ရခိုင်မြောက်ပိုင်း၊ မြေပုံမြို့ပေါ်တွင် စစ်ကောင်စီတပ်သားများကို ရက္ခိုင့်တပ်တော် (AA) က ယနေ့ (စက်တင်ဘာ ၇) နံနက် ၁၁ နာရီဝန်းကျင်ခန့်တွင် တိုက်ခိုက်ခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
စစ်ရဟတ်ယာဉ် လာရောက်မည်ဖြစ်၍ ယနေ့တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (နတလ) ရုံးအနီး လုံခြုံရေးယူပေးနေသော စစ်သားများ ဖြစ်သည်ဟု ကြားသိရကြောင်း အမည်မဖော်လိုသည့် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“ဒီနေ့ ရဟတ်ယာဉ်လာဖို့အတွက် အဲဒီနတလရုံးနားမှာ ကင်းချတဲ့သဘောထင်တယ်။ အဲဒီမှာ ဆွဲမိုင်းနဲ့ AA က ဖောက်ခွဲပစ်တာလို့ သိရတယ်။ ပေါက်ကွဲမှုဖြစ်ပြီးတော့ တော်တော်လေးအကြာမှာမှ ရဟတ်ယာဉ်က ရောက်လာတယ်။ အခု ပြန်သွားပြီထင်ပါတယ်” ဟု ထိုအမျိုးသားက ဆိုသည်။
မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်စခန်းများရှိသော မြို့အနောက်ဘက် ထူးချေကျေးရွာအနီး တောင်ကုန်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ တိုက်ခိုက်ခံရသည့် စစ်ကြောင်းမှာ မြို့အနှံ့ နေရာယူထားကြောင်း မြို့ခံများထံမှ သိရသည်။
ထို့နောက် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာများကို စစ်ဆေးနေပြီး မြေပုံမြို့မှ မင်းပြားဘက်သို့ သွားမည့် ကား၊ ဆိုင်ကယ်များကို သွားခွင့်မပေးဘဲ မင်းပြားဘက်မှ အဝင်ကား၊ ဆိုင်ကယ်များကိုသာ သွားလာခွင့်ပြုကြောင်း မြို့ခံအမျိုးသားနောက်တစ်ဦးက ပြောသည်။
“မြို့ကလူတွေက ကြောက်သွားကြတာပေါ့။ အခုတော့ တည်ငြိမ်နေတယ်။ စာသင်ကျောင်းတွေနဲ့ စျေးတွေကိုတော့ ပိတ်ထားကြတယ်။ မြို့အဝင်အထွက်လမ်းတွေမှာ စစ်တပ်က နေရာယူထားတယ်။ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်” ဟု ၎င်းက ဆိုသည်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများရှိသည်ဟု သတင်းများ ထွက်ပေါ်နေပြီး ဟုတ်မဟုတ် အတိအကျမပြောဆိုနိုင်ကြောင်း ထိုအမျိုးသားက ဆက်ပြောသည်။
“တိုက်ခိုက်ခံရတဲ့အချိန်မှာ စစ်တပ်က ၆ ယောက်လောက် သေတယ်လို့ ကောလာဟလသတင်းတော့ ထွက်နေတာ ရှိတယ်။ ဒါပေမဲ့ အတိအကျပြောဖို့ခက်ပါတယ်”
ဖောက်ခွဲတိုက်ခိုက်မှုဖြစ်စဉ်အပြီး စစ်ကောင်စီတပ်အင်အား ၃၀ ထက်မနည်း မြို့တွင်း သွားလာ လှုပ်ရှားနေကြောင်း မြို့ခံများက ဆိုကြသည်။
”ပေါက်ကွဲသံကို အကျယ်ကြီး ကြားလိုက်ရပါတယ်။ ကျွန်တော်တို့လည်း ကြောက်လို့ အိမ်ထဲနဲ့ အိမ်ပြင်တောင် မထွက်ဘူး” ဟု မြို့ခံလူငယ်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၁၃ ရက်က မြေပုံမြို့ပေါ်နှင့် ၅ မိုင်ခန့်ဝေးသည့် ဝက်ခေါင်းကျေးရွာအနီး ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီ စစ်ကြောင်းတစ်ခုတို့ ထိပ်တိုက်တွေ့ပြီး အပြန်အလှန်ပစ်ခတ်မှု မိနစ်အနည်းငယ် ဖြစ်ပွားခဲ့သည်။
ရခိုင်မြောက်ပိုင်းတွင် ၂၀၂၀ နိုဝင်ဘာလ ပထမအပတ်မှ စတင်၍ AA နှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ဖက် အပစ်အခတ်ရပ်တန့်ခဲ့ကြပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။
လက်ရှိမှာ မောင်တော၊ ရသေ့တောင်၊ မြောက်ဦးနှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တို့တွင် နှစ်ဖက် အပြန်အလှန်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)