
ရင်ပေါင်တိုင်ရွာ။ စစ်ကိုင်းတိုင်းတောင်ဘက်ဆုံး ယင်းမာပင်မြို့နယ်ရှိ ရွာကြီးတစ်ရွာဖြစ်သည်။ ယင်းမာပင်မြို့အနောက်ဘက် ၁၀ မိုင်အကွာရှိသော ထိုရွာမှာ အိမ်ခြေ ၈၀၀ ကျော် ၁၀၀၀ နီးပါးရှိပြီး ကျန်းမာရေးဌာန၊ အထက်တန်းကျောင်း၊ ငါးရက်တစ်ဈေး စသဖြင့် မြို့ငယ်တမျှ စည်ပင်သောရွာကြီးပင်။
မုံရွာမြို့အနီး ချင်းတွင်းမြစ်တစ်ဖက်ကမ်း ဆားလင်းကြီး၊ ပုလဲ၊ ဂန့်ဂေါ စသည့်မြို့နယ်များနှင့် ဆက်စပ်နေပြီး လမ်းပန်းဆက်သွယ်ရေး အချက်အချာကျသည့်အပြင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အနီးဝန်းကျင်မှရွာများ၏ ရောင်းဝယ်ဖောက်ကားမှုများကြောင့် ရင်ပေါင်တိုင်ရွာ စည်စည်ကားကား ရှိနေတတ်သည်။
လွန်ခဲ့သော ရက်ပေါင်းနှစ်ဆယ် ဩဂုတ်လ ၁၁ ရက်၊ ဝါခေါင်လပြည့်နေ့ကဖြစ်သည်။ ပုံမှန်အားဖြင့် ရင်ပေါင်တိုင်ရွာတွင် ဝါတွင်းကာလ ကလေးများပင် ဥပုသ်စောင့်လေ့ရှိသည်။ ဗုဒ္ဓဘာသာဝင် အများဆုံးနေထိုင်ရာ အထက်အညာဒေသမှ ရွာကြီးတစ်ရွာမို့ ဥပုသ်နေ့သည် နေ့ထူးနေ့မြတ်ပင်။
လက်ရှိအခါသမယတွင်မူ လပြည့်ဥပုသ်ကိုပင် အထူးတလည် အရေးမယူအားကြပေ။ အကြောင်းမူကား ရွာစဉ်လှည့် မီးရှို့နေသော စစ်တပ်သတင်းကို မပြတ်နားစွင့်နေရသောကြောင့်ဖြစ်ပေသည်။
ထိုနေ့က ငါးရက်တစ်ကြိမ် ဈေးနေ့ဖြစ်သောကြောင့် ရင်ပေါင်တိုင်ရွာလယ်တွင် ရွာနီးချုပ်စပ်မှ လာရောက်သူများနှင့် စည်ကားနေသည်။ အဝေးမှလာသူများမှာ မွန်းလွဲပိုင်းအထိ မပြန်ဖြစ်ကြသေးပေ။ ရွာအလယ်ရှိ ဈေးဆိုင်တန်းတစ်ဝိုက် ရောင်းသူရောင်း ဝယ်သူဝယ်ဖြင့် ပုံမှန်အတိုင်း လှုပ်ရှားသွားလာနေကြသည်။
မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ရဟတ်ယာဉ်သံများ ရုတ်တရက်ပေါ်ထွက်လာသည်။ ပျံဝဲနေသော ရဟတ်ယာဉ်တစ်စင်းက ရွာအလယ်ကို တရစပ်ပစ်ခတ်တော့သည်။ မိုးသီးမိုးပေါက်များသဖွယ် ကျည်ဆန်များ ကျလာသည်။ ရွာအရှေ့ဘက်တွင်လည်း ရဟတ်ယာဉ်တစ်စီး ပျံဝဲနေကာ စစ်သားများချပေးပေးနေသည်။
စစ်ရဟတ်ယာဉ်များဖြင့် ရုတ်ချည်းရောက်လာကာ ရွာအလယ် လူစုစုရှိရာကို ဦးစွာပစ်ခတ်နေစဉ် အခြားရဟတ်ယာဉ်တစ်စီးဖြင့် စစ်သားများ အသုတ်လိုက်ချပေးခြင်းဖြစ်သည်။ မည်သည့်အတွက်ကြောင့် စစ်ရဟတ်ယာဉ်များ ရောက်လာသည်ကို မည်သူမျှ စဉ်းစားမနေအားတော့ပေ။ လွတ်ရာကျွတ်ရာကို ကိုယ်လွတ်ရုန်းပြေးရလေသည်။
အချိန်မီ လွတ်အောင် မပြေးနိုင်ဘဲ ရွာအလယ် ဈေးအနီးတွင် ပိတ်မိနေသူများလည်းရှိရာ အကြော်သည် ဒေါ်ဝင်းတို့သားအမိလည်း ပါဝင်ပေသည်။ စစ်သားများရောက်လာချိန်တွင် ဒေါ်ဝင်းနှင့် ရှစ်တန်းကျောင်းသူအရွယ် သမီးဖြစ်သူတို့ ဝမ်းလျားမှောက်ပုန်းနေကြရသည်။ ပစ်ခတ်သံများလည်း အဆက်မပြတ်ကြားနေရသည်။ မကြာမီ စွပ်ကျယ်နှင့် အားကစားဘောင်းဘီဝတ်ထားသည့် စစ်သားနှစ်ယောက် ဒေါ်ဝင်းတို့ ပုန်းနေသည့် အကြော်ဖိုနား ရောက်လာသည်။

အကြော်ဝယ်ဖို့ စောင့်နေရင်း ပိတ်မိသွားသည့် ရင်ပေါင်းတိုင်ရွာသား ကိုငြိမ်းသူအောင်မှာမူ ကံဆိုးလှသည်။ ရောက်လာသည့် စစ်သားနှစ်ယောက်က အနီးကပ် ပစ်ထည့်လိုက်သည်။ မြေပြင်ပုံလျက် လဲကျသွားသည်ကို ဒေါ်ဝင်းတို့သားအမိ အတိုင်းသားမြင်နေရသည်။ သွေးအိုင်ထဲ လဲနေသော ကိုငြိမ်းသူအောင်က ရေတောင်းသော်လည်း စစ်သားများကြောင့် ဒေါ်ဝင်းတို့သားအမိ လုံးလုံးမထရဲကြပေ။
“မမရယ်၊ ရေပေးပါဦး၊ ရေပေးပါဦး ရေတောင်းတာ။ ကျုပ်တို့ကလည်း ထမတိုက်ရဲဘူး။ သားအမိနှစ်ယောက်။ ဝမ်းလျားမှောက်နေရတာ။ ကျုပ်တို့ပါ ပစ်မလားဆိုပြီးတော့” ဟု ထိုနေ့က မြင်ကွင်းကို ဒေါ်ဝင်းက အငိုတစ်ဝက်ဖြင့် ပြန်ပြောပြသည်။
ထိုနေ့က ရင်ပေါင်တိုင်ရွာကို စစ်တပ်က တရကြမ်းဝင်စီးစဉ် သက်ကြီးရွယ်အိုနှင့် ကလေးများအပါအဝင် လူပေါင်း ၁၀၀ ကျော်အထိ အဖမ်းခံရသည်။ စစ်တပ်က အကြမ်းပတမ်းဝင်ပစ်စဉ် ထွက်မပြေးနိုင်ဘဲ ရွာအတွင်းပိတ်မိနေသူများဖြစ်သည်။ သူတို့ကို ရွာအလယ်ဓမ္မာရုံတွင် စုထားလိုက်ပြီးနောက် စစ်တပ်က ရွာလယ်၌ပင် တပ်စွဲလိုက်သည်။
ရင်ပေါင်တိုင်ရွာကို ဝင်စီးပြီးနောက် စုစုပေါင်းသုံးရက်ကြာသည်အထိ စစ်သားများနေထိုင်ခဲ့သည်။ ရွာထဲတွင် ကျွဲနွားတိရစ္ဆာန်များပါမချန် မြင်သမျှတွေ့သမျှကို ပစ်ခတ်သတ်ဖြတ်ကြသည်။ စိတ်ကျန်းမာရေးမကောင်းသည့် ကိုပွကြီးဆိုသူကို PDF သတင်းပေးဆိုကာ စစ်သားများက လက်ပြန်ကြိုးတုပ် ရိုက်နှက်စစ်ဆေးပြီးနောက် သတ်ဖြတ်လိုက်သည်။
ကျောပြင်တွင် ဒေါ်အောင်ဆန်းစုကြည်ပုံ တက်တူးထိုးထားသည့် လူငယ်တစ်ဦးကိုလည်း မကြားဝံ့မနာသာ အမျိုးစုံ အော်ဟစ်ဆဲဆို ကြိမ်းမောင်းကာ နောက်ဆုံးတွင် ပစ်သတ်လိုက်သည်။ အခြားလူငယ်တစ်ဦးလည်း လူမဆန်စွာသတ်ဖြတ်ခံရသည်။ ဘုရားပေါ်ရှိ ခေါင်းလောင်းထိုးတံဖြင့် မသေမချင်း ရိုက်သတ်ကြခြင်းဖြစ်သည်။
စုစုပေါင်းလူ ၁၉ ဦးအထိ အသတ်ခံရသည်။
ရင်ပေါင်တိုင်ရွာတွင် ချင်းလက်နက်ကိုင်အဖွဲ့တစ်ခု ရောက်နေသည်ဆိုကာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် အလစ်အငိုက် ဝင်တိုက်ခြင်းဖြစ်သည်။ စစ်တပ်က ဝင်စီးပြီး နောက်တစ်ရက်တွင် ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ ရွာလယ်ရှိ စစ်တပ်ကို ဝိုင်းတိုက်ကြသည်။ အဖမ်းခံထားရသူများကို ကယ်ထုတ်ရန်ဖြစ်သော်လည်း ပိတ်မိနေသူအချို့ကိုသာ ကယ်ထုတ်နိုင်ခဲ့သည်။ ရွာလယ်ရှိ စစ်သားများကို ဒေသကာကွယ်ရေးအဖွဲ့က သုံးဖွဲ့ခွဲကာ ဝင်တိုက်ခြင်းဖြစ်သည်။
ဈေးနောက်ဘက်ရှိ ဘုရားဝင်းနှင့် ဓမ္မာရုံတွင် စုစည်းနေရာယူထားသည့် စစ်တပ်ကို ဝိုင်းတိုက်နေစဉ် စစ်ကောင်စီဘက်မှ ရဟတ်ယာဉ်များလွှတ်ကာ လေကြောင်းပစ်ကူပေးသဖြင့် ကာကွယ်ရေးအဖွဲ့များ နောက်ပြန်ဆုတ်ခဲ့ရသည်။
“အဖွဲ့အင်အား လက်နက်အင်အားနဲ့ဆိုရင် ပွဲသိမ်းနိုင်ရမယ့် အခြေအနေပေါ့လေ။ ဒါပေမဲ့ ကျည်အင်အား နည်းတာလည်းပါတယ်၊ လေယာဉ်နှစ်စင်း ထွက်လာတာလည်းပါတယ်။ အဲဒါကြောင့် ပြန်ပြီးတော့ ဆုတ်ခွာခဲ့ရတာပေါ့။ တိုက်ပွဲက အဆုံးမသတ်နိုင်ခဲ့ဘူး” ဟု ပူးပေါင်းတိုက်ခိုက်ရာတွင် ပါဝင်ခဲ့သော ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုဖီးနစ်ဆိုသူက ပြောသည်။
သုံးရက်ကြာ တပ်စွဲနေထိုင်ပြီး ရင်ပေါင်တိုင်ရွာမှ ပြန်ထွက်သွားစဉ် စစ်တပ်က ရွာသား ၂၃ ဦးကို ဓားစာခံအဖြစ် ဖမ်းခေါ်ဆောင်သွားသည်။ ရက်အတန်ကြာမှ ထိုရွာသားများ ပြန်လွတ်လာသည်။ နှစ်ယောက်တစ်တွဲ သုံးယောက်တစ်တွဲ ပြန်လွှတ်ပေးခြင်းဖြစ်ရာ ရွာခံများ ထိုရက်များအတွင်း ရင်တမမစောင့်ခဲ့ရသည်။
စစ်တပ်မရှိတော့သော်လည်း ရင်ပေါင်တိုင်ရွာကို လူအများစု ပြန်မလာရဲကြသေးပေ။ သန့်ရှင်းရေးလုပ်ရန် ရွာသားတချို့သာ ပြန်ရောက်နေသည်။ ရွာအလယ်တွင် ရုပ်အလောင်းများ ပြန့်ကျဲနေသည်။ အဟိတ်တိရစ္ဆာန်ဖြစ်သော မြင်းနှင့် နွားများကိုပါ စစ်သားများက အကြောင်းမဲ့ပစ်သတ်ခဲ့သည်။ ရက်အတန်ကြာသည်အထိ ရွာအတွင်း အပုပ်နံ့ တထောင်းထောင်းထနေဆဲဖြစ်သည်။
ရင်ပေါင်တိုင်ရွာကို ဝင်စီးခဲ့သော စစ်တပ်က အနီးအနားရွာများကို ဆက်ပြီးစစ်ကြောင်းချီသည်။ ရောက်သည့်နေရာတိုင်းတွင် အနည်းနှင့်အများ ဒေသခံများ ဖမ်းဆီးသတ်ဖြတ်ခံရသည်ချည်းပင်။ လူနေအိမ်နှင့် ကားဆိုင်ကယ်ပါမကျန် မီးရှို့ဖျက်ဆီးသည်။
ပုထိုးသာ၊ ချင်ပြစ်၊ ပေါက်သဖ၊ ကပိုင်၊ သီးကုန်း၊ ပေါင်းဝ စသည့်ကျေးရွာများတွင် အိမ်ခြေရာနှင့်ချီပြီး မီးရှို့ဖျက်ဆီးခံရသည်။ စစ်ကောင်စီတပ်က နယ်မြေချင်း ထိစပ်နေသော ယင်းမာပင်၊ ပုလဲနှင့် ကနီမြို့နယ်တစ်ဝိုက် ယနေ့အချိန်ထိ ရွာစဉ်လှည့် မွှေနှောက်ဖျက်ဆီးနေဆဲဖြစ်သည်။
ခုခံတော်လှန်မှုအားကောင်းသည့် စစ်ကိုင်းတိုင်းရှိ မြို့ရွာများကို စစ်ကောင်စီ လိုက်လံနှိမ်နင်းနေသည်မှာ နှစ်ပေါက်ပြီဖြစ်သော်လည်း ထိထိရောက်ရောက် မအောင်မြင်သေးပေ။ ကြွက်မနိုင်ကျီမီးနှင့် ရှို့သည့်နှယ် ဒေသခံ PDF များကို မနိုင်သော စစ်ကောင်စီက ကျေးရွာများကို အငြိုးတကြီးဖိနှိပ်သည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ရေခံမြေခံကောင်းသော ရွာကြီးများမှာ စစ်ကောင်စီ၏ ပစ်မှတ်ဖြစ်လာသည်။
လပေါင်းများစွာကြာလာသော်လည်း ဒေသခံ PDF များကို ကောင်းစွာမထိန်းနိုင်တော့သည့် စစ်ကောင်စီက စီးပွားရေးကောင်းပြီး အချက်အချာကျသော ရွာကြီးများကို ပို၍မဲလာသည်။
ယင်းမာပင်နယ်မှ ရင်ပေါင်တိုင်ရွာ မတိုင်မီကပင် စစ်ကောင်စီက စစ်ကိုင်းတိုင်းရှိ အခြားရွာကြီးများကို ဝင်ရောက်စီးနင်းကာ ပြာပုံဘဝရောက်သည်အထိ ဖျက်ဆီးလျက်ရှိသည်။
ရေဦးနယ်မှ တင်းတိမ်ရံရွာ
ပြီးခဲ့သည့်လကုန်ပိုင်းတွင် ရေဦးမြို့နယ် တင်းတိမ်ရံရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးသည်။ အိမ်ခြေ ၃၀၀ ကျော်နှင့် ဆိုင်ခန်းပေါင်း ၂၀၀ ကျော် ပျက်စီးခဲ့ရသည်။ ရေဦးမြို့အနောက်ဘက် ၁၂ မိုင်ခန့်အကွာရှိ တင်းတိမ်ရံရွာမှာ အိမ်ခြေ ၁၀၀၀ ကျော်ရှိ ရွာကြီးဖြစ်သည်။
ရေဦးနယ်ရှိ တင်းတိမ်ရွာမှာ စိုက်ပျိုးရေးလုပ်ငန်းအပြင် ရောင်းဝယ်ဖောက်ကားရေးကောင်းမွန်သည့် ဒေသဖြစ်သည်။ ဆန်စက်များ၊ ဆီစက်များဖြင့် စည်ပင်ဖွံ့ဖြိုးသည့် ရွာကြီးတစ်ရွာပင်။ တင်းတိမ်ရံဈေးမှာ အနီးအနားရွာများအတွက် အဓိက ကူးသန်းရောင်းဝယ်ရာဌာနဖြစ်သည်။
၎င်းတို့ရွာတွင် အကြီးစားဆန်စက် ၈ လုံး၊ ဆီစက် ၃ လုံးနှင့် မိုဘိုင်းဖုန်းအရောင်းဆိုင် ၇ ဆိုင်ခန့်အထိ ရှိသည်ဟု အသက် ၃၀ အရွယ် တင်းတိမ်ရံရွာသားတစ်ဦးက ပြောသည်။

“အဓိက စီးပွားရေးကတော့ အရောင်းအဝယ်နဲ့ တောင်သူပဲဗျာ။ ဆန်စပါးနဲ့ မြေပဲကို စိုက်ကြတာ။ အရောင်းအဝယ်က အဓိကစီးပွားရေးတစ်ခုပဲ။ ဒီကဆိုင်တွေက လက်ကားလိုဖြစ်နေတာ။ ရွာနီးချုပ်စပ်တွေက သယ်ပြီးတော့ သူတို့ရွာပြန်ရောင်းကြတာ၊ စားသောက်ကုန်တို့ အဝတ်အစားတို့ ငါးခြောက်၊ မြေဆီတို့ပေါ့။ အိမ်ခြေက ၁၂၀၀ ကျော်တယ်” ဟု ထိုရွာသားက ဆိုသည်။
တင်းတိမ်ရွာကို စစ်ကြောင်းထိုးစဉ် ဒေသကာကွယ်ရေးအဖွဲ့နှင့် တိုက်ပွဲဖြစ်ခဲ့သော်လည်း အချိန်တိုအတွင်း၌ပင် စစ်တပ်က ရွာအတွင်း ခြေချနိုင်ခဲ့သည်။ ရွာကို ဝင်ရောက်တပ်စွဲပြီးနောက် စစ်တပ်က မီးစရှို့သည်။ သုံးရက်ကြာ တပ်စွဲထားစဉ် အိမ်ကြီးအိမ်ကောင်းများကို ရွေး၍ မီးရှို့သည်။ တင်းတိမ်ရံဈေးတစ်ခုလုံးလည်း မီးရှို့ခံရသည်။
မြို့ငယ်တမျှ စည်ပင်ဖွံ့ဖြိုးသည့် တင်းတိမ်ရံရွာကြီး ပြာပုံအတိဖြစ်သွားသည်။ အထူးသဖြင့် ဈေးတစ်ခုလုံး အပြီးတိုင် လောင်ကျွမ်း ပျက်စီးနေသည်ကို ကောင်းကင်မှ ရိုက်ကူးထားသော ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရသည်။ အလားတူပင် ဆန်စက်ကြီးများနှင့် အိမ်ကြီးအိမ်ကောင်းများလည်း မီးလောင်ပျက်စီးနေသည်။
“အသံတွေကြားနေရတာ ကြာပြီပေါ့ဗှာ။ ဒီတစ်ခါဝင်ရင်တော့ တစ်ရွာလုံး မီးရှို့မယ်တို့ ဘာတို့ပေါ့ဗျာ။ တိုက်ပွဲဖြစ်ပြီး နောက်နေ့ မီးစရှို့တာ” ဟု တင်းတိမ်ရံရွာသားက ပြောသည်။
ကိုင်းကံနှင့် မူးကမ်းကြီး
ရေဦးမြို့နယ်ရှိ တင်းတိမ်ရံရွာကို ဝင်ရောက်ဖျက်ဆီးပြီးနောက် စစ်ကောင်စီတပ်က နယ်ချင်းထိစပ်နေသော ဒီပဲယင်းမြို့နယ်ကို ဆက်စစ်ကြောင်းထိုးသည်။ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးရင်း ရဟတ်ယာဉ်ဖြင့် စစ်သားများသယ်ဆောင်ကာ အချိန်မရွေးတိုက်ခိုက်တတ်သည်။
ယခုလ ၄ ရက်က ဒီပဲယင်းမြို့နယ် ကိုင်းကံရွာအနီးတွင် ဒေသကာကွယ်ရေးအဖွဲ့များ စစ်ကောင်စီတပ်၏ ရုတ်တရက်တိုက်ခိုက်ခံရသည်။ ဒီပဲယင်းမြို့နယ်အရှေ့ပိုင်းရှိ ကိုင်းကံရွာအနီး PDF များ ခရီးတစ်ထောက် နားနေချိန် စစ်တပ်က ရဟတ်ယာဉ်တစ်စီးဖြင့် ပျံဝဲပစ်ခတ်ကာ အခြားရဟတ်ယာဉ်နှစ်စီးဖြင့် စစ်သားများ ချပေးရင်း ရုတ်ချည်း ဝင်ရောက်တိုက်ခိုက်ခြင်းပင်။
ကိုင်းကံရွာနှင့် ၇ မိုင်ခန့်အကွာ ဒီပဲယင်းမြို့အနောက်ဘက်တွင် စစ်ကြောင်းထိုးနေသည့် စစ်သားများကို ရဟတ်ယာဉ်ဖြင့် ချက်ချင်းသယ်ဆောင်ကာ ထိုသို့တိုက်ခိုက်ခြင်းဖြစ်သည်။
“(ရဟတ်ယာဉ်) ပေါ်က ချထားတဲ့ စစ်ခွေးတွေက ရွာထဲကိုလည်း လှမ်းပစ်တယ်။ ရွာထဲက လူတွေ ထွက်…ထွက်ကြနဲ့။ ပြေးချိန်တော့ ရှိလိုက်မယ်။ ဘာမှ ယူချိန် မရလိုက်ဘူး” ဟု ကိုင်းကံရွာခံ အမျိုးသားတစ်ဦးက ပြောသည်။

ကိုင်းကံနှင့် ကပ်လျက်ရှိ အင်ပင်ယဒင်၊ လျှော်ဖြူ စသည့်ရွာများတစ်ဝိုက်ကိုလည်း ရဟတ်ယာဉ်ဖြင့်ပစ် ခတ်သည့်အပြင် မြေပြင်စစ်ကြောင်းလည်း ထိုးခဲ့သည်။ သုံးရက်တာ တပ်စွဲနေစဉ်အတွင်း စစ်တပ်မီးရှို့သဖြင့် အိမ်ခြေ ၃၀၀ ခန့်ရှိ ကိုင်းကံရွာ ထက်ဝက်နီးပါး ပြာကျခဲ့ရသည်။
“ကျွန်တော်တို့ စိတ်ခိုင်တဲ့သူတောင်မှ မျက်ရည်မထိန်းနိုင်ဘူးပေါ့ဗျာ။ ရွာကြီးက ဟာလာဟင်းလင်းကြီး ဖြစ်သွားတာ။ မီးခိုးတလူလူနဲ့။ တိရစ္ဆာန်သေတာတွေလည်း အများကြီးပဲ။ သတ်ဖြတ်စားသောက်တာတွေ၊ တိုက်ကြီးတွေ ပြိုလဲလို့ပေါ့ဗျာ” ဟု စစ်တပ်ထွက်သွားပြီးနောက် အခြေအနေကို ကိုင်းကံရွာသားတစ်ဦးက ပြောသည်။
စစ်တပ်က ရွာကို မီးရှို့ရုံဖြင့် အားမရပေ။ ၎င်းတို့ချီတက်ရာလမ်းတွင် လူသားဒိုင်းအဖြစ် အသုံးပြုရန် ကိုင်းကံရွာမှ လူ ၃၀ ကျော်ကိုလည်း ဓားစာခံအဖြစ် ဖမ်းသွားသည်။ ဩဂုတ်လ ၈ ရက်နေ့တွင် စစ်တပ်က မူးမြစ်ကမ်းဘေးရှိ မူးကမ်းကြီးရွာကို စစ်ကြောင်းသုံးကြောင်းဖြင့် ဝင်ရောက်စီးနင်းသည်။
ခုခံတိုက်ခိုက်ရန် ဒေသခံကာကွယ်ရေးအဖွဲ့များ စောင့်ဆိုင်းခဲ့သော်လည်း လက်နက်နှင့် လူသူအင်အား မမျှသဖြင့် ဆုတ်ခွာခဲ့ရသည်။ ကာကွယ်ရေးအဖွဲ့များ ဆုတ်သွားပြီးနောက် ညနေပိုင်းမှစ၍ စစ်တပ်က ရွာကို မီးရှို့သည်။
အိမ်ခြေ ၃၀၀၀ နီးပါးရှိ မူးကမ်းကြီးရွာတွင် ၈၀၀ ကျော်အထိ မီးလောင်ပျက်စီးသည်။ အိမ်ကြီးအိမ်ကောင်းများ အပါအဝင် ဆန်စက်များနှင့် စတိုးဆိုင်များ မီးရှို့ဖျက်ဆီးခံရသည်။ စစ်တပ်က လေးရက်ကြာ နေထိုင်ပြီး မီးရှို့ခဲ့ခြင်းဖြစ်သည်။
ဒီးပဲယင်းမြို့အရှေ့တောင်ဘက် မိုင် ၂၀ ကျော်အကွာရှိ မူးကမ်းကြီးရွာမှာ ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း စစ်တပ်၏ မီးရှို့ခြင်းခံခဲ့ရပြီး ထိုစဉ်က အိမ်ခြေ ၂၀၀ ခန့် မီးလောင်ပျက်စီးခဲ့သည်။
စစ်ကိုင်းတိုင်းအတွင်း စစ်တပ်က အကြိမ်ကြိမ်ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးနေသော မြို့နယ်များတွင် ဒီပဲယင်းနယ်မှာ ထိပ်ဆုံးမှဖြစ်သည်။ စီးပွားရေးတောင့်တင်းသည့် ရွာများကို စစ်တပ်က တမင်တကာ ပစ်မှတ်ထား ဖျက်ဆီးနေသည်ဟု စစ်ကိုင်းတိုင်းမှ ဒေသကာကွယ်ရေးအဖွဲ့များက သုံးသပ်သည်။
မြင်းမူနယ်တွင်လည်း ရဟတ်ယာဉ်ဖြင့် အတိုက်ခံရ
မြင်းမူမြို့နယ်ရှိ ရွာအချို့လည်း ပြီးခဲ့သည့်လကုန်ပိုင်းက ရဟတ်ယာဉ်ဖြင့် အတိုက်ခံရသည်။ ယခုနောက်ပိုင်း စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီအသုံးပြုလာသောနည်းဖြစ်သည့် တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ပစ်ခတ်နေစဉ် သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်များဖြင့် စစ်သားများလာချကာ ဝင်ရောက်စီးနင်းခြင်း ဖြစ်သည်။

မြင်းမူမြို့နယ်မှာ စစ်ကိုင်းတိုင်းမြို့တော် မုံရွာနှင့် မန္တလေးမြို့သွားရာ လမ်းမပေါ်တွင်ရှိသည်။ ဧရာဝတီမြစ်မြောက်ဘက်ရှိ မြို့နယ်တစ်ခုဖြစ်ကာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့ကို ဆက်သွယ်ရာ လမ်းမများပေါ်တွင် ရှိသဖြင့် လမ်းပန်းဆက်သွယ်ရေး အထူးကောင်းမွန်သည်။
ပြီးခဲ့သည့်လ ၂၇ ရက်နေ့က မြင်းမူမြို့မြောက်ဘက်ရှိ မူးမန္တလေးရွာကို စစ်တပ်က လေကြောင်းမှနေ၍ ရုတ်တရက် လာရောက်တိုက်ခိုက်သည်။ လွန်ခဲ့သည့်တစ်ရက်တွင် ပျူစောထီးအဖွဲ့ဝင်အချို့ အဖမ်းခံရပြီးနောက် ထိုသို့လာရောက်တိုက်ခိုက်ခြင်းဖြစ်သည်။
စစ်ကိုင်းတိုင်းအလယ်ပိုင်းကို ဖြတ်သန်းစီးဆင်းနေသော မူးမြစ်အနောက်ဘက်ကမ်းရှိ မူးမန္တလေးရွာကို စီးနင်းစဉ် ရွာသားသုံးဦး သတ်ဖြတ်ခံရသည့်အပြင် အိမ်အလုံး ၂၀ ခန့်လည်း မီးရှို့ဖျက်ဆီးခံရသည်။ နောက်ရက်များတွင် စစ်တပ်က အခြားရွာများကို ဆက်၍စစ်ကြောင်းထိုးသည်။
ငါးရက်အကြာတွင် အရာတော်မြို့နယ်အစပ်ရှိ မြင်းမူမြို့နယ် လက်ပံကျင်းရွာကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် ရောက်လာသည်။ မူးမန္တလေးရွာမှ ၃၆ မိုင်အကွာရှိ ထိုရွာကို စစ်တပ်က လေကြောင်းမှ အဦးဆုံး လာရောက် ပစ်ခတ်ပြီးမှ ရဟတ်ယာဉ်နှစ်စီးဖြင့်လည်း ရာဂဏန်းနီးပါးရှိ စစ်သားများလာချကာ ဝင်ရောက်စီးနင်းခြင်းဖြစ်သည်။
ရုတ်တရက် စစ်သားများရောက်လာချိန်တွင် ရွာအတွင်း သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ အပါအဝင် စုစုပေါင်း လူပေါင်း ၁၆၀ ခန့် ပိတ်မိသွားကာ ဓားစာခံအဖြစ် တစ်ရက်ကျော် အဖမ်းခံရသည်။ ရွာကို ဝင်စီးသည့် စစ်တပ်က အမျိုးသား ၇ ဦးနှင့် အမျိုးသမီးတစ်ဦးကိုလည်း သတ်ဖြတ်ခဲ့သည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ပံကျင်းရွာမှ စာသင်ကျောင်းမှာ နံရံများပွင့်ထွက်သည်အထိ ဆိုးဆိုးရွားရွား ပျက်စီးသွားသည်။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ မုံရွာနှင့် တပ်မ ၃၃ အခြေစိုက်ရာ စစ်ကိုင်းမြို့ကြားရှိ မြင်းမူမြို့နယ်ရှိရွာများကို စစ်တပ်က ရဟတ်ယာဉ်များအသုံးပြုကာ အပြင်းအထန် တိုက်ခိုက်ခဲ့သည်။
ယခုလအတွင်း မြင်းမူအပါအဝင် ယင်းမာပင်၊ ဒီပဲယင်း၊ တန့်ဆည်၊ ရေဦး၊ ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်း၊ ကသာမြို့နယ်များတွင် စစ်ကောင်စီက ဝေဟင်မြေပြင် ပူးတွဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ စစ်ကိုင်းတိုင်းအထက်ပိုင်း မြို့နယ်များတွင် ဂျက်တိုက်လေယာဉ်များဖြင့်ပါ ဗုံးကြဲခဲ့သည်။
စစ်ကောင်စီ၏ ထိုသို့သော တိုက်ခိုက်မှုများအတွင်း ဒေသခံ ၄၇ ဦးအထိ သေဆုံးခဲ့ရပြီး နေအိမ်နှင့် ဈေးဆိုင်ခန်းများ အပါအဝင် အဆောက်အအုံပေါင်း ၁,၆၀၀ နီးပါး မီးလောင်ပျက်စီးခဲ့သည်။
အာဏာသိမ်းပြီးနောက် ယခုနှစ် မေလအထိ တစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် လူနေအိမ်ပေါင်း နှစ်သောင်းနီးပါး ပျက်စီးခဲ့ရာ သုံးပုံနှစ်ပုံမှာ စစ်ကိုင်းတိုင်းမှဖြစ်ကြောင်း ထိုအချက်အလက်များကို စာရင်းပြုစုနေသည့် Data for Myanmar အဖွဲ့က ဆိုသည်။
ရိုးရာအမဲလိုက် တူမီးသေနတ်ဖြင့် လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့သော စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီဘက်က ဗုံးကြဲလေယာဉ်များနှင့် ရဟတ်ယာဉ်များ အဆက်မပြတ်သုံးရသည်အထိ အခြေအနေဆိုးရွားလာနေသည်။
“ကျွန်တော်တို့ကြုံဖူးသမျှ အပြင်းထန်ဆုံးပဲ။ အရင်ကပစ်ရင် တစ်ကြိမ်ပဲ။ ခုက အကြိမ်ကြိမ်ကို လာပစ်နေတာ။ ကျွန်တော်တို့က မြေပြင်ပဲတိုက်နေတဲ့ အနေအထားပဲရှိတာ” ဟု ယင်းမာပင်မြို့နယ်မှ ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
လက်ရှိအချိန်ထိ လက်လုပ်သေနတ်နှင့် ခဲယမ်းများကိုသာ အားကိုးအားထားပြုနေရသည့် ဒေသကာကွယ်ရေးအဖွဲ့များက စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကို ရင်ဆိုင်ခုခံရေး ဝေဟင်ပစ်လက်နက်များ တောင့်တနေကြသည်။
“ဝေဟင်ကလာတဲ့အန္တရာယ်ကို ကာကွယ်ပေးနိုင်တဲ့လက်နက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီမှာ ရှိနေမှဖြစ်မယ်။ အနည်းဆုံး အာပီဂျီလောက်တော့ ရှိနေမှရမယ်။ အဲ့လိုမှမဟုတ်ရင် ဝေဟင်ကလာတဲ့အန္တရာယ်ကို ကျွန်တော်တို့ ဘယ်လိုမှတားဆီးနိုင်မှာ မဟုတ်ဘူး။ အမြဲတမ်း ကြောက်လန့်နေရဦးမှာပဲ” ဟု အထက်ပါ ကာကွယ်ရေးအဖွဲ့ဝင်က ဆိုသည်။
ပြင်းထန်သော လေကြောင်းအသုံးပြုထိုးစစ်များအတွင်း ရွာလုံးကျွတ်မီးရှို့ခံရခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းများ ရှိနေသော်လည်း စစ်ကိုင်းတိုင်းမှ ဒေသခံများ၏ တော်လှန်စိတ်ဓာတ် လျော့ကျမသွားပေ။ နာကြည်းခံပြင်းစိတ်ဖြင့် တော်လှန်ရေးအလံ တလူလူလွှင့်နေဆဲသည်။
ထိုသူများတွင် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုကို မျက်ဝါးထင်ထင် ရင်ဆိုင်ခဲ့ရသည့် ရင်ပေါင်တိုင်ရွာမှ အကြော်သည် ဒေါ်ဝင်းလည်း အပါအဝင်ပင်။
“နိုင်ပြီးသားပဲ။ အရှုံးဆိုတာ လုံးဝမှ မရှိရဘူး”
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)