
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နှင့် ၃ ကီလိုမီတာသာဝေးသည့် ဝါရီဆူးပလိုင်ရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈) နံနက် ၈ နာရီမှစ၍ စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်များက ဝိုင်းဝန်း တိုက်ခိုက်သည်။
အမှတ် ၄၂၂ ခြေမြန်တပ်ရင်းမှ အင်အား ၅၀ ပါ ထိုစစ်ကြောင်းမှာ ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမှ ၁၀ မိုင်ကျော်ဝေးသည့် မိုးဗြဲသို့ ခြေလျင် စစ်ချီလာခြင်းဖြစ်သည်ဟု တော်လှန်ရေးအဖွဲ့ဘက်က ပြောသည်။
ထိခိုက်သူ ၂၀ ခန့် ရှိနိုင်သည့် စစ်ကောင်စီတပ်က မိုးဗြဲမြို့အဝင်ရှိ သင်္ချိုင်းကုန်းထဲသို့ ဝင်သွားသဖြင့် တိုက်ပွဲ ခေတ္တငြိမ်သက်နေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။
“မိုးဗြဲကို စစ်ကြောင်းဖြတ်ပြီး တပ်ပြန်ချိန်းတဲ့ သဘောမျိုးလို့ ယူဆမိတယ်”ဟု မိုးဗြဲ PDF တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ထိုတိုက်ပွဲကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ Karenni Revolution Union (KRU)၊ ဖယ်ခုံ PDF တို့ ပူးပေါင်းတိုက်ခိုက်သည်ဟု မိုးဗြဲ PDF ထံမှ သိရသည်။ နှစ်ဖက်ထိခိုက်မှုကို အတည်မပြုနိုင်သေးပေ။
သေနတ်သံ စတင်ထွက်ပေါ်လာသည်နှင့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သည်ဟု အထက်ပါ မိုးဗြဲ PDF တာဝန်ရှိသူက ပြောသည်။
“သေနတ်သံပေါက်ကတည်းက သူတို့ စပစ်နေတာပဲ။ အချက်ရေက မနည်းတော့ဘူး အချက်ရေ ၅၀၊ ၆၀ လောက်ရှိတယ်။ ၆၀ မမ ၁၂၀ မမတွေပေါ့” ဟု သူက ပြောသည်။
အဆိုပါ အမှတ် ၄၂၂ ခြေမြန်တပ်ရင်းသည် ပဲခူးတိုင်း ပြည်မြို့နယ်အခြေစိုက် တပ်မ ၆၆ လက်အောက်ခံဖြစ်သည်ဟု သိရသည်။
၂၀၂၂ နှစ်ဆန်းပိုင်းတွင် တော်လှန်ရေးအင်အားစုက ကယား (ကရင်နီ) ပြည်နယ် မြို့တော် လွိုင်ကော်အထိသာ ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးနှင့် အင်အားအများအပြားသုံးကာ ထိုဒေသနှင့် ကပ်လျက်ရှိ ရှမ်းပြည်တောင်ပိုင်းတွင် စစ်ရေးလှုပ်ရှားနေသည်။
သို့သော် စစ်ကောင်စီမှာ တပ်တည်နေရာ၊ တပ်စွဲထားရာ နေရာများမှအပ ပြင်ပသို့ ထွက်သည်နှင့် တော်လှန်ရေးအဖွဲ့တို့၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို မကြာခဏခံနေရသည်။
အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်ကြာချိန်တွင် ကရင်နီဒေသ၌ ဆယ်စုနှစ်နှင့် ချီ၍ အခိုင်အမာတပ်စွဲထားသည့် စခန်း ၁၃ ခုထက်မနည်းမှ စစ်ကောင်စီတပ် ဆုတ်ခွာသွားရသည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ပြောထားသည်။
ယခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှစ၍ စက်တင်ဘာ ၆ ရက်နေ့အထိ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် တိုက်ပွဲ အကြိမ် ၅၀ ကျော် ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း KNDF ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
ဩဂုတ်လ တစ်လတည်းတွင် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရကြောင်း KNDF က ဆိုသည်။
အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)