
(ရန်ကုန်) – ကရင်ပြည်နယ် ဘားအံမြို့ရှိ ရပ်ကွက်အားလုံးနီးပါး ရေနစ်မြုတ်လျက်ရှိပြီး သံလွင်မြစ်ရေသည် ယနေ့နံနက် ၆း၃ဝ တိုင်းတာချက်များအရ (၉၃၆)စင်တီမီတာအထိ ရောက်ရှိနေရာ နှစ်ပေါင်း ၅ဝ ကျော်အတွင်း စံချိန်တင် မြင့်တက်ခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။
နောက်နှစ်ရက်အတွင်း ၁ ပေခန့် ပြန်လည်ကျဆင်းနိုင်ကြောင်း ထုတ်ပြန်ထားသော်လည်း ယင်းမြို့၏ စိုးရိမ်ရေအမှတ်ထက်တွင် ဆက်လက် တည်ရှိနေနိုင်သေးသည်ဟု သိရသည်။
ကမ်းနားနှင့် နီးသည့်ရပ်ကွက်များတွင် တစ်အိမ်လုံးမြုပ်သွားသည့် အိမ်များပင်ရှိနေပြီး ကလေးငယ်များနှင့် အသက်ကြီးသူများအား ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားရကြောင်း ဘားအံမြို့နယ် ရပ်ကွက်(၇)နေ ဦးဆွေဝင်းက ပြောသည်။
“အရင်ကလည်း ရေကြီးဖူးတာပဲ အခုလိုတော့ တစ်ခါမှ ဆိုးဆိုးဝါးဝါးမဖြစ်ဖူးဘူး” ဟု ဦးဆွေဝင်းက ပြောသည်။
လွန်ခဲ့သည့် နှစ်ရက်ခန့်က စတင်ပြီး ကယ်ဆယ်ရေးစခန်းအရေအတွက် တိုးလာခဲ့ပြီး ယနေ့အထိ ကယ်ဆယ်ရေးစခန်း စုစုပေါင်း ၁၆ ခုရှိလာကြောင်း၊ ရေဘေးသင့်သူ အရေအတွက် ၁၁,ဝဝဝ ကျော်သွားပြီဟု မြို့နယ်အထွေထွေအုပ်ချုပ် ရေးမှူး ဦးဇေထက်အောင်က ပြောသည်။
“ဖြစ်နိုင်ရင်တော့ အကူအညီတွေ ဒီထက်ပိုပြီး လာနိုင်ရင်ကောင်းမယ်” ဟု ဦးဇေထက်အောင်က ပြောသည်။
ဘားအံမြို့ အထက(၃) ကျောင်းတွင် အမှတ်(၅)ရပ်ကွက်မှ အိမ်ထောင်စုပေါင်း ၂၅၈ စု လူဦးရေပေါင်း ၁,၃ဝဝ ကျော်ခန့် ရောက်ရှိနေပြီး ရေမကျခင်စပ်ကြား အခြေအနေများကို ထိန်းကျောင်းရန်အတွက် အကူအညီများ လိုအပ်နေဆဲ ဖြစ်သည်ဟု အဆိုပါကျောင်းမှ ဆရာမ ဒေါ်ချန်ချန်က ပြောသည်။
မြစ်နှင့်နီးသော အမှတ် ၁၊ ၂၊ ၅၊ ၉ စသည့်ရပ်ကွက်များတွင် အခြေအနေ အဆိုးဆုံးဖြစ်သည်ဟု သိရပြီး ယခုလိုရေကြီးမှုမျိုး မကြုံဖူးကြောင်း ၎င်းကပြောသည်။
“ရေကတော့ တစ်မြို့လုံးတက်တာပဲ။ နည်းတာနဲ့ များတာပဲကွာတာ။ ဒီတစ်ကြိမ်ကတော့ အဆိုးဆုံးပဲ ” ဟု ဒေါ်ချန်ချန်က ပြောသည်။
မြဝတီ၊ ဘားအံ၊ ကော့ကရိတ်၊ လှိုင်းဘွဲ့၊ ကြားအင်းဆိပ်ကြီး၊ ဖာပွန် စသည့်မြို့နယ်များတွင် ရေဘေးသင့်သူ ၁၉,ဝဝဝ ကျော် ရှိသွားပြီဖြစ်သည်။
ကယ်ဆယ်ရေးစခန်းများသို့ မရောက်ရှိသေးဘဲ ရပ်ကွက်အတွင်းမှာပင် ပိတ်မိနေသူများလည်း ရှိနေသေးပြီး ၎င်းတို့အတွက် အကူအညီများလည်း အရေးတကြီးလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။
ဘားအံမှ ရန်ကုန်သို့ သွားရာလမ်းများ ရေလွှမ်းနေဆဲဖြစ်သည်။ ရေဘေးသင့်သူများအတွက် အစားအစာများနှင့် အခြား လိုအပ်သည်များကို ထောက်ပံ့နေသည့်အဖွဲ့မှ ကိုထွန်းထွန်းက ရေဘေးသင့်သူများအတွက် သောက်ရေသန့် အဓိက လိုအပ်နေသည်ဟု ပြောသည်။
သံလွင်မြစ် ရေတက်နှုန်း ယမန်နေ့ကထက် ၂ စင်တီမီတာ ပိုမိုမြင့်တက်လာပြီး (၉၃၆)စင်တီမီတာတွင် ရပ်တန့်နေကြောင်း၊ နောက်နှစ်ရက်အတွင်း မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
လတ်တလောအားဖြင့် ရေရပ်တန့်နေသော်လည်း မိုးကောင်းမည့်အနေအထားကြောင့် ဆက်လက်စောင့်ကြည့်သွားရန် လိုအပ်ကြောင်း ကရင်ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလင်းထွဋ်က ပြောသည်။
ဘားအံမြို့ဝန်းကျင်တွင် ရေကြီးမှု စတင်ဖြစ်ပွားသည့်အချိန်မှစ၍ သေဆုံးသူ ၅ ဦးခန့်ရှိပြီ ဆိုသော်လည်း ထိုသတင်းကို အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။
“အကူအညီကတော့ စားရေရိက္ခာတွေ အရေးတကြီး လိုအပ်တုန်းပဲ။ ကျေးရွာတွေမှာဆို ပိုဆိုးနေတယ်” ဟု ဦးလင်းထွဋ်က ပြောသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှုင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၏ ဇူလိုင် ၂၈ ရက်နေ့အထိ စာရင်းများအရ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနသာၤရီတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း နှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တို့မှ ကယ်ဆယ်ရေးစခန်း ၁၈၃ ခုတွင် အိမ်ထောင်စုပေါင်း ၁၂,၂၉၅ ရေဘေးသင့်သူစုစုပေါင်း ၅၇,ဝဝဝ ကျော်ခန့် ရှိနေပြီး သေဆုံးသူ ၅ ဦး ရှိသွားပြီဖြစ်သည်။