
စစ်ကိုင်းတိုင်း၊ ကန့်ဘလူနှင့် တန့်ဆည်မြို့နယ်အစပ် ကာဘိုးကျေးရွာထိပ်ရှိ စစ်ကောင်စီဂိတ်စခန်းကို ပြောက်ကျားတိုက်ခိုက်ရာ ၄ ဦး သေဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာရသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။
စက်တင်ဘာ ၃၊ နံနက် ၁၁ နာရီခွဲအချိန်တွင် စစ်သားများ၊ ပြည်သူ့စစ် ခေါ် ပျူစောထီးများ ရှိသည့် ထိုစစ်ဆေးရေးဂိတ်စခန်းကို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
“၄၀ မမ လက်နက်ကြီးကလည်း အနီးကပ်လောက် စစ်သားတွေကို ကပ်ထုတာ၊ မောင်းပြန်တွေကလည်း အနီးကပ်ပဲဆိုတော့ (သေတာကို) မြင်နေရတာ” ဟု တန့်ဆည် PDF ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
PDF ဘက်မှ နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရဟု ဆိုသည်။
စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
“ရှေ့က (ရွှေဘိုခရိုင် PDF) တပ်ရင်း ၇ က မောင်းပြန်တွေနဲ့ မီတာ ၁၅၀ လောက်အထိ အနီးကပ် တက်ပစ်တာ။ ကျွန်တော်တို့ ဒေသခံအဖွဲ့တွေကတော့ နောက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးရတာပေါ့။ သူတို့ ပြန်ဆုတ်လို့ရအောင် ကာဗာပေးရတာ” ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကာဘိုးရွာအနောက်ဘက် မူးမြစ်ထိပ်ရှိ အဆိုပါစစ်ဆေးရေးဂိတ်တွင် တပ်စွဲသည့် စစ်ကောင်စီ လက်နက်ကိုင်တို့က ပြည်သူများကို နေ့စဉ် အနိုင်ကျင့်နေကြောင်း တန့်ဆည် PDF ပြန်ကြားရေးအဖွဲ့ဝင်က ပြောသည်။

“ဒေသခံ ခရီးသွားတွေဆို (ပိုက်ဆံ) အရမ်းတောင်းတယ်။ လူငယ်တွေဆို ဖမ်းတာတွေလည်း လုပ်တယ်” ဟု ဆိုသည်။
မူးမြစ်အရှေ့ဘက် ကန့်ဘလူမြို့နယ်တောင်ဘက်အစွန်ဆုံးတွင်ရှိသည့် ကာဘိုးကျေးရွာသည် အိမ်ခြေ ၉၀၀ ကျော် ရှိပြီး အာဏာသိမ်းပြီးတည်းက စစ်သားအင်အား ၆၀ ခန့်နှင့် ပျူစောထီးအင်အား အများအပြားဖြင့် တပ်စွဲထားပြီး တိုက်နယ်အဆင့်ရှိသည့် စံပြရွာဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)