သတင်း

ပျူစောထီးစခန်း ကျသွားသည့် ကန့်ဘလူတွင် စစ်တပ်က အိမ် ၆၀ ကျော် မီးရှို့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မြောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က နှစ်ရက်အတွင်း ကျေးရွာ ၂ ရွာကို မီးတင်ရှို့ခဲ့ရာ နေအိမ် အလုံး ၆၀ ခန့် မီးလောင်ပြာကျသွားသည်ဟု ဒေသခံများက ပြောသည်။ 

ဩဂုတ် ၁၆ တွင် ကန့်ဘလူမြို့မြောက်ဘက် မိုင်၂၀ ခန့်အကွာ အင်ငုတ္တိုကျေးရွာကိုလည်းကောင်း၊ နောက်တစ်နေ့တွင် ထိုရွာ၏တောင်ဘက် ၄ မိုင်ခန့်အကွာရှိ ပျူစောထီး ခေါ် ပြည်သူ့စစ်စခန်း ဖွင့်ခဲ့ဖူးသော ပင့်သာကျေးရွာကိုလည်းကောင်း အင်အား ၇၀ ဝန်းကျင်ဖြင့် ရောက်လာသည့် စစ်တပ်က စီးနင်း မီးရှို့ခဲ့ခြင်း ဖြစ်သည်။  

ဩဂုတ် ၁၆ နံနက်တွင် အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိ အင်ငုတ္တိုကျေးရွာကို စစ်တပ်က ဝင်ရောက် တပ်စွဲလိုက်ပြီး ညနေတွင် နေအိမ်များကို စတင်မီးတင်ရှို့ခဲ့ကာ နေအိမ်  ၃၁ လုံး မီးလောင်ပြာကျသွားသည် ဟု ထိုကျေးရွာ၏ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)  ထံမှ သိရသည်။

“ပြည်သူတွေထိမှာစိုးလို့ ကျွန်တော်တို့က မခုခံဘူး။ သူတို့ (စစ်တပ်) ကတော့ ငါးကြင်းမြီး (စက်သေနတ်) သုံး၊ လေးလက်နဲ့ အော်တို ဆွဲလာတာ။ ပြည်သူတွေ ပြေးနေတာမြင်တာနဲ့ လိုက်ပစ်နေတာ” ဟု ပကဖ ခေါင်းဆောင်က ဆိုသည်။

ပကဖ နှင့် ဆက်စပ်သည်ဟု ယူဆရသူတို့၏ နေအိမ်များကို ရွေးချယ် ဖျက်ဆီးခြင်းဖြစ်သည်ဟု သိရသည်။  

ပြီးခဲ့သည့်ဇွန်လကလည်း ထိုရွာသည်း စစ်တပ်၏ စီးနင်းခံရပြီး ဒေသခံတစ်ဦးသတ်ဖြတ်ခံထားရသလို ကျေးရွာမှ နေအိမ် ၁၂၃ လုံး မီးရှို့ခံရသည်။

ထိုအချိန်မှစပြီး ဒေသခံအများစုက ရွာထဲတွင်မနေထိုင်ကြတော့ဘဲ နီးစပ်ရာ တိမ်းရှောင်ခဲ့ကြပြီး အနည်းစုသာ ရွာအတွင်း နေထိုင်သည်ဟု သိရသည်။

စစ်ကြောင်းသည် အင်ငုတ္တိုကျေးရွာ၌ တစ်ညတပ်စွဲပြီး နောက်တစ်နေ့ ဩဂုတ် ၁၇ တွင် အနီးနားမှ အိမ်ခြေ ၆၀၀ ကျော်ရှိ ပင့်သာကျေးရွာကို ဝင်ရောက်စီးနင်းခဲ့သည်။

စစ်သားများသည် ထုံးစံအတိုင်း ပစ်ခတ်ပြီးမှ  ရွာကို စီးနင်းခဲ့ကြောင်း၊ ရွာထဲဝင်သည့် လမ်းကြောင်းမှာ ယခင်နှင့် မတူကြောင်း ပင့်သာရွာ ပကဖခေါင်းဆောင်က ပြောသည်။

“ပထမတစ်ကြိမ်တုန်းက မိုင်းဆွဲတော့ သူတို့တော်တော်ထိထားတယ်၊ သူတို့ တော်တော်ထိတာ နှစ်ခါရှိပြီ၊ သူတို့ ကျရှုံးထားတာလေ၊ ဒီတစ်ခါကျတော့ အဲဒီက မလာရဲတော့တာ၊ တောလမ်းအတိုင်း ရွှံ့ဗွက်တွေထဲကကို လာတာ” ဟု ထိုသူက ဆိုသည်။

ကျေးရွာအဆင့် ပကဖအဖွဲ့ကို ဒေသခံများက ၎င်းတို့ရပ်ရွာကို ကာကွယ်ရန် ဖွဲ့စည်းထားကြခြင်း ဖြစ်သည်။ 

တောလမ်းမှ ရုတ်တရက်ရောက်လာသည့် စစ်တပ်ကို ခုခံမှု မပြုခဲ့ကြောင်း၊ ဒေသခံများကို  ကြိုတင် ရှောင်ခိုင်းထားကြောင်း အထက်ပါပကဖခေါင်းဆောင်ထံမှ သိရသည်။

စစ်သားများသည် ညနေတွင် ပင့်သာကျေးရွာရှိ နေအိမ် ၃၃ လုံးကို မီးရှို့ ဖျက်ဆီးပြီး နောက်တစ်နေ့ နံနက် (ဩဂုတ် ၁၈) နံနက်တွင် ထိုရွာ၏ တောင်ဘက် ၄ မိုင်အကွာ ချောင်းကြားရွာကို စီးနင်းတပ်စွဲထားသည်။ 

ပြီးခဲ့သည့် ဧပြီ ၁၁က ပင့်သာရွာတွင် တပ်စွဲထားသည့် အင်အား ၅၀ ခန့်ရှိ ပျူစောထီးစခန်းကို ဒေသခံ ကာကွယ်ရေးအဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက် သိမ်းယူခဲ့ရာ တပ်ကြပ်ကြီးတစ်ဦး အရှင်ဖမ်းမိပြီး ပျူစောထီးနှင့် စစ်သား ၈ ဦး သေဆုံးခဲ့သလို  စစ်ကောင်စီတပ်များ ဆုတ်ခွာသွားခဲ့ဖူးသည်။

ပင့်သာရွာမှ ၈ မိုင်ခန့်အကွာရှိ ချပ်သင်းစံပြကျေးရွာတွင် တပ်စွဲထားသည့် စစ်သားများက ချပ်သင်းမှ ၄ မိုင် အကွာရှိ အင်ငုတ္တိုရွာကိုလည်းကောင်း၊ ၎င်းတို့ဆုတ်ခွာခဲ့ရသည့် ပျူစောထီးအခြေစိုက်စခန်းဖွင့်ခဲ့ရာ ပင့်သာရွာကိုပါ ပြန်ရောက်လာကြခြင်း ဖြစ်သည်။

အာဏာသိမ်းပြီးချိန်မှစပြီး စစ်ကောင်စီသည် ပြည်သူများ၏နေအိမ် ၁၈,၈၈၆ လုံး ထက်မနည်းကို မီးရှို့ခဲ့ကြောင်း အရပ်ဘက်အချက်အလက်ကောက်ယူရေးအဖွဲ့ Data for Myanmar အဖွဲ့၏ ဇူလိုင်လတွင် ထုတ်ပြန်သည့် မှတ်တမ်းများအရ သိရသည်။ ထိုအထဲမှ အိမ်ခြေ ၁၃၈၄၀ လုံးသည် လက်နက်ကိုင်ခုခံမှု အားကောင်းသည့် စစ်ကိုင်းတိုင်းမှ ဖြစ်သည်။ 

စစ်တပ်က ပြည်သူတို့၏ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းမှာ သတင်းခေတ်ဖြစ်သော ယနေ့ကာလတွင် အများသိ အပြုအမူ ဖြစ်သည်။ သို့သော်လည်း စစ်ဗိုလ်ချုပ်များက မီးရှို့မှုများမှာ PDF တို့၏ လက်ချက်ဖြစ်သည်ဟု ရံဖန်ရံခါ တုံ့ပြန်ခဲ့ဖူးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button