သတင်း

ရန်ကုန် တစ်ဖက်ကမ်း စက်ဆန်းရပ်ကွက်ကို စစ်ကောင်စီတပ် ပိတ်ဆို့စစ်ဆေးနေ

ဩဂုတ် ၁၉ ညနေပိုင်းက ပြင်းထန်သည့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူငယ် ၆ ဦးသေဆုံးခဲ့သည့် ရန်ကုန် တစ်ဖက်ကမ်း ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းရပ်ကွက်ကို စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးနေပြီး ဒေသခံများကို နေ့စဉ် ဖမ်းဆီးနေသည်။ 

ပေါက်ကွဲမှုကြောင့် သေဆုံးသူ လူငယ် ၆ ဦး၏ ရုပ်အလောင်းများကို ဩဂုတ် ၂၁ က အလပ်ချောင်း သုသာန်တွင် သင်္ဂြိုလ်ခဲ့ပြီး စစ်ကောင်စီနှင့်ပျူစောထီးပူပေါင်းတပ်များက ရပ်ကွက်အတွင်း နေ့စဉ်ပိတ်ဆို့ဖမ်းဆီးနေရာ အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၁ ဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံက သိရသည်။ 

ပေါက်ကွဲမှုကြောင့် သေဆုံးသူ ကိုမိုးဟိန်းကျော်၏ ဖခင် အသက် ၄၀ အရွယ် ဦးကျော်မိုးကို ဩဂုတ် ၁၉ ညတွင်  ဖမ်းဆီးနှိပ်စက် စစ်ဆေးနေရာ အသက်အန္တရာယ် စိုးရိမ်ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

ဦးကျော်မိုးကို ဖမ်းဆီးနှိပ်စက်သည့်အတွက် လူငယ်လူရွယ်အများစုမှာ စိုးရိမ်ပြီး တိမ်းရှောင်နေကြရကြောင်း ၎င်းက ပြောသည်။ 

“၂၀၂၀ ရွေးကောက်ပွဲတုန်းက သူက အင်တိုက်အားတိုက်နဲ့ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့သူပေါ့၊ ဖြစ်တဲ့ညမှာ ဖမ်းသွားပြီးတော့ နှိပ်စက်လိုက်တာ၊ အခုက ဆေးရုံမှာ၊ သေမလားရှင်မလားကို မသိရသေးဘူး” ဟု ၎င်းက ပြောသည်။ 

စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့က ရန်ကုန်မြစ်ဘေး စက်ဆန်းရပ်ကွက်အတွင်း လမ်းများကို ပိတ်ဆို့စစ်ဆေးသည်၊ ဩဂုတ် ၂၁ ညပိုင်းတွင်  NLD ပါတီ ရပ်ကျေး ဒုဥက္ကဋ္ဌ ဦးမင်းဇော်ဦးနှင့် နှမဖြစ်သူတို့ကို ဖမ်းသွားသည်ဟု NLD ပါတီနှင့် နီးစပ်သူတစ်ဦးကပြောသည်။ 

“ညဘက်တွေမှာလည်း အဲဒီရပ်ကွက်ထဲကို စစ်တပ်က ဝင်မွှေနေတယ်။ ယောက်ျားလေးတွေ အကုန်လုံး ထွက်ပြေးနေရတယ်။ အဲဒီလို ဝင်မွှေရင်းနဲ့ မင်းဇော်ဦးတို့ မောင်နှမ ၂ ယောက် အဖမ်းခံရတယ်။ မနေ့ (ဩဂုတ် ၂၁) ညက ဖမ်းသွားတာ” ဟု ၎င်းက ပြောသည်။

ဩဂုတ် ၁၉ ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ထိုပေါက်ကွဲမှုမှာ စက်ဆန်းရဲစခန်း အနီးရှိ ခေါင်ရည်ဆိုင်တွင် ပေါက်ကွဲ ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အသက် ၁၆ နှစ်မှ ၁၇ နှစ် အရွယ်ရှိ အထက်တန်း ကျောင်းသား ၆ ဦး သေဆုံးခဲ့သည်။ 

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ခေါင်ရည်ဆိုင်ပိုင်ရှင် အသက် ၂၂ အရွယ် ကိုဖြိုးဝေလည်း ဖမ်းဆီးခံထားရသည်ဟု သတင်းထွက် ပေါ်နေသော်လည်း Myanmar Now က သီးခြား အတည်မပြုနိုင်သေးပေ။ 

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး  Myanmar Now က သတင်းတင်ဆက်ရေးသားတွင် စက်ဆန်းရဲစခန်းတွင်ပြုလုပ်နေသည့် ပျူစောထီးသင်တန်းကို ဒေသခံမြို့ပြပျောက်ကျားအဖွဲ့က တိုက်ခိုက်ရာ ရဲ ၆ ဦး သေဆုံးသည်ဟု ကနဦးမြေပြင်သတင်းကိုအခြေခံ၍ မှားယွင်းစွာ ဖော်ပြခဲ့မိသည်။ 

ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်းရှိ အေးရွာ၊ ဆိပ်ကြီး၊ စက်ဆန်း၊ ဝါးရုံဆိပ် ရပ်ကွက်များမှာ ရွေးကောက်ပွဲ အဆက်ဆက်တွင် NLD ပါတီ အနိုင်ရရှိထားသည့် ဒေသများ ဖြစ်သည်၊ သို့သော်လည်း ငွေကြေးဖြင့် စည်းရုံးခံရသည့် ထိုဒေသရှိ  ဒုစရိုက်သမားများမှာ ဆန္ဒပြသူတို့ကို  အကြမ်းဖက်တိုက်ခိုက်ရာတွင် ပါဝင်လေ့ရှိသည်။ 

၂၀၁၅ မတ်လက ပညာရေးဥပဒေပြင်ဆင်ရန် ဆန္ဒပြတောင်းဆိုကြသည့် ကျောင်းသားများကို မြို့တော် ခန်းမရှေ့တွင် အကြမ်းဖက် တိုက်ခိုက်ခဲ့ကြသူများတွင် ထိုဒေသတွင် နေထိုင်သူ အများအပြားပါဝင်နေပြီး ပြည်သူလူထုက လက်ပတ်နီ၊ စွမ်းအားရှင်များဟု ခေါ်ဆိုပြီး ရွှံရှာမုန်းတီးခဲ့ကြသည်။ 

ဧပြီ ၂၇ နံနက်ပိုင်းက အလပ်ချောင်းရပ်ကွက်ရှိ Dark Shadow အဖွဲ့ဝင် လူငယ် ၂ ဦးကို စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များက ဝင်ရောက်ပစ်ခတ် ဖမ်းဆီးခဲ့သော်လည်း ဒေသခံများ၏ အကူအညီဖြင့် လွတ်မြောက်သွားခဲ့သည်။ 

ဆန္ဒပြမှု၊ လက်နက်ကိုင်ခုခံမှုတို့နှင့်ဆက်နွယ်သည်ဟုယူဆရသူများကို စစ်ကောင်စီက အဆက်မပြတ် ဖမ်းဆီးနှိပ်ကွပ်နေသည်။ အကြမ်းဖက်ဖမ်းဆီးစဥ်သေဆုံးသူများ ရှိသလို စစ်ကြောမေးမြန်းစဉ် သေဆုံးသူများလည်း ရှိသည်။

စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးကာလအတွင်း အပြစ်မဲ့ပြည်သူ ၂၂၂၉ ဦး သေဆုံးခဲ့ပြီး ဆက်လက်ဖမ်းဆီးခံထားရသူ ၁၂၁၀၉ ဦးထက်မနည်း ရှိနေပြီး ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ဩဂုတ် ၂၂ က ထုတ်ပြန်ထားသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button