သတင်း

ရခိုင်တွင် အစစ်ဆေးကြမ်းနေပြီး စစ်ကြောင်းများ ပေါ်တင်လှုပ်ရှားနေ

စစ်ရေးတင်းမာနေသော ရခိုင်ပြည်နယ်၌ ယနေ့ (ဩဂုတ် ၂၅) စစ်ကောင်စီစစ်ကြောင်းများက မြို့ပြင်တွင် ပေါ်ပေါ်ထင်ထင် လှုပ်ရှားနေပြီး မြို့ပေါ်တွင်လည်း ပိတ်ဆို့ စစ်ဆေးနေသည်ဟု ဒေသခံများက ပြောသည်။ 

မြို့တော်စစ်တွေတွင် အဝင်အထွက်လမ်းများကို ပိတ်ဆို့ပြီး စစ်ဆေးခဲ့သလို ကျောက်တော်အခြေစိုက် အမှတ် (၉) စစ်ဆင်ရေးကွဲမှုဌာနချုပ် (စကခ ၉) မှ အင်အား ရာဂဏန်းရှိ စစ်သားများက မြောက်ဦးမြို့နယ်အတွင်း ဝင်ရောက်လာသည်။

ယနေ့ နံနက်မှစ၍ စစ်တွေတွင် လက်နက်များကိုင်ဆောင်ထားသည့် ရဲတပ်ဖွဲ့နှင့် စစ်တပ် ပူးပေါင်းအင်အား ၃၀ ခန့်ကို မြို့လမ်းမကြီးပေါ်ရှိ ဒေသန္တာရဆေးခန်းအနီး တွေ့မြင်ရကြောင်း မြို့ခံတစ်ဦးက ပြောသည်။ 

“၉ နာရီဝန်းကျင်လောက်က မဟာကုသလကျာင်းနားမှာ စစ်ကားတွေရပ်ပြီး စစ်သားတွေက အိမ်စီးကားအနီတစ်စီးကို ဝိုင်းစစ်ဆေးနေတာ တွေ့တယ်။ ဘာကို စစ်ဆေးတာလဲ ဆိုတာ မသိဘူး” ဟု ထိုမြို့ခံက ဆိုသည်။ 

“တရားသီးစုရပ်ကွက်ဘက်က လမ်းမကြီးကို ထွက်တဲ့ ၆ လမ်းကလည်း စစ်သားတွေ အများကြီးထွက်လာတာ တွေ့တယ်။ အဲဒီအနီးက လမ်းဆုံလမ်းခွတွေမှာ အားလုံးနေရာယူထားကြတာ တွေ့တယ်”

အလားတူ စစ်တွေမြို့အဝင်ရှိ တပ်ထိန်းဂိတ်တွင်လည်း အင်အားအလုံးအရင်းဖြင့် တွေ့ရကြောင်း ၎င်းမြို့ခံက ဆက်ပြောသည်။ 

“မြင်ရတာကတော့ ကားတွေ၊ ဆိုင်ကယ်တွေကို စစ်ဆေးတာ၊ ဖုန်းတွေကို စစ်ဆေးနေတဲ့ပုံစံပါ။ ဒီနေ့ ကား၊ ဆိုင်ကယ်လိုင်စင်တွေ စစ်ဆေးမယ်လို့လည်း ကြားတယ်” ဟု မြို့ခံ နောက်တစ်ဦးက ပြောသည်။

စစ်တွေတွင် စက်သေနတ်ကဲ့သို့ လက်နက်များသယ်ဆောင်ကာ မြို့အတွင်း သွားလာနေသည်ဟုလည်း မြို့ခံများက ဆိုသည်။ 

အလားတူ စစ်သားအင်အား ၁၃၀ ခန့်က ကျောက်တော် မဟာမုနိဘုရားအနီးမှ မြောက်ဦးမြို့နယ် လင်းမြွေတောင်ဘက်သို့ ခြေလျင်ထွက်သွားသည်ကို တွေ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သူတို့က မဟာမုနိဘုရားအနီးကို ကားနဲ့ လာကြတယ်။ အဲဒီကနေတစ်ဆင့် ကုန်းကြောင်း မြောက်ဦးဘက်ကို သွားကြတာ” ဟု ကျောက်တော်ဒေသခံတစ်ဦးက  ပြောသည်။ 

ယနေ့နံနက် ၉ နာရီခန့်က မြောက်ဦးမြို့နယ်တွင် စစ်ကောင်စီ လှုပ်ရှားစစ်ကြောင်းတစ်ခု ဝင်ရောက်လာသောကြောင့် ရွာသားတချို့ ကြောက်လန့်ထွက်ပြေးခဲ့ရသည်ဟု သူက ဆိုသည်။ 

အဆိုပါ စစ်ကြောင်းမှာ ကားလမ်းမကြီးအတိုင်း လှုပ်ရှားသွားလာခြင်းမဟုတ်ဘဲ ကျေးရွာအတွင်း ဝင်ရောက် သွားလာခြင်းဖြစ်ကြောင်း မြောက်ဦးမြို့နယ် ကျောက်ကျပ်ကျေးရွာသားတစ်ဦးက ပြောသည်။ 

“ရွာကနေ ဝင်သွားကြတာ။ ဘုန်းကြီးကျောင်းမှာ ထမင်းစားခဲ့ကြတယ်။ စစ်ကြောင်း ရွာထဲဝင်လာတော့ ကြောက်ပြီး ပြေးတာပေါ့။ ရွာမှာ စစ်ဆေးတာတော့ မလုပ်ခဲ့ဘူးလို့ ပြောပါတယ်” ဟု ထိုသူက ဆက်ပြောသည်။

ဒေသတွင်း စစ်ရေးတင်းမာနေသောကြောင့် ဩဂုတ် ၂၃ ညနေပိုင်း၌ ကြိမ်ချောင်းမြို့နယ် နခခ ၇ တပ်စခန်းအတွင်းမှ ပစ်ခတ်သောကြောင့် အနီးဝန်းကျင်မှ မင်းကြီးရွာ၊ ရန်အောင်ပြင်၊ ကြိမ်ချောင်း စသည့် ကျေးရွာများမှ ဒေသခံများမှာ စိုးရိမ်ထိတ်လန့်ခဲ့သည်။ 

“လက်နက်ကြီး ပစ်တာက ဘယ်ဘက်ကို ပစ်မှန်းမသိဘူး။ ညနေ ၅ နာရီလောက်ကနေ ကြားနေရတာပါ။ ၇ နာရီလောက်အထိ ကြားလိုက်ရတယ်။ လက်နက်ကြီးစမ်းတာလား၊ အလှန့်ပစ်တာလား မသိဘူး။ လူတွေကတော့ ကြောက်သွားကြတာပေါ့” ဟု ကြိမ်ချောင်းကျေးရွာသားတစ်ဦးက ပြောသည်။

ကြိမ်ချောင်းရွာနှင့် ကပ်လျက်ရှိသော အဆိုပါ နခခ ၇ နယ်ခြားစောင့်ရဲတပ်ရင်းသည် ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေးကပ်ကဲမှု ဌာနချုပ် (စကခ ၁၅) လက်အောက်ခံ စစ်ကောင်စီတပ် ဗျူဟာတစ်ခုဖြစ်သည်။ 

ထိုကြိမ်ချောင်းဗျူဟာမှာ ရန်အောင်ပြင်၊ မင်းကြီးကျေးရွာတို့နှင့် မိုင်ဝက်ခန့်သာ ဝေးပြီး မောင်တောမြောက်ပိုင်းသို့ သွားသော အဓိကကားလမ်းမပေါ်တွင် ရှိသည်။ 

ယင်းကြိမ်ချောင်းစစ်ဆေးရေးဂိတ်တွင် ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ယခုအခါ တပ်စခန်းအတွင်း၌သာ နေထိုင်ကြကြောင်း သိရသည်။

“ကြိမ်ချောင်းဂိတ်ကို ပြီးခဲ့တဲ့ အပတ်က ဆိုင်ကယ်တွေ ဖြတ်သွားလို့ရတယ်။ စစ်ဆေးမေးမြန်းတာတော့ ရှိတယ်။ မနေ့က ပြန်ပိတ်လိုက်တယ်လို့ ကြားတယ်။ ဖြတ်သွားလို့မရဘူး” ဟု ရန်အောင်ပြင်ကျေးရွာသားတစ်ဦးက ပြောသည်။ 

“အခုဂိတ်မှာ လူတောင် မနေကြဘူး။ အားလုံးတပ်အတွင်းထဲမှာ နေကြတယ်။ လမ်းက လူသွားလူလာတွေကို အတွင်းက ကြည့်နေတာ။ ဘယ်သွားလဲဆိုပြီး အတွင်းက လှမ်းမေးတာမျိုးတွေ လုပ်တာ”

“သူတို့ (စစ်တပ်) ဂိတ်မှာ မနေတာက မဖြစ်မနေသွားလာရမဲ့သူတွေအတွက် အန္တာရာယ်ပိုများပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အတွင်းထဲကနေ လှမ်းခေါ်မယ်။ မေးမယ်။ မကြားရင် သေနတ်နဲ့ ပစ်မှာ ကြောက်ရတယ်” ဟု ထိုဒေသခံက ဆက်ပြောသည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ ဒေသတွင်းတိုက်ပွဲများ ဖြစ်လာပြီးနောက် စစ်ကောင်စီက ရခိုင်ဒေသတွင်ပါ ပေါ်ပေါ်ထင်ထင် လှုပ်ရှားမှုများ ပြန်လည်ပြုလုပ်လာသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၃ နေ့လယ် ၁ နာရီခွဲခန့်က ရက္ခိုင့်တပ်တော် (AA) က မောင်တောမြို့နယ်မှ ပြည်သူများကို သတိပေးသည့် ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြီးနောက် စစ်ကောင်စီက ထိုသို့လုပ်ဆောင်လာခြင်းလည်း ဖြစ်သည်။

AA ထုတ်ပြန်ချက်တွင် နံနက် ၅ နာရီမှ  ညနေ ၈ နာရီအတွင်း ဂရုပြုသွားလာကြရန်နှင့် သေရေးရှင်ရေးကိစ္စများမှအပ သွားလာခြင်း မပြုကြရန်  တိုက်တွန်းထားသည်။ 

တိုက်ပွဲအရှိန်သည်လည်း မြင့်မားလာပြီး၊ စစ်တပ်နှင့် ၎င်းတို့လက်အောက်ခံ နယ်ခြားစောင့်ရဲတပ်စခန်း စစ်ဆေးရေးဂိတ်များရှိရာ အနီးဝန်းကျင်သို့ မသွားလာကြရန် AA က သတိပေးထားခြင်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button