
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းချောင်ဒေသတွင် ပျောက်ဆုံးနေသည့် လက်နက်ကိုင် တော်လှန်ရေးသမား ၂ ဦးကို ယမန်နေ့က သေဆုံးလျက် တွေ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ယနေ့ (စက်တင်ဘာ ၆) တွင် အတည်ပြုသည်။
သေဆုံးသူနှစ်ဦးမှာ အသက် ၄၀ ဝန်းကျင်ရှိ ရဲဘော်မြဒင်နှင့် ရဲဘော်စိုးမင်းတို့ ဖြစ်ပြီး စက်တင်ဘာ ၂ မှ စတင်ပြီး စခန်းနှင့် အဆက်အသွယ်ပြတ်သွားကြောင်း၊ ရုပ်အလောင်းများကို စစ်တပ်က မီးရှို့သွားသည့် ကျော်ရွာအနီး PDF စခန်းဟောင်းနေရာတွင် ပြန်ရှာတွေ့ခဲ့ကြောင်း သူက ပြောသည်။
“သူတို့နှစ်ယောက်ကတော့ စခန်းကို ကာကွယ်ဖို့၊ ချုံခိုတိုက်ဖို့ဆိုပြီးတော့ ထွက်သွားတယ်။ အဲဒီနေ့ကတည်းကစပြီး တူမီးသံ ၂ ချက်ပဲ ကြားလိုက်ရတယ်။ အဲဒီနောက်ပိုင်းကျတော့ သူတို့နဲ့ အဆက်အသွယ်ပြတ်သွားတယ်” ဟု မင်းကင်းဒေသကာကွယ်ရေးအဖွဲ့၊ တောင်တွင်းချောင် – PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ရဲဘော် မြဒင်၏ ခန္ဓာကိုယ်ပေါ်တွင်သာ ကျည်ထိဒဏ်ရာများ တွေ့ရကြောင်း ၎င်းက ဆက်ပြောသည်။
“ကိုစိုးမင်းကတော့ အရှင်ဖမ်းမိပြီးမှ ဝါးရင်းတုတ်နဲ့ ရိုက်သတ်ခံရတယ်လို့ ကောက်ချက်ဆွဲတယ်။ ဝါးရင်းတုတ်နဲ့ ရိုက်ထားတာမျိုး တွေ့တယ်၊ ဘေးမှာ ဝါးရင်းတုတ်တွေ တွေ့တယ်။ သေနတ်ဒဏ်ရာ မပေါ်ဘူး” ဟု ၎င်းက ပြန်ပြောပြသည်။
တောလိုက်မုဆိုးတစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့သည့် ရဲဘော်မြဒင်သည် စစ်တပ်က အာဏာသိမ်းပြီးစ ၂၀၂၁ သင်္ကြန်ကာလ နှစ်ဆန်းတစ်ရက်နေ့တွင် စစ်ကောင်စီနှင့် ဖြစ်ပွားသည့် တောင်တွင်းချောင်တိုက်ပွဲမှစ၍ တူမီးကိုင်ကာ တိုက်ပွဲဝင်ခဲ့သည်၊ ကွယ်လွန်ချိန်တွင် ဇနီးနှင့် သားသမီး ၄ ဦး ကျန်ရစ်သည်ဟု သိရသည်။

ရဲဘော်စိုးမင်းသည်လည်း စစ်ကောင်စီကို ရရာလက်နက်ဖြင့် ခုခံသည့် တော်လှန်ရေးအတွင်း ဆက်တိုက် ပါဝင်လာသည့် ရဲဘော်တစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူနှင့် သား ၂ ဦး ကျန်ရစ်ကြောင်း သိရသည်။
ဒေသတွင်း၌ မိုးများရွာနေ၍ ရုပ်အလောင်းများကို ယနေ့ (စက်တင်ဘာ ၆) မွန်းလွဲပိုင်းအထိ မီးမသင်္ဂြိုဟ်ရသေးကြောင်း PDF ထံမှ သိရသည်။
ထိုရဲဘော်နှစ်ဦးလုံးမှာ စခန်း၏ လက်နက်ထုတ်လုပ်ရေး အဓိကတာဝန်ယူကြသလို တိုက်ပွဲများတွင်လည်း ရှေ့ဆုံးမှ ပါဝင်သူများဖြစ်သည်ဟု တောင်တွင်းချောင် -PDF က ထုတ်ပြန်ထားသည်။
စစ်သားများ၊ ပြည်သူ့စစ်ခေါ် ပျူစောထီးများက တောင်တွင်းချောင်ဒေသတွင် ဩဂုတ်လကုန်ပိုင်းမှစ၍ စစ်သုံးထရပ်ကား ၈ စီးဖြင့် လှုပ်ရှားနေသည်ဟု PDF အဖွဲ့ထံမှ သိရသည်။
လက်နက်အင်အားမမျှသဖြင့် ခက်ခက်ခဲခဲ ခုခံနေရသည်ဟု PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“မိုးသည်းထန်စွာရွာတော့ ကျွန်တော်တို့မှာ ရှိတာက တူမီးပဲဆိုတော့ ဘယ်လိုမှပစ်လို့ အဆင်မပြေတော့ နောက်ဆုတ်ပြီးတော့ ဒီအတိုင်းကြည့်နေရတဲ့ အနေအထားဖြစ်တယ်။ မိုင်းတွေဘာတွေ ထောင်ထားတာလည်း မိုင်းရှာတဲ့ခွေးနဲ့ဆိုတော့ မိုင်းတွေကလည်း ပါသွားတာ များတယ်” ဟု ၎င်းက ဆိုသည်။
ဒေသခံတပ်ဖွဲ့ဝင်များကို သတ်ဖြတ်သွားသည့် စစ်ကောင်စီအဖွဲ့မှာ မင်းကင်းမြို့နယ်နှင့် ကပ်လျက် ကနီမြို့နယ်ဘက်သို့ ဦးတည်နေသည်ဟု ယူဆရကြောင်း၊ လက်ရှိတွင် ထိုနှစ်မြို့နယ် နယ်စပ်အနီး မင်းကင်းဘက်ခြမ်းရှိ ထုံးကြီးရွာသို့ ရောက်ရှိနေကြောင်း PDF ထံမှ သိရသည်။
မင်းကင်းမြို့ အနောက်ပိုင်း တောင်ကုန်းနှစ်ခုကြားတွင်ရှိပြီး ကျေးရွာ ၄၂ ရွာပါဝင်သည့် ထိုဒေသကို တောင်တွင်းချောင်ဟု ဒေသခံတို့က ခေါ်ဝေါ်သည်။
စစ်ကောင်စီစစ်ကြောင်းထိုးလာရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများဖြစ်သည့် ခင်ဦး၊ သာစည်၊ လက်ပံတော၊ ဝင်ဝ၊ ဆိပ်သာ၊ သစ်ခေါင်းတီး၊ ထုံးကြီးရွာတို့မှ ဒေသခံ ရာနှင့်ချီပြီး စစ်ဘေးရှောင်နေရသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များကပြောသည်။
အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း စစ်ကောင်စီကို ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်း မင်းကင်းမြို့နယ်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဒေသကာကွယ်ရေးအဖွဲ့တို့က ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ မင်းကင်းမြို့နယ်တွင် PDF က ၈၀ ရာခိုင်နှုန်း ထိန်းချုပ်နိုင်ပြီဟု ဆိုသည်။ အသေးစိတ်အတည်မပြုနိုင်သေးပါ။
နယ်မြေစိုးမိုးမှုအခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီကလည်း နှုတ်ဆိတ်နေဆဲဖြစ်သည်။
စစ်ကောင်စီကို နိုင်ငံအနှံ့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ခုခံစစ်စမည်ဟု ၂၀၂၁ စက်တင်ဘာ ၇ရက်တွင် ကြေညာထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ထိုဒေသသို့ ထောက်ပံ့မှုအခြေအနေကိုလည်း ရှင်းလင်းစွာမသိရသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)