သတင်း

ကန့်ဘလူမြောက်ပိုင်းကျေးရွာများကို စစ်တပ်က လေကြောင်းမှ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မြောက်ပိုင်းကျေးရွာများကို စစ်ကောင်စီက တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီးဖြင့် ယမန်နေ့ (စက်တင်ဘာ ၇) မွန်းလွဲပိုင်းတွင် တစ်နာရီခန့်ကြာအောင် ပစ်ခတ်တိုက်ခိုက်သည်။

ကိုးတောင်ဘို့တိုက်နယ်တစ်ဝိုက်မှ ကျေးရွာများကို ရဟတ်ယာဉ်က ၁၀ ကြိမ်နီးပါး ပတ်၍ ပစ်ခတ်နေစဉ် အခြားရဟတ်ယာဉ်နှစ်စင်းက ၂ ကြိမ်စီ ရောက်လာကာ စစ်သား ၁၀၀ ခန့်ကို မြေပြင်သို့ ချသွားသည်ဟု ဒေသတွင်း သတင်းရင်းမြစ်တို့ထံမှ သိရသည်။

လေကြောင်းမှ ရုတ်တရက်ရောက်လာသည့် တပ်ဖွဲ့က ရှော်ဖြူကုံးရွာတွင် တပ်စွဲလိုက်သဖြင့် ဒေသခံများ ပိတ်မိနေသည်ဟု ကန့်ဘလူခရိုင် PDF တပ်ရင်း (၁) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရဟတ်ယာဉ်ပေါ်ကနေ ပစ်ချတာဆိုတော့ တချို့လည်း ထွက်ပြေးနိုင်တဲ့သူတွေရှိတယ်။ ပိတ်မိတဲ့သူတွေလည်း အများကြီးရှိတယ်ဗျ။ တိုက်ပွဲကတော့ မရှိဘူးဗျ။ အဲဒီအနားမှာ ကျွန်တော်တို့လူတွေရှိတယ်လို့ သူတို့သတင်းရလို့ ပစ်တယ်လို့ ယူဆတယ်ဗျ” ဟု ၎င်းက ဆိုသည်။

တိုက်ခိုက်ရေးရဟတ်ယာဉ်က နှောကုန်း၊ ရှော်ဖြူကုံး၊ ကိုင်းမရွာ ပတ်ဝန်းကျင်ကို ပစ်ခတ်ခဲ့ကြောင်း သိရပြီး အရပ်သားထိခိုက်ဒဏ်ရာရရှိမှုနှင့် ပတ်သက်ပြီး အခြေအနေအသေးစိတ် မသိရှိရသေးပေ။

အဆိုပါရွာများကို ပြီးခဲ့သည့် ဇွန် ၅ ရက်ကလည်း စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းကာ မီးရှို့ ဖျက်ဆီးခဲ့ပြီး ကိုင်းမရွာမှ နေအိမ် ၁၀ လုံး၊ နှောကုန်းရွာမှ နေအိမ် ၅၂ လုံး၊ ရှော်ဖြူကုံးရွာမှ နေအိမ် ၁၁၈ လုံး မီးလောင် ပြာကျခဲ့သည်။

လူသယ်သည့် ရဟတ်ယာဉ် နှစ်စီးက နှစ်ကြိမ် အသွားအပြန်ပြုလုပ်ကာ စစ်သားများ ချထားခဲ့ဖြင့် အရေအတွက် ရာဂဏန်းရှိနိုင်သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

“ရဟတ်ယာဉ်ကတော့ ပတ်ချာလှည့် ဝိုင်းပစ်ပြီး ပြန်သွားတာ။ အပေါ်ကနေ ဝိုက်ပစ်နေတာပဲ။ ပြေးလွှားနေကြတာဆိုတော့ ရွာထဲကလူတွေ အခြေအနေတွေ မသိရသေးဘူး” ဟု ပြောသည်။

ရဟတ်ယာဉ်နှင့် ရောက်လာသည့် အဆိုပါ စစ်သားများသည် ကျွန်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးသည့် ခမရ ၁၁၃ မှ ဖြစ်ပြီး ရှော်ဖြူကုံးကျေးရွာအတွင်း ယနေ့ (စက်တင်ဘာ ၈) နံနက်ပိုင်းအထိ တပ်စွဲထားဆဲဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အနီးနားကျေးရွာမှ ဒေသခံအများအပြား ထွက်ပြေးနေရသလို စစ်သားများ ရောက်နေသည့် ရှော်ဖြူကုံးကျေးရွာအတွင်း ဒေသခံအများအပြား ပိတ်မိနေကြောင်း သိရသည်။

တော်လှန်ရေးသမားတို့၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီသည် ခုခံစစ်ပြင်းထန်ရာ စစ်ကိုင်းတိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များ ရှိနိုင်သည်ဟု ယူဆရသည့်ရွာများကို သွားရောက် တိုက်ခိုက်ခြင်း၊ စစ်တပ်စေလွှတ်ခြင်းအတွက် လေကြောင်းကို အားကိုးလာသည်။

အရပ်သားများကို သတ်ဖြတ်မှု၊ နေအိမ်များကို မီးရှို့မှုများ ရပ်ဆိုင်းရန် ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာက ဩဂုတ် ၁၇ တွင် စစ်ခေါင်းဆောင်တို့ကို တိုက်တွန်းထားသည်။

သို့သော် စစ်ခေါင်းဆောင်တို့ကမူ ကျေးရွာများကို မီးရှို့သည်မှာ ယင်းလက်အောက်ခံတပ်ဖွဲ့များ မဟုတ်ဟု ငြင်းဆိုပြီး လေယာဉ်ဖြင့် တိုက်ခိုက်သည်မှာလည်း သောင်းကျန်းသူများကိုသာ ဦးတည် ပစ်မှတ်ထားသည်ဟု ဖြေရှင်းချက်ပေးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button