အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြောင်တောင်ပိုင်းတွင် စစ်တပ်က ဒေသခံများကို ဖမ်းဆီးရိုက်နှက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တောင်ပိုင်းတွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က ဒေသခံများကို ဖမ်းဆီးပြီး ရိုက်နှက်စစ်ဆေးနေရာ ယနေ့ (စက်တင်ဘာ ၅) ၌ အမျိုးသားတစ်ဦး ဆေးရုံပို့ဆောင်လိုက်ရသလို ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

စက်တင်ဘာ ၃ နှင့် ၄ ညအချိန်၌ မြောင်မြို့နယ်တောင်ပိုင်းကျေးရွာများအတွင်း စစ်ကြောင်း နှစ်ကြောင်းခွဲကာ ဝင်ရောက်စီးနင်းနေခြင်းဖြစ်ပြီး ဒေသခံ ရွာသူရွာသားများကို ဖမ်းဆီးစစ်ဆေးနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ 

“စစ်ကြောင်းနှစ်ခုနဲ့ စစ်ကြောင်းထိုးနေတာ၊ ညနက်ပိုင်း ၁၂ နာရီနောက်ပိုင်းအချိန်တွေမှာ လာလေ့ရှိတယ်။ နယ်မြေ ပြန်စိုးမိုးနိုင်ရေး လုပ်နေတယ်လို့ပဲ ယူဆရပါတယ်”ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေး (CDSOM) အဖွဲ့မှ ကို‌နွေဦးက ပြောသည်။

အမျိုးသားတစ်ဦး အပြင်းအထန် နှိက်စက်ခံရပြီး ယနေ့ (စက်တင်ဘာ ၅) တွင် နာရေးကားဖြင့် ဆေးရုံသို့ ပို့ဆောင်လိုက်ရကြောင်း သိရသည်။

“အမျိုးသားတစ်‌ယောက်ကို ရိုက်တာ လက်လွန်သွားတယ်၊ ဘယ်ရွာက ဖမ်းခံရသူလဲ မသိရသေးဘူး။ သေသလား ရှင်သလားလည်း မသိရသေးဘူး၊ နာရေးကားပေါ် တင်သွားတယ်လို့ပဲ သိရသေးတယ်တယ်” ဟု ကိုနွေဦးက ဆိုသည်။

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးသည့် စက်တင်ဘာ ၃ ညမှစ၍ အနည်းဆုံး ၁၅ ဦးခန့် ဖမ်းဆီးခံထားရသည်။

မြောင်မြို့နယ်အတွင်းမှ စစ်ဘေးရှောင်ဒေသခံတချို့ကို ဩဂုတ်လကုန်က တွေ့ရစဉ်။ (ဓာတ်ပုံ-  Ko Nway Oo- Myaung) 

စစ်ကောင်စီ၏ အင်အား ၅၀ ပါ စစ်ကြောင်းနှင့် အင်အား ၁၀၀ ခန့်ပါသည့် ထိုစစ်ကြောင်းတို့သည် စက်တင်ဘာ ၄ တွင် မြောင်မြို့နယ်တောင်ပိုင်းရှိ ဘူးကိုင်း၊  သရက်သာ၊ သရက်တော၊ ဆည်ရွာ၊ ခေါင်းခွဲ၊ ဆင်မင်း၊ ပန်းညို၊ ညောင်းကားယား၊ ရွာပုလဲ၊ ငါးရံ့အို၊ မင်းလှ စသည့်ရွာများကို ဝင်ရောက်မွှေနှောက်ခဲ့ပြီး ဒေသခံများမှာ ရွာလုံးကျွတ် ထွက်ပြေးနေရသည်။

စက်တင်ဘာ ၂ မြောင်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၃ ဦး၊ တော်လှန်ရေးတပ်ဖွဲ့တပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦး သေဆုံးခဲ့ရသည်။

ယင်းနောက်ပိုင်းတွင် စစ်ကောင်စီတပ်များက နေ့ခင်းအချိန်များတွင် သွားလာ လှုပ်ရှားခြင်းမရှိဘဲ၊ ညနက်ပိုင်းအချိန်များတွင်သာ စစ်ကြောင်းထိုးနေခဲ့ခြင်းဖြစ်သည့်အတွက် တိုက်ပွဲများလည်း ဖြစ်ပွားခြင်းမရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များက စစ်ပြေးဒုက္ခသည်တို့၏ နေထိုင် စားသောက်ရေးကိစ္စများကို ကူညီဆောင်ရွက်နေပြီး၊ ရွာများစွာမှ ဒုက္ခသည် ၅၀၀၀ ကျော်အတွက် စားသောက်ရေးမှာ အခက်အခဲများစွာရှိနေကြောင်း CDSOM ထံမှ သိရသည်။

မြောင်မြို့နယ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေး အားကောင်းပြီး စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်နေသူ အများစုက ပြန်ခုခံနေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button