သတင်း

ကူးစက်ရောဂါရှိသူကိုပင် စစ်တပ်က ထွက်ခွင့်မပေးတော့

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း နိုင်ငံအနှံ့ ခုခံမှုများကြောင့် စစ်မျက်နှာများစွာဖွင့်ထားရသည့် စစ်ကောင်စီက ကူးစက်ရောဂါရှိသူများကိုပင် တပ်မှထွက်ခွင့်မပြုတော့ဟု စစ်တပ်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ယခင်က အသည်းရောင်အသားဝါ Bပိုး၊ Cပိုး ကူးစက်ခံထားရသည့် တပ်ဖွဲ့ဝင်များ အနားယူခွင့်ရသော်လည်း ယခုတွင် A ဟု အတိုကောက် ခေါ်ကြသော ခုခံအားကျဆင်းမှုရောဂါ (AIDS) ရှိသူများပင် အလွယ်တကူထွက်ခွင့်မရတော့ဟု ၎င်းတို့က ပြောသည်။

“A နဲ့တောင် ဆေးဘုတ်အဖွဲ့တွေ သေသေချာချာ စိစစ်ပြီးမှ ထွက်ခွင့်ပေးတာ။ ထွက်ချင်တယ်ဆိုရင်တော့ ပြဿနာဖြစ်အောင်လုပ်၊ အမှုတစ်ခုခုဖြစ်အောင်လုပ်ပြီး လူကြီးအကန့်နဲ့ သေသေချာချာ ပိုင်မှ လုပ်ပြီး ထွက်ရင်တော့ ရချင်ရလိမ့်မယ်။ ဒါက ပိုက်ဆံလည်း အတော်ကုန်တယ်။ သိပ်သေချာတဲ့ နည်းလမ်းတော့ မဟုတ်ဘူး” ဟု တာဝန်ထမ်းဆဲ စစ်သားတစ်ဦးက ပြောသည်။

တရားဝင်စာထုတ်ပြန် တားမြစ်ခြင်းမျိုးမဟုတ်သော်လည်း ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးသို့ အာဏာသိမ်းစစ်ခေါင်းဆောင်က နှုတ်ဖြင့် ညွှန်ကြားထားသည်ဟု ကြားသိရကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် ဗိုလ်ကြီးဇင်ယော်က ပြောသည်။

လက်ရှိတွင် တိုက်ပွဲ၌ ကိုယ်လက်အင်္ဂါချို့ယွင်းသွားသူများ၊ စိတ်ရောဂါရနေသူများသာ ထွက်ခွင့် လွယ်ကူကြောင်း၊ ပင်စင်ယူရမည့် အသက်အရွယ်ကိုပါ ၆၀ မှ ၆၂ နှစ်ထိ စစ်ကောင်စီက တိုးမြှင့်ပြီးဖြစ်၍ မသေမချင်း တာဝန်ထမ်းဆောင်ရမည့် သဘောဖြစ်နေကြောင်း ၎င်းက သုံးသပ်သည်။

“တစ်နိုင်ငံလုံးမှာ စစ်ဆိုင်ထားရတယ်။ သူတို့ အင်အားလျော့လို့မရတော့ဘူး။ အဲဒါကြောင့် ဝင်ပြီးသားသူတွေကို ပေးမထွက်တော့ဘူး။ သေမှ ထွက်ချင်ထွက်ပေါ့။ အရှင်မထွက်ခိုင်းတော့ဘူး” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။

၎င်းတို့နေထိုင်သည့် တပ်ဝင်းထဲတွင် ကင်ဆာရောဂါ နောက်ဆုံးအဆင့်ဖြစ်နေသည့် ရဲဘော်တစ်ယောက်မှာ တပ်မှထွက်ခွင့်မရသလို လုံခြုံရေးတာဝန်အချို့ပင် ထမ်းဆောင်နေရကြောင်း အသက် ၅၀ ကျော်အရွယ် တပ်ကြပ်ကြီးတစ်ဦး၏ သမီးက ပြောသည်။

“သေမှ အမိန့်ကြေညာစာပြန်သလိုဖြစ်နေပြီ၊ ပေးမထွက်ဘူး။ .. ညီမတို့က ရွေးချယ်စရာ အများကြီးမရှိဘူး၊ စစ်တပ်အာဏာသိမ်းပြီးပြည်သူတွေကို သတ်ဖြတ်နေတာကို လက်မခံနိုင်ပေမဲ့ အသက်ကြီးနေတဲ့ အဖေမျက်နှာကြည့်ပြီး တပ်ထဲမှာ နေနေရတာပဲ” ဟု ၎င်းက ဆိုသည်။

ထိုအမျိုးသမီးပြောသည့် ဖြစ်စဉ်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ 

သို့သော် တပ်တွင်း သန့်ရှင်းရေးလုပ်စဉ် သစ်ပင်ပိ၍ သရက်ရွက်ထုတ်ထားရသည့်တိုင် ၂၅ နှစ်လုံးလုံး ထွက်ခွင့်မရဘဲ ရှေ့တန်းပို့ခံရသည့် တပ်ကြပ်ကြီး တင်စိုး၏ ဖြစ်စဉ်မှာ ထင်ရှားသည်။ 

၎င်းတာဝန်ကျသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သေ့ဘောဘိုးစခန်းကို မေ ၁၉ ရက်တွင်  တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ပြီးနောက်တွင် တပ်ကြပ်ကြီးတင်စိုးမှာ သုံ့ပန်းဘဝ ရောက်နေရသည်။

ထွက်ခွင့်မကျဘဲဖြစ်နေသည့် စစ်ဗိုလ်ဇနီးသည်၏ အဆိုအရ လက်ရှိတွင် ရှေ့တန်းမထွက်ရသည့် တပ်မတော်သားများသည်ပင်လျှင် တပ်တွင်းဖိအားများကြောင့် မပျော်ပိုက်ဖြစ်နေကြကြောင်း သိရသည်။

မြို့ပြ၌ တာဝန်ကျရာနေရာတွင် ဒေသကာကွယ်ရေးအဖွဲ့တို့၏ တိုက်ခိုက်မှုခံရပါက အစစ်ဆေးခံရ၊ အပြစ်ပေးခံနေရကြောင်း လုံခြုံရေးအရ အသေးစိတ် ထုတ်ဖော်မပြောလိုသည့် ထိုအမျိုးသမီးက ဆက်ပြောသည်။

“ယောက်ျားက ရှေ့တန်းမထွက်ရဘူး။ လုံခြုံရေးပဲ တာဝန်ယူရတာတောင် နေ့စဉ် စိုးရိမ်စိတ်တွေနဲ့ နေနေရတာ၊ တပ်ထဲမှာ လိုက်မနေတဲ့ ကိုယ်လည်း နေ့စဉ် စိတ်ပူနေရတာ။ ကိုယ်တာဝန်ယူရတဲ့နေရာ ပြဿနာဖြစ်လို့ကတော့ ခုံရုံးတက်ပြီး စစ်ဆေးခံရတော့တာပဲ” ဟု ၎င်းက ပြောသည်။

အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးအဖွဲ့တို့အကြား ၂၀၂၁ ဇွန်မှစ၍ တစ်နှစ်အတွင်း နိုင်ငံအနှံ့ တိုက်ပွဲပေါင်း ၅,၀၀၀ ကျော် ဖြစ်ခဲ့ကာ စစ်တပ်ဘက်မှ ၂၀,၀၀၀ နီးပါးသေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယခုလဆန်းတွင် ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းပြီး ၁၄ လအတွင်း CDM ပါလာသော တပ်မတော်သားနှင့် ရဲဝန်ထမ်းဦးရေ ၁၀,၀၀၀ နီးပါးရှိပြီဟု NUG က ဧပြီ ၁၈ တွင် ထုတ်ပြန်ထားသည်။ ထိုအထဲတွင် စစ်တပ်မှ  ၃ဝဝဝ ကျော် ပါဝင်နေသည်။ စစ်တန်းလျားမှ ထွက်လာပြီးနောက်ပိုင်း  NUG နှင့် အဆက်အသွယ်မလုပ်သူများလည်း ရှိနိုင်သည်ဟု ဆိုသည်။

စစ်တပ်တွင် နှစ်ပေါင်း ၄၀ နီးပါး တာဝန်ထမ်းခဲ့သည့် စစ်မှုထမ်းဟောင်းတစ်ဦးက စစ်ထဲဝင်လိုသူလည်း မရှိတော့ကြောင်း ပြောသည်။

“ခုနောက်ပိုင်းကတော့ မလွယ်တော့ဘူး။ အာဏာသိမ်းပြီးနောက်ပိုင်း ပိုဆိုးတယ်၊ စစ်တပ်က အဝင်မရှိသလို၊ အထွက်လည်း ပေးရှိတော့မှာ မဟုတ်ဘူး” ဟု သူက သုံးသပ်သည်။ 

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ မကွေး စသည့် ပြည်နယ်နှင့်တိုင်းများ၊ မြို့ကြီးများတွင် တိုက်ခိုက်ခံနေရသည့် စစ်ကောင်စီတပ်သည် အင်အားလိုအပ်လာသဖြင့် လက်နက်ထုတ်လုပ်ရေးတပ်များကိုပါ တိုက်ခိုက်ရေးတွင် သုံးရန် ပြင်ဆင်နေသည်ဟု စစ်သည်မိသားစုဝင်တစ်ဦးနှင့် ဗိုလ်ကြီးဇင်ယော်က Myanmar Nowကို ပြောထားသည်။

ထိုအခြေအနေတွင် ခုခံသူများကို နှိမ်နင်းရန် စစ်ကောင်စီက ပြည်သူ့စစ်များဖွဲ့နေပြီး ထိုအဖွဲ့များကို အများက ပျူစောထီးဟု သိကြသည်။ ထိုအဖွဲ့များထဲတွင် အသက်အရွယ်ကြီးရင့်နေသည့် အငြိမ်းစားဝန်ထမ်းများလည်း ပါဝင်နေသည်ဟု သတင်းများထွက်ပေါ်နေသည်။

စစ်ကောင်စီက သူ၏ အင်အားနှင့် ပတ်သက်ပြီး နှုတ်ဆိတ်နေဆဲဖြစ်ပြီး နောက်တန်းတပ်တချို့တွင် စစ်သားဇနီးများကို ကင်းစောင့်ခိုင်းထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button