အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြောင်တွင် စစ်ကြောင်းထိုးနေသည့် စစ်သားများကို ကာကွယ်ရေးအဖွဲ့ မိုင်းဆွဲ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တောင်ပိုင်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို ယနေ့ (စက်တင်ဘာ ၆) နံနက်တွင် မိုင်းထောင်တိုက်ခိုက်ခဲ့သည့်အတွက် အနည်းဆုံး စစ်သား ၆ ဦး ထိခိုက်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ဆိုသည်။

စက်တင်ဘာ ၃ မှစ၍ စစ်ကောင်စီက မြောင်တောင်ပိုင်းကို စစ်ကြောင်း ၂ ခုခွဲပြီး စီးနင်းနေသည့်အတွက် တိုက်ပွဲဖြစ်နေသလို ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးနေရသည်၊ ကျောက်ရစ်ကျေးရွာတွင် စခန်းချထားသူများ စစ်ကြောင်းထိုးရန် လာစဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု CDSOM အဖွဲ့မှ ကိုနွေဦးက ဆိုသည်။

“ကျောက်ရစ်စခန်းကနေ ထွက်လာတယ်၊ ကျွန်တော်တို့က စောင့်ပြီး မိုင်းဆွဲလိုက်တော့ ခြောက်ယောက်ထိပြီး ပြန်ဝင်သွားတယ်” ဟု သူက ပြောသည်။

မိုင်းထိသွားသူများကို စခန်းအတွင်း ပြန်လည်ပို့ဆောင်ပြီးနောက် နာရီပိုင်းအကြာတွင် စစ်ကြောင်း ထပ်ထွက်လာခဲ့ပြီး ကျောက်တန်းကျေးရွာအတွင်းကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့သည်ဟု သိရသည်။

“အခုလောလောဆယ်တော့ သနပ်ကုန်း (ရွာ) တံတားပေါ်မှာ မိုင်းတွေဆင်နေတာ တွေ့ရတယ်၊ PDF တွေ လာမယ်ထင်တဲ့ ဘက်ကို မိုင်းထောင်ပုံ ပေါ်ပါတယ်။ လာရင်လည်း သူတို့ မိုင်းထိမယ်၊ စစ်ဘေးရှောင်တွေလာမယ်ဆိုလည်း ပြည်သူတွေထိ၊ အဲဒီကျရင် PDF ဘက်က ထောင်တဲ့မိုင်း ထိပါတယ် လုပ်မဲ့သဘောပဲ” ဟု ကိုနွေဦးက ဆိုသည်။

ယမန်နေ့ (စက်တင်ဘာ ၅) ကလည်း စစ်ကောင်စီတပ်များက ပန်းညိုကျေးရွာမှတစ်ဆင့် ရေလယ်ကျွန်းဘက်သို့ ကူးကာ ရေလယ်ရွာမှ နေအိမ် ၂၅ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။

စက်တင်ဘာ ၃ မှ စတင် စစ်ကြောင်းထိုးနေခြင်းကြောင့် မြို့တောင်ပိုင်းမှ ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံများမှာ ဘေးလွတ်မည်ထင်သည့် နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

စစ်ကောင်စီ၏ အင်အား ၅၀ ပါ စစ်ကြောင်းနှင့် အင်အား ၁၀၀ ခန့်ပါသည့် ထိုစစ်ကြောင်းတို့သည် စက်တင်ဘာ ၄ က မြောင်မြို့နယ်တောင်ပိုင်းရှိ ဘူးကိုင်း၊ သရက်သာ၊ သရက်တော၊ ဆည်ရွာ၊ ခေါင်းခွဲ၊ ဆင်မင်း၊ ပန်းညို၊ ညောင်းကား ယား၊ ရွာပုလဲ၊ ငါးရံ့အို၊ မင်းလှ စသည့်ရွာများကို ဝင်ရောက်မွှေနှောက်ခဲ့ပြီး ဒေသခံများမှာ ရွာလုံးကျွတ် ထွက်ပြေးခဲ့ရသည်။

တိုက်ပွဲအခြေအနေများ၊ ဒေသခံတို့ နေရပ်စွန့်ခွာရခြင်းများကို စစ်ကောင်စီက သတင်းထုတ်ပြန်လေ့မရှိသလို သတင်းစာရှင်းလင်းပွဲများတွင်လည်း ထုတ်ပြောလေ့မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button