သတင်း

စစ်တပ်ဝင်သည့် ကျွန်းလှမြို့တွင် ၆ နှစ်သား အပါအဝင် ဒေသခံ ၉ ဦး သေဆုံး

စစ်ကောင်စီတပ်သားများ ၄ ရက်ကြာ တပ်စွဲခဲ့သည့် စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် တည်ပင်ဆိပ်ရွာတွင် ရုပ်အလောင်း ၉ လောင်းကို ဩဂုတ်လ ၂၉ ရက်တွင် တွေ့ခဲ့ရသည်ဟု ဒေသခံ သတင်းရင်းမြစ်များနှင့် ကန့်ဘလူခရိုင်PDF တာဝန်ရှိသူတို့က ပြောသည်။

စစ်ကောင်စီတပ်သားများ ရွာအတွင်း ဝင်ရောက်လာချိန်တွင် ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်သဖြင့် သေဆုံးသူ ၂ ဦး ရှိသည်၊ မီးလောင်ပြာကျနေသည့် နေအိမ် ၂ လုံးအတွင်းမှ ပျက်စီးနေသည့် ရုပ်အလောင်း ၄ လောင်း၊ ဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်း ၂ လောင်း၊ မူးချောင်းအတွင်း မျောပါနေသည့် ရုပ်အလောင်း ၁ လောင်းတို့ကို တွေ့ရသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ် ပြန်ထွက်သွားချိန် ဒေသခံများက ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်လာစဉ် ရုပ်အလောင်းများကို တွေ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

သေဆုံးနေသူ ၉ ဦးရှိကြောင်း အတည်ပြုနိင်ပြီး ရုပ်အလောင်းများမှာ ပျက်စီးနေသဖြင့် မည်သူမည်ဝါဖြစ်သည်ကို မသိနိုင်သေးဟု ကန့်ဘလူခရိုင် PDF တာဝန်ရှိသူက ပြောသည်။

တည်ပင်ဆိတ်ကျေးမှ ဒေသခံတစ်ဦးကမူ ဩဂုတ်လ ၂၅ ရက်တွင် စစ်ရဟတ်ယာဉ်သုံးစီးက မြေပြင်ကို ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဆိုသည်။

မူးချောင်းကို လှေများဖြင့် ထွက်ပြေးစဉ် ပစ်ခတ်ခံရကာ ဒေသခံတစ်ဦး ထိမှန်သေဆုံးပြီးရွာထဲတွင် ကလေးငယ်တစ်ဦး လက်နက်ကြီးကျည်စ ထိမှန် သေဆုံးသွားသည်ဟု ဆိုသည်။

“လေယာဉ်နဲ့ ပစ်ဝင်ဝင်တာဆိုတော့ ကလေးတွေရော သေတာပေါ့ဗျာ၊ အဲနေ့က နှစ်ယောက်သေတယ်ဗျ ရဟတ်ယာဉ်ပေါ်ကနေ ပစ်တာဗျ ၊စက်သေနတ်နဲ့ထင်ပါတယ်၊ အဲအချိန်မှာထိသွားတာဗျ၊ လှေပေါ်ကလူကို ထိသွားတာဗျ ရွာထဲမှာတော့ ကလေးတစ်ယောက်သေသွားတာ” ဟုပြောသည်။

လှေပေါ်တွင် သေဆုံးခဲ့သူသည် အသက် (၃၂) နှစ်ခန့်အရွယ် ကိုနိုင်ဝင်းဆိုသူဖြစ်ပြီး ကျေးရွာတွင်း သေဆုံးခဲ့သည့် ကလေးမှာ အသက် ၆ နှစ်သာ ရှိသေးကြောင်းသိရသည်။

ကျေးရွာဘေး မူးချောင်းထဲတွင် ယောက်ဖတော်စပ်သူ ဦးတင်မင်း (၆၀နှစ်) ကိုလည်း သေနတ်ဒဏ်ရာမျာနှင့် သေဆုံးနေသည်ကို တွေ့ရကြောင်း အထက်ပါဒေသခံက ပြောသည်။

“ကျွန်တော့် ယောက်ဖကို ရွာဘေးနားက မူးချောင်းတွေထဲမှာ တွေ့တာ၊ သေနတ်ဒဏ်ရာ တစ်ချက်တွေ့တယ်၊ ရင်ဘတ်မှာ မှန်ထားတာဗျ” ဟု ပြောသည်။

ထို့အပြင် ရွာနောက်ပိုင်းမှ မီးလောင်ပြာကျနေသည့် နေအိမ်အတွင်းမှ မည်သူမည်ဝါ ခွဲခြားမရသည့် ရုပ်အလောင်းလေးလောင်း၊ နေအိမ်ခြံဝင်းတစ်ခုအတွင်းမှ ဒေသခံရွာသားမဟုတ်သည့် ရုပ်အလောင်းတစ်လောင်းကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်ဟုလည်း တည်ပင်စိတ်ရွာ ဒေသခံ နောက်တစ်ဦးက ပြောသည်။

နေအိမ်နှစ်လုံးထဲတွင် တွေ့ရှိခဲ့ရသည့် မီးလောင်ထားသည့် ရုပ်ကြွင်းများမှာ လူ ၅ ၏ ရုပ်ကြွင်းများ ဖြစ်နိုင်သည်ဟု ဒေသခံအချို့က ပြောသည်။

ထို့အပြင် အသက် ၈ အရွယ် ကလေးငယ်တစ်ဦးလည်း လက်နက်ကြီးစ ထိမှန်သေဆုံးပြီးနောက် မူးချောင်းထဲကို မျှောခံလိုက်ရကြောင်း မျက်မြင်တွေ့ရှိသူများကို ကိုးကားပြီး အထက်ပါဒေသခံများက ပြောသည်။

ထိုဖြစ်ရပ်များအကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးသလို Myanmar Now ကလည်း သီးခြား အတည်မပြုနိင်သေးပေ။

စစ်ကောင်စီတပ်သားများသည် တည်ပင်ဆိပ်ရွာကို ရဟတ်ယာဉ်သုံးစီးဖြင့် ၂ ခေါက် လာရောက်ခဲ့ပြီး၊ အင်အား ၁၆၀ ခန့် ထိရှိနိုင်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ဩဂုတ်လ ၂၆ ရက်တွင် အင်အား ၈၀ ခန့်က တည်ပင်စိတ်ရွာမှ ထွက်ခွာသွားပြီး မြောက်ဘက် ၁၀မိုင်နီးပါးတွင်ရှိသည့် အိမ်ခြေရွာမှနေအိမ် ၁၃၂လုံး၊ အင်းလျားရှည်ရွာမှ နေအိမ် ၁၇ လုံးကို မီးရှို့ခဲ့ပြီး ဆက်လက် စစ်ကြောင်းထိုးနေကြောင်း သိရသည်။

Show More

Related Articles

Back to top button