သတင်း

ကန့်ဘလူတွင် စစ်ကောင်စီတပ် အကျများ၊ လက်နက်များ ဆုံးရှုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြောက်ပိုင်းတွင် ယနေ့ (ဩဂုတ် ၂၃) နံနက်ပိုင်းက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားရာ စစ်ကောင်စီတပ်သားအများအပြားသေဆုံးပြီး ၎င်းတို့ထံမှ မောင်းပြန်သေနတ် ၂၄ လက် ရယူနိုင်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။

ရွှေဘို-မြစ်ကြီးနားလမ်းဘေးရှိ လက်ခုပ်ပင်ရွာနှင့် အောင်ချမ်းသာကျေးရွာအကြားတွင် နံနက် ၆ နာရီမှ မွန်းလွဲ ၁ နာရီအထိ စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်ဘက်မှ တိုက်ခိုက်ရေးရဟတ်ယာဉ် နှစ်စီး၊ ဂျက်ဖိုက်တာ ဗုံးကြဲလေယာဉ်တစ်စီးဖြင့် ပစ်ကူခဲ့သည်ဟု PDF ၏ ကန့်ဘလူခရိုင် တပ်ရင်း (၂) တာဝန်ရှိသူတစ်ဦးက ပြောသည်။

၅ နာရီကြာ ဖြစ်ပွားသော ထိုတိုက်ပွဲတွင် စစ်တပ်က လေကြောင်းမှပါ လာရောက်တိုက်ခိုက်ခဲ့သော်လည်း ဒေသခံ PDF အဖွဲ့များဘက်မှ အရေးသာပြီး စစ်ကောင်စီတပ်ဘက်မှ ၃၄ ဦး အနည်းဆုံး သေဆုံးသည်ဟု ကန့်ဘလူခရိုင်တပ်ရင်း (၂) တာဝန်ရှိသူက ပြောသည်။

“ကျည်မျိုးစုံ၊ လက်နက်တွေရော လူရော၊ အကုန်ရတယ်။ အလောင်း ၃၄ လောင်းကတော့ လေယာဉ် လာလို့ ပစ်ထားခဲ့ရတယ်။ ဗိုလ်နှစ်ယောက်လည်း ကျတယ်” ဟု ၎င်းက ဆိုသည်။

ထိခိုက် သေဆုံးမှု အရေအတွက်နှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီကလည်း တိုက်ပွဲသတင်းကို ထုတ်ပြန်ခြင်း မရှိပေ။ 

ကန့်ဘလူနှင့်ရွှေဘိုခရိုင် တပ်ရင်းများ ပူးပေါင်းတိုက်ခိုက်သည့် ထိုတိုက်ပွဲတွင် MA စီးရီး မောင်းပြန်သေနတ် ၂၄ လက် ၊ စိန်ပြောင်းတစ်လက်၊ RPG တစ်လက်၊ ၆၀ မမ ပြောင်းတိုနှစ်လက် သိမ်းဆည်းရမိသည်ဟု PDF က ပြောသည်။

“မနေ့က ညောင်ကုန်းရွာကို မီးဝင်ရှို့ပြီး ဒီနေ့ထွက်လာတာကို PDF တပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး သူတို့ဘက်က ထိခိုက်အကျအဆုံး များတယ်။ မြေပြင်မှာ အခြေအနေမကောင်းလို့ လေကြောင်းကနေပါ ပစ်တာပေါ့” ဟု ကန့်ဘလူခရိုင် PDF တာဝန်ရှိတစ်ဦးက ပြောသည်။

ယနေ့ ဒေသတွင်း PDF ရင်ဆိုင်ရသော စစ်ကြောင်းမှာ အင်အား ၅၀ ကျော်ပါဝင်ပြီး မော်လိုက်အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၃၆၅ မှ ဖြစ်ပြီး ပြီးခဲ့သည့် ဩဂုတ် ၁၆ ရက်မှစတင်၍ ကန့်ဘလူမြို့နယ် မြောက်ခြမ်းကို စစ်ကြောင်းထိုး၍  ကျေးရွာသုံးရွာကို မီးရှို့ခဲ့သည့် စစ်ကြောင်း ဖြစ်သည်။

အသာစီးရနေချိန် လေယာဉ်များ လာနေကြောင်း သတင်းရသဖြင့် အချိန်မီဆုတ်ခွာခဲ့ရာ  PDF ဘက်မှ သေဆုံးသူမရှိသော်လည်း ၂ ဦး  ဒဏ်ရာရကြောင်း၊ တိုက်ပွဲအနီးရှိကျေးရွာ အကြီးအကျယ် ပစ်ခတ်ခံရကြောင်း ကန့်ဘလူခရိုင် တပ်ရင်း (၂) တာဝန်ရှိသူက ပြောသည်။

“လေယာဉ်ကတော့ ရွာထဲကိုပဲ ဦးတည်ပြီး ရှယ်ကို ပစ်သွားတာ။ အဲဒီအချိန်က ကျွန်တော်တို့က ဝေးနေပြီ။ ရွာထဲမှာတော့ ဒေသခံတွေလည်း ရှိတော့မရှိဘူး။ ရွာထဲက အခြေအနေတော့ မသိရသေးဘူး” ဟု သူက ပြောသည်။

PDF တပ်များ ပြန်ဆုတ်သွားချိန် စစ်သားများ ရဟတ်ယာဉ် နှစ်စီးဖြင့် ရောက်လာပြီး အဆိုပါ နေရာများကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button