သတင်း

အတိုက်ခံရသည့် စစ်ကောင်စီတပ်က မောင်တောမြောက်ပိုင်းကို လေကြောင်းမှ ပစ်ခတ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ခမောင်းဆိပ်မြို့တွင် တိုက်ပွဲပြင်းထန်နေရာ ယမန်နေ့(ဩဂုတ် ၂၇)  ညနေပိုင်းတွင်  စစ်ကောင်စီတပ်က ရဟတ်ယာဉ် နှစ်စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဩဂုတ် ၂၆ မွန်းလွဲပိုင်း ရက္ခိုင့်တပ်တော် (AA) က ခမောင်းဆိပ်ဗျူဟာကုန်းကို ဝင်တိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ အသုံးပြုခြင်း ဖြစ်သည်။

“တိုက်ခိုက်ရေး လေယာဉ်နှစ်စီးနဲ့ ပစ်နေတာကို မြင်နေရတယ်။ အမြင့်ပျံပြီး ပစ်နေတာမဟုတ်ဘူး။ အနိမ့်လေးပျံပြီး ပစ်နေတာ။ (ဩဂုတ် ၂၆) တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာအနီးဝန်းကျင်ကို ပစ်နေတာ မြင်နေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

“နှစ်စီးလုံး နာရီဝက်လောက်ပစ်ပြီးတော့ ဘူးသီးတောင်ဘက်ကို ပြန်သွားပါပြီ။ (ပစ်ခတ်မှုက) နန်းရာကိုင်းနဲ့ လေးမြို့ ကေတီကျေးရွာကြားဆိုပေမဲ့ လေးမြို့ ကေတီရွာနဲ့ နီးတယ်၊ လေယာဉ်နဲ့တိုက်ခိုက်တဲ့ အနီးမှာ ရွာရှိတယ်ဆိုတော့ အဲဒီရွာထဲကို မကျဘူးလို့ မပြောနိုင်ဘူးလေ၊ အဲဒီရွာက လူတွေအတွက် စိတ်ပူရတယ်”  

လေးမြို့ကေတီကျေးရွာသည် ခမောင်းဆိပ်၏ အရှေ့ဘက် တစ်မိုင်ခန့်အကွာတွင် ရှိပြီး ရခိုင်မျိုးနွယ်စုဝင် မြိုတိုင်းရင်းသားအများစု နေထိုင်သည်။

ရဟတ်ယာဉ် လာရောက်ပစ်ခတ်ပြီး နောက်ဆက်တွဲ အခြေအနေများကို Myanmar Now က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။ ထိုတိုက်ပွဲနှင့် ပတ်သက်ပြီး နှစ်ဖက်အဖွဲ့အစည်းများဘက်ကလည်း တစ်စုံတရာ ထုတ်ပြန်ခြင်းမရှိသေးပေ။

ခမောင်းဆိပ်တွင် သြဂုတ် ၂၆ ရက်၊ ညနေ ၃ နာရီခန့်က စတင်ပြီး ၄ နာရီကျော်အထိ တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့ပြီး သြဂုတ် ၂၇ နေ့  နံနက်၂ နာရီခန့်က စတင်ပြီး ၅ နာရီခန့် တစ်ကြိမ် အပြန်အလှန်ပစ်ခတ်သံများကို ကြားလိုက်ရကြောင်း ထိုဒေသရှိ ပညာရေးဝန်ထမ်းများထံမှ သိရသည်။

ခမောင်းဆိပ် အထက ကျောင်းတွင် တာဝန်ကျနေသည့် ကျောင်းဆရာ/မ များမှာ မင်းခမောင်းကျောင်း၏ ဝန်ထမ်းဆောင်တွင် နေထိုင်ကြခြင်း ဖြစ်သည်။

လက်နက်ကြီးကျရောက်ခဲ့သော မောင်တောမြို့နယ်၊ တောင်ပြိုကားလမ်းဘေးရှိ မင်းကြီးကျေးရွာအား ယမန်နှစ် ၂၀၂၁ ခုနှစ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

ခမောင်းဆိပ်သို့ တက်လာသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခုမှာ မင်းခမောင်းရွာအနီးအ‌ရောက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ သိလိုက်ရသလောက်ကတော့ အောက်ပိုင်းကနေတက်လာတဲ့ စစ်ကြောင်းတစ်ခု မင်းခမောင်းရွာနားက မူလတန်းလွန်ကျောင်းအဆောင်ရှေ့မှာ ရပ်ပြီးတော့ ပစ်တယ်။ ပစ်တဲ့အချိန်မှာ ကျွန်တော်တို့ နေတဲ့အဆောင်မှာ တစ်ချက် ကျတယ်။ ကျောင်းဆရာ၊ ဆရာမတွေအားလုံး ရွာထဲကို ဝင်ပြေးကြတာ” ဟု ထိုပညာရေးဝန်ထမ်းက ဆိုသည်။

စာသင်ကျောင်းရှေ့တွင် ကျည်ဆန်ထိမှန်မှုများရှိသောကြောင့် ယမန်နေ့ နံနက် ၆ နာရီခန့်တွင် ပညာရေးဝန်ထမ်းများ တိမ်းရှောင်လာကြရာ ကြိမ်ချောင်းဂိတ်က ဖြတ်သန်းခွင့်မပြု၍ ပိတ်မိနေကြောင်း သိရသည်။

“ကျွန်တော်တို့ မနေရဲတော့လို့ ဒီနေ့မနက်က နေရပ်ပြန်မယ်ဆိုပြီး ဆိုင်ကယ်တွေနဲ့ ပြေးလာကြတာပါ။ မနက် ၆ နာရီ လောက်ကနေ ထွက်လာကြတာပါ။ ကြိမ်ချောင်းဂိတ်ကို ရောက်တဲ့အချိန်က ၉ နာရီလောက်ရှိနေပြီး ဂိတ်က ဖြတ်ခွင့်မပေးပါဘူး” ဟု ၎င်းက ပြောသည်။

ဆက်လက်ပြီး”လုံးဝ ဖြတ်လို့မရဘူး၊ မရဘူးဆိုပြီးတော့ စခန်းထဲက လှမ်းပြီးတော့ ပြောတယ်။ ကျွန်တော်တို့က ‌ကျောင်းဆရာတွေပါ၊ ခမောင်းဆိပ်မှာ ကျနေတဲ့ ကျောင်းဆရာတွေပါလို့ ကျောင်းအုပ်ဆရာကြီး ကိုယ်တိုင်လည်း ပြောတယ်။ အဲဒါတောင် လုံးဝမရဘူးလို့ ပြောတယ်။ ပစ်မှာနော် ဆိုပြီးတောင် ပြောသေးတယ်”

ထို့ကြောင့် မင်းခမောင်း မူလွန်ကျောင်းအုပ်အပါအဝင် ခမောင်းဆိပ်အထက ကျောင်းမှ ဆရာ/မ ၁၀ ဦးခန့်သည် ပြန်လှည့်လာရာ ကြိမ်‌ချောင်းဂိတ်မှ တစ်မိုင်ခန့်အကွာ ရန်အောင်ပြင်ကျေးရွာအရောက်တွင် လက်နက်ကြီးပစ်ခတ်သံ တစ်ချက်ကြားလိုက်ရကြောင်း ဆိုသည်။

“ကြိမ်ချောင်းဂိတ်က လုံးဝမဖြတ်ရလို့ ပြောလို့ အာဏာသံနဲ့ လာပြောတဲ့အခါ ကျွန်တော်တို့ ပြန်နောက်ဆုတ်တယ်။ ကြားလိုက်ရတဲ့ လက်နက်ကြီးသံကြောင့် ကျွန်တော်တို့ ရန်အောင်ပြင်ရွာထဲကို ဝင်ပြေးကြတယ်။ ရွာထဲကို ရောက်တဲ့အချိန်မှာ လက်နက်ကြီးကျလို့ အဲဒီ မင်းကြီး(ရွာ) မှာ သေတယ်ဆိုတဲ့ သတင်းရပါတယ်” ဟု ထိုကျောင်းဆရာက ပြောသည်။

ယမန်နေ့ နံနက် ၉ နာရီက မောင်တောမြို့နယ်၊ တောင်ပြိုကားလမ်းဘေးရှိ မင်းကြီးရွာအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၆၀ ကျော်အရွယ် ဒေါ်မေသာစိန် သေဆုံးခဲ့သည်။

ထိုအမျိုးသမီးကြီး၏ရုပ်အလောင်းကို သွားရောက်ယူဆောင်သော မောင်တောကရုဏာကွန်ရက်ပရဟိတ အသင်း၏ မော်တော်ယာဉ်ကို မြို့နယ်အုပ်ချုပ်ရေးပိုင်းထောက်ခံချက် မပါ၍ဟုဆိုကာ ကြိမ်ချောင်းဂိတ်က သွားလာခွင့် မပေးခဲ့ပေ။

“ဟုတ်ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးက အလောင်းယူဖို့ ကားလွှတ်လိုက်မယ်ပြောပြီး ကားက ကြိမ်ချောင်းဂိတ်ကို ဖြတ်မရလို့ ရောက်မလာခဲ့ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တို့ကို စစ်ကောင်စီတပ်က သွားလာခွင့် ပိတ်ဆို့ထား၍ ဒေသခံအများအပြား စားဝတ်နေရေး အခက်အခဲဖြစ်နေကြသည်။

စစ်အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံးအနှံ့ လက်နက်ကိုင် ပြန်ခုခံနေကြသူတို့ကို စစ်မျက်နှာဖွင့်ထားရသော စစ်ကောင်စီတပ်သည် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများကို တွင်တွင်ကျယ်ကျယ် သုံးစွဲနေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button