သတင်း

မုံရွာတွင် အကျဉ်းဦးစီး အရာရှိကို PDF ဖမ်းဆီး

စစ်ကောင်စီ၏ အကျဉ်းဦးစီးဌာန၊ ဗိုလ်အဆင့်အရာရှိတစ်ဦးကို စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်း Fight For People  ဒေသကာကွယ်ရေးအဖွဲ့က စက်တင်ဘာ ၉ ရက်တွင် ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူမှာ အင်ဂျင်နီယာ ဒုတိယကြီးကြပ်ရေးမှူး အသက် ၅၃ နှစ်အရွယ် နှစ်ပွင့်ဗိုလ် ဦးမျိုးညွန့်အောင် (ကိုယ်ပိုင်နံပါတ် က-၃၃၈၆) ဖြစ်ကြောင်း Fight For People အဖွဲ့ တာဝန်ခံ ဗိုလ်သူရိန်က ပြောသည်။

သာစည်ရွာအနောက်တောင်ဘက်တွင် အသစ်ဆောက်လုပ်နေသည့် အကျဉ်းထောင်ကို စစ်ဆေးရန် အရပ်ဝတ်ဖြင့် လာစဉ် ကြိုတင်သတင်းရ၍ ဖမ်းဆီးခဲ့ကြောင်း၊ အရိုးကျီးပေါင်းရောဂါအခံရှိပြီး ကျန်းမာရေးမကောင်းသဖြင့် ဦးမျိုးညွန့်အောင်ကို ဆေးကုပေးနေရကြောင်း ၎င်းက ပြောသည်။

“ကျန်းမာရေးချို့တဲ့မှုဖြစ်နေလို့ ဆေးဝါးကုသမှုပေးနေတယ်။ အရိုးကျီးပေါင်းရောဂါအခံရှိတယ်။ ရာသီဥတုဒဏ်နဲ့ ပင်ပန်းတဲ့ဒဏ်ကြောင့် ကျန်းမာရေးဖောက်လို့ ပြန်ဆေးကုသမှုပေးနေရတယ်။ လူ့အသက်တစ်ချောင်းလည်းဖြစ်နေတော့ ကျွန်တော်တို့အထက်ကိုလည်း တင်ပြမှာပါ” ဟု ဗိုလ်သူရိန်က ပြောသည်။

Fight For People အဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်း (၂)မှ တပ်ခွဲ (၄) အဖြစ် သတ်မှတ်ထားသည်။ ထိုသို့ ဖမ်းဆီးမှုနှင့် ပတ်သတ်၍ စစ်ကောင်စီနှင့် NUG ကာကွယ်ရေး တာဝန်ရှိသူများထံမှ မှတ်ချက်မရသေးပေ။

သာစည်ရွာအနီးတွင် အကျဉ်းထောင်သစ်ကို လွန်ခဲ့သည့် တစ်နှစ်ကျော်မှစ၍ စစ်ကောင်စီက ဆောက်လုပ်နေခြင်းဖြစ်သည်။ အကျဉ်းဦးစီးဌာန အရာရှိ ဖမ်းဆီးခံရသည့် ထိုဒေသတစ်ဝိုက် စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းအထိ စစ်ကောင်စီတပ်၏ လှုပ်ရှားမှု မတွေ့ရသေးကြောင်း ဒေသတွင်းသတင်းရင်းမြစ်တို့က ဆိုသည်။

ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ခုခံနေကြရာ မြန်မာနိုင်ငံအလယ်ပိုင်းမှ စစ်ကိုင်းနှင့် မကွေးကဲ့သို့ တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသည့် ဒေသများကလည်း တက်ကြွစွာ ပါဝင်နေသည်။

အာဏာသိမ်းပြီး တစ်နှစ်ခွဲအတွင်း ခရိုင်အလိုက် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ရင်းပေါင်း ၃၀၀၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၂၅၀ ကျော်ဖွဲ့စည်းပြီးကြောင်း၊ ယခုနှစ်အတွင်း စစ်ကောင်စီကို ထိုးစစ်ဆင်ရန် ရည်မှန်းထားကြောင်း NUG တာဝန်ရှိသူများက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း Myanmar Now ကို ပြောထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button