာ။ မြေကြီးတောင် လှုပ်ခါသွားတယ်။ အနီးက ပုစွန်တာ (ကန်) တွေမှာလည်း ကျတယ်။ ဗုံးကျတဲ့နေရာမှာ မြေကြီး တွင်းခံသွားတယ်” ဟု ငန်းချောင်းကျေးရွာမှ အမည်မဖော်လိုသည့် ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ဗုံးကျရောက်ပေါက်ကွဲခဲ့သည့် နေရာ ၃ ခုကို မြင်တွေ့ခဲ့ရပြီး ထိုနေရာတွင် ဗုံးအခွံများကို မတွေ့ရတော့ကြောင်း သူက ပြောသည်။ 

“ဗုံးကျကွဲတဲ့နေရာ ၃ ခု တွေ့ရတယ်။ အရင်တုန်းက စစ်သားတွေ တိုက်ခိုက်ခံခဲ့ရတဲ့ ကားလမ်းအရှေ့ဘက် တောင်ကုန်းမှာ တစ်လုံးကျတယ်။ ပြီးတော့ အဲဒီကားလမ်းအနောက်ဘက် လယ်ကွင်းမှာ တစ်လုံးကျတယ်။ နောက်တစ်လုံးက ကျွန်တော်တို့ ငန်းချောင်းရွာအဝင် ကျားခေါင်းတောင်ရွာဘက်ကို သွားတဲ့ လမ်းခွဆုံနားမှာ တစ်လုံးကျတယ်” ဟု ထိုငန်းချောင်းကျေးရွာ ဒေသခံက ဆက်ပြောသည်။

အဆိုပါရွာနှစ်ရွာကြားတွင် ယခုနှစ် ဖေဖော်ဝါရီ ၇ က စစ်ကောင်စီတပ်စီးနင်းလိုက်ပါလာသည့် တေဖာကားတစ်စီးကို ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

ဗုံး ၃ လုံး ပေါက်ကွဲခဲ့သည့်အပြင် ကားလမ်းအရှေ့ဘက် နေရာများတွင်လည်း ကျရောက် ပေါက်ကွဲထားသည်များ တွေ့ရပြီး ကားလမ်းဘေးဓာတ်တိုင်များတွင်လည်း ကျည်ဆန်ထိမှန်ထားသည့်အရာများကို တွေ့မြင်ရကြောင်း ဆိုသည်။

ယမန်နေ့ စက်တင်ဘာ ၁၁ နံနက် ၄ နာရီခန့်ကလည်း စစ်တပ်စခန်းကျသွားသည့်နေရာနှင့် အနီးဝန်းကျင် ၃ နေရာကို လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်နှင့် AA တို့ကြား တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီသည် တစ်နိုင်ငံလုံးအနှံ့ စစ်မျက်နှာဖွင့်ကာ လေကြောင်းမှပါ အပြင်းအထန် တိုက်ခိုက်နေသည်။ 

အထူးသဖြင့် ညအချိန်များတွင်ပါ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်။ ရခိုင်ပြည်နယ် တိုက်ပွဲများတွင် ​​ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ကျူးကျော်ပျံသန်းခြင်း၊ လက်နက်ကြီးကျည်များ ကျရောက်ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်က စစ်ကောင်စီကို ကန့်ကွက်ထားသည်။ 

ကရင်ပြည်နယ်ဘက် တိုက်ပွဲတွင်လည်း ထိုင်းနိုင်ငံအတွင်း အလားတူ ပြုမူခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles