သတင်း

စစ်ကောင်စီယာဉ်တန်း ကလေး-တမူးလမ်းတွင် ဖြတ်တိုက်ခိုက်ခံရ

တမူးမြို့အတွင်းကို အင်အားဖြည့်ရန် လာရောက်သည့် စစ်ကောင်စီယာဉ်တန်းကို စစ်ကိုင်းတိုင်းအနောက်ပိုင်း ကလေးမြို့နယ်နှင့် တမူးမြို့နယ်အစပ်တွင် ဩဂုတ် ၃၀  ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

စစ်ကောင်စီယာဉ်တန်း ကလေးမြို့နှင့် မိုင် ၂၀ ကျော်ခန့် ဝေးသည့် ကလေး-တမူးကားလမ်း ကံလှရွာအနီးရှိ ကျွန်းစိုက်ခင်းအနီးရောက်စဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း PDF ကလေးတပ်ရင်း (၁) တာဝန်ခံ ကိုနေ့သစ်က ဆိုသည်။

“အသင့်တပ်ဆင်ထားတဲ့ မိုင်းကိုဖောက်လိုက်တာဗျ၊ စစ်ကားငါးစီးမှာ တစ်စီးက ချောက်ထဲကို ပြုတ်ကျသွားတယ်၊ တစ်စီးကတော့ လုံးဝ အပြင်းအထန် ပျက်စီးသွားတယ်” ဟု ပြောသည်။ 

ကား ၅ စီး နှင့် လူအင်အား ၅၀ မှ ၁၀၀ ကြား ပါသည့် စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးအဖွဲ့ဝင်များ ပူးပေါင်းတိုက်ခိုက်မှုတွင် ထိခိုက်သေဆုံးမှု မည်မျှ ရှိသည်ကို မသိရသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ 

စစ်ကားတစ်စီး လမ်းဘေးချောက်ထဲ ကျသွားသည်ဟုလည်း တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“တမူးဘက်ကို ဖိဖို့သွားတာဗျ။ စစ်ကားတစ်စီး ချောက်ထဲကျသွားတာတော့ မျက်မြင်ပဲ” ဟု ပြောသည်။

အဆိုပါတိုက်ခိုက်ခံရမှုအပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိ တိုက်ခိုက်ခံရမှုများကို စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိဘဲ သတင်းအမှောင်ချထားဆဲဖြစ်သည်။

ကလေးမြို့တွင်း၌လည်း ပြည်သူကာကွယ်ရေးအဖွဲ့များအနေဖြင့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပြောက်ကျားတိုက်ခိုက်ခြင်းများ ရှိသည့်အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာနေရာနှင့် အဝေးဆုံးတွင် နေထိုင်ရန် PDF ကလေးတပ်ရင်း (၁) တာဝန်ခံ ကိုနေ့သစ်က သတိပေးသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၉ ရက်နေ့ကလည်း ကလေးမြို့တောင်ဘက် မြောက်စီးရွာတွင် စစ်ကြောင်းထိုးလာစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့သည်။

အာဏာသိမ်းစစ်တပ်ကို အစောဆုံး လက်နက်ကိုင် ပြန်လည်ခုခံခဲ့သည့်ဒေသများတွင် ပါဝင်သည့် ကလေးမြို့သည် တော်လှန်ရေး တစ်နှစ်ကျော်သည်အထိ ခုခံတိုက်ခိုက်မှုများ အားကောင်းနေဆဲဖြစ်သည်။ မြေပေါ်လှုပ်ရှားမှုအဖြစ် နေ့စဉ်မပြတ် ချီတက်ဆန္ဒပြနေခဲ့သည်မှာ ရက်ပေါင်း ၅၇၀ ကျော် ရှိနေပြီ ဖြစ်သည်။ မြို့ပေါ်တွင် စစ်ကောင်စီတပ်၏ရန်ကို စိုးရိမ်ရသဖြင့် ဆန္ဒပြမှုမှာ ကျေးလက်ဒေသသို့ ရွှေ့သွားသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button