အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွှေကျင်တွင် စစ်တပ်၏ လက်နက်ကြီးကြောင့် ရွာခံ နှစ်ဦးသေဆုံး၊ သုံးဦး ဒဏ်ရာရ

ယနေ့ (ဩဂုတ် ၃၀) နံနက်တွင် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဒေသခံနှစ်ဦး သေဆုံးပြီး ကလေးနှစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

နံနက် ၅ နာရီတွင် ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) ၏ တပ်သားများက ရွှေကျင်-ကျောက်ကြီး ကားလမ်းပေါ်ရှိ တပ်စခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာခဲ့ရကြောင်း၊ လက်နက်ကြီးနှင့် ပစ်သဖြင့် စခန်းအနီး သံဆိပ်ကျေးရွာမှ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ထိုတိုက်ပွဲအကြောင်း သိရှိသူတစ်ဦးက ပြောသည်။

ဒဏ်ရာရသူများထဲတွင် ၃ နှစ်အရွယ် မိန်းကလေးနှင့် ၁၀ နှစ်အရွယ် ယောင်္ကျားလေး ပါဝင်ကြောင်း၊ ကျန် တစ်ဦး မည်သူမည်ဝါဖြစ်သည်ကို မသိရသေးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ “ရိုးမ” ပဲခူးတိုင်း တပ်ရင်း ၃၇၀၂ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ယခု ရွာက ပြေးနေကြတော့ လူကြီးက ကျား မ သေချာ အတည်မပြုနိုင်ပါ။ စကစ စစ်ကြောင်း ပြန်ထိုးလာလို့ အကုန်ပြေးကုန်ပြီ ဆက်သွယ်မရတော့ပါ။ ကျွန်တော့်ဘက်က ဒီလောက်ပဲ သတင်းရနိုင်မှာပါ” ဟု ၎င်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကလေးနှစ်ဦးအနက် တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည်ဟု ဆိုသည်။

“စစ်ကောင်စီဘက်က စခန်းစွန့်ခွာထွက်ပြေးပြီး တစ်ဦး ဒဏ်ရာရတယ်လို့ကြားတယ်၊ အတည်တော့ မပြုနိုင်သေးပါ။ KNLA ဘက်က ထိခိုက်မှုမရှိဘူးလို့ လက်ရှိအနေအထားရသိရပါတယ်” ဟု ထိုတပ်ဖွဲ့ဝင်က ပြောသည်။

ရွှေကျင်မြို့နယ် သံဆိပ်ကျေးရွာသည် ရွှေကျင်မြို့မြောက်ဘက် ၁၀ မိုင်အကွာတွင် တည်ရှိပြီး KNU တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင် အတွင်း ပါဝင်သည်။

ယနေ့ ညပိုင်းတွင် ပဲခူး ဆေးရုံမှ တဆင့် ရန်ကုန်ဆေးရုံသို့ လွှဲပြောင်းလိုက်ကြောင်း ၊ ယောင်္ကျားလေး ကလေးငယ်မှာ စိုးရိမ်ရကြောင်း ရွှေကျင်မြို့နယ်မှ စစ်ရှောင်အရေး ကူညီသူတစ်ဦးက ပြောသည်။

ဩဂုတ်လ ၁ ရက်မှ ၁၅ ရက်နေ့အတွင်း ညောင်လေးပင်ခရိုင်တွင် တိုက်ပွဲ ၂၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၅၇ ဦး သေဆုံးကြောင်း KNU က ဩဂုတ် ၂၄ တွင် သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူကို ပစ်မှတ် ထားသော လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ကြောင်း KNU က ဆိုသည်။

ညောင်လေးပင်ခရိုင်၌ ထိုနှစ်ပတ်အတွင်း ရွာသားနှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး အမျိုးသမီးနှင့် ကလေး အပါအဝင် ရွာသားများကို ဖမ်းဆီးချုပ်နှောင်ပြီး ငွေညှစ်ခဲ့သည်၊ လုပ်အားပေးစေသည့်အပြင် ပြည်သူ ပိုင် ကျွဲ၊ နွားများ၊ ရိက္ခာများကို အဓမ္မယူဆောင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီကမူ ၎င်းတို့က ပြည်သူလူထုကို အကာအကွယ်ပေးနေခြင်းဖြစ်ကြောင်း မကြာခဏ ပြောဆိုလေ့ ရှိသည်။

လက်ရှိတွင် ညောင်လေးပင်ခရိုင် လယ်ဒို (ကျောက်ကြီး)မြို့နယ်၊ မူး(မုန်း)မြို့နယ်၊ ဆောထိ(ရွှေကျင်) မြို့နယ်တို့ရှိ ပြည်သူလူထု ၆၁၈၉၈ ဦး စစ်ဘေးရှောင်နေရကြောင်း KNU စာရင်းများအရ သိရပြီး တပ်မဟာ ၆ ခုလုံးတွင် စစ်ရှောင် ၃ သိန်းကျော်အထိ ရှိနေကာ အကူအညီများ လိုအပ်နေသည်။

မြန်မာပြည်တောင်ပိုင်း စစ်ရှောင်များကို နိုင်ငံတကာက ထိတွေ့နိုင်ခြင်း မရှိသေးပေ။

ဤအတောအတွင်း လှုံ့ဆော်သူတချို့က ကရင်ဒေသ နေရပ်စွန့်ခွာရသူများအတွက် ရန်ပုံငွေ ရရှိရန် အွန်လိုင်းတွင် ကြိုးပမ်းနေကြပြီး အင်တာနက်သုံးနိုင်သူများ ပါဝင်အားဖြည့်နိုင်ကြောင်း ဖိတ်ခေါ်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button