သတင်း

မောင်တောနှင့် ပလက်ဝတွင် တိုက်ပွဲ ၃ နေရာဖြစ်

ယနေ့ (သြဂုတ် ၂၂) နံနက်က စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ရခိုင်ပြည်နယ်၊​ ချင်းပြည်နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ 

ရခိုင်မြောက်ပိုင်း၊ မောင်တောမြို့နယ် တောင်ပြို လက်ဝဲမြို့နယ်ခွဲ၊ မီးတိုက်ကျေးရွာအနီးနှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်း ဖြစ်ပွားခြင်း ဖြစ်သည်။

ဩဂုတ် ၂၀၊ ည ၁၀ နာရီခန့်က တောင်ပြိုသို့ စစ်ကောင်စီတပ်အင်အား ၃၀၀ ခန့် မော်တော်များဖြင့် လာချသွားပြီးနောက် ထိုနေရာမှ နှစ်မိုင်ခန့်အကွာတွင် ယနေ့ နံနက် ၇ နာရီမှ ၈ နာရီအထိ တိုက်ပွဲဖြစ်ခဲ့သည်ဟု သိရသည်။ 

“ည ၁၀ နာရီလောက်မှာ စစ်သားအင်အား ၃၀၀ လောက် ဘုတ်နဲ့ တောင်ပြိုကို ရောက်လာတာရှိတယ်လို့ မျက်မြင်တွေက ပြောတယ်။ ဒီနေ့ မီးတိုက်နဲ့ တစ်မိုင်ကျော်အကွာမှာ တိုက်ပွဲဖြစ်ခဲ့တယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

မောင်တောမြို့ လှေဆိပ်မှ မော်တော်ဘုတ်များဖြင့် တောင်ပြိုဘက်သို့ တပ်များ ပို့ဆောင်သွားခြင်း ဖြစ်သည်ဟု မောင်တောမြို့ခံတစ်ဦးက ပြောသည်။ 

စစ်ကောင်စီတပ်သည် ယခင် ကုန်းလမ်းကို အဓိကအသုံးပြုလှုပ်ရှားကြသော်လည်း မကြာခဏ ကြားဖြတ် တိုက်ခိုက်ခံရမှုကြောင့် ယခုအခါ ရေလမ်းကြောင်းကို အသုံးပြုလာခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

“ဘုတ်နဲ့သွားကြတာ ကားနဲ့ မသွားရဲကြတော့ဘူး။ စစ်တပ်က မောင်တောမြောက်ပိုင်းကို အင်အား ထပ်တိုးနေတာ ဒီလ ၁၆ ရက်၊ ၁၇ ရက်နေ့ လောက်ကနေ ရေလမ်းကြောင်းကို အသုံးပြုလို့ တိုးနေတာလို့ သိရတယ်” ဟု အထက်ပါ မောင်တောမြို့ခံက ဆက်ပြောသည်။

ယနေ့ နံနက်က ဖြစ်ပွားခဲ့သော တိုက်ပွဲအပြီး မွန်းလွဲ၂ နာရီခန့်တွင် စစ်ကောင်စီရဟတ်ယာဉ်တစ်စီး တောင်ပြိုဘက်သို့ ရောက်ရှိလာပြီး နာရီဝက်ခန့်အကြာ နတ်မြစ်အတိုင်း စစ်တွေမြို့ဘက်သို့ ပြန်သွားသည်ဟု မျက်မြင်တစ်ဦးက ပြောသည်။

“အဲဒီရဟတ်ယာဉ်က နေ့လယ်ပိုင်းလောက်က တောင်ပြိုဘက်ကို လာပြီးတော့ မိနစ် ၃၀ လောက်တောင် မကြာဘူး ထင်တယ်။ စစ်တွေဘက်ကို ပြန်သွားတာ တွေ့လိုက်ရတယ်။ အင်အားလာချတာလား။ လူနာအလောင်းတွေ လာတင်တာလား။ ဘာလုပ်တာလဲ မသိဘူး” ဟု ၎င်းမျက်မြင်က ဆိုသည်။

ထိရဟတ်ယာဉ်မှာ တိုက်ပွဲအတွင်း သေဆုံးဒဏ်ရာရရှိသွားသူများကို ယူဆောင်ရန် လာရောက်သည့် ရဟတ်ယာဉ်ဖြစ်နိုင်ကြောင်း ဒေသခံအမျိုးသားအခြားတစ်ဦးက ပြောသည်။

“အဲဒီရဟတ်ယာဉ်က အလောင်းတင်ဖို့နဲ့ ဒဏ်ရာရတဲ့ လူတွေကိုတင်ဖို့လာတာလည်း ဖြစ်နိုင်တယ်” ဟု ထိုအမျိုးသားက ဆက်ပြောသည်။

ပလက်ဝ တိုက်ပွဲ

အလားတူ ပလက်ဝမြို့နယ် ကုလားတန်မြစ်အထက်ပိုင်းတွင်ရှိသော ရုပ်ချောင်းအတွင်းရှိ ကန့်လေ၊ အဘောင်သား စသည့်ကျေးရွာအနီး ယနေ့ သြဂုတ် ၂၂ ရက် နံနက် ၅ နာရီခန့်တွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၀ တည်းက ကုလားတန်မြစ်အောက်ပိုင်း နှမဒါချောင်းအတွင်းရှိ သူဌေးကုန်းကျေးရွာအနီး ယနေ့အထိ ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေသည်။

ရခိုင်စစ်ဘေးရှောင်တချို့ကို ၂၀၁၉ ခုနှစ်အတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now)

သူဌေးကုန်းကျေးရွာအနီးရှိ ရဲမဝကျေးရွာမှ အိမ်ထောင်စု ၁၇ စု ယနေ့ ပလက်ဝမြို့ပေါ်သို့ ယနေ့ ပြန်ရောက်လာကြကြောင်း စိုက်ပျိုးရေးကွင်းစစ်ဘေးရှောင်စခန်းမှ ဒုက္ခသည်အမျိုးသားတစ်ဦးက ပြောသည်။

“စစ်ဘေးရှောင်တွေ ဒီနေ့ ထပ်ရောက်လာတာ ဟုတ်ပါတယ်။ ရွာနားမှာ သုံးရက်ဆက်တိုက်ပွဲ ဖြစ်နေတော့ သူတို့က မနေရဲကြလို့ ပြန်လာကြတာပါ။ သူတို့က အရင်ကလည်း စစ်ဘေးရှောင်တွေပါ။ အခု ပြန်ပြေးလာကြတာဖြစ်တယ်လို့ သိရတယ်” ဟု ၎င်းက ဆိုသည်။

ပလက်ဝမြို့ပေါ် စိုက်ပျိုးရေးကွင်းစစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေကြသည့် ရဲမဝကျေးရွာမှ အိမ်ထောင်စုအချို့မှာ လွန်ခဲ့သည့် ၅ လခန့်က နေရပ်ပြန်သွားကြပြီး တစ်ဖန် တိုက်ပွဲပြင်းထန်လာသောကြောင့် ပြန်ခိုလှုံလာခြင်းဖြစ်သည်ဟု ထိုစခန်းမှ ဒုက္ခသည်အမျိုးသမီးတစ်ဦးကလည်း ပြောသည်။ 

“ရွာနားမှာ လက်နက်ကြီးကျည်တွေ ကျလို့ ထွက်ပြေးလာကြတာလို့ ပြောပါတယ်။ ဒီနေ့ ဟွန်ဒါစက်လှေတွေနဲ့ ရောက်လာကြတာပါ။ ဒုက္ခသည် ဘယ်နှယောက်ပါတယ်ဆိုတာကို မသိရဘူး။ သူတို့က နေရပ်ပြန်သွားကြတဲ့လူတွေ။ ပြန်ပြေးလာကြတာ” ဟု ထိုအမျိုးသမီးက ဆက်ပြောသည်။

သြဂုတ် ၁၃ နံနက်၌ ရသေ့တောင်မြို့နယ်တွင် မေယုကမ်းအနောက်ဘက်ခြမ်းတွင်ရှိသော ဒုံပိုက်ကျေးရွာနှင့် ချိန်ခါလိန်ကျေးရွာကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အောင်သုခ၊ ချိန်ခါလိန်၊ ကိုးတန်ကောက်၊ ကြံတိုင်းအောင်၊ ဒုံးပိုက် စသည့်ကျေးရွာများမှ ဒေသခံကျေးရွာသား ၁၅၀၀ ခန့်မှာ နေရပ်စွန့်ကာ စစ်ဘေး ရှောင်နေကြရသည်။

ရခိုင်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းမှ စတင်၍ ၂ နှစ်ကျော်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း နယ်ရပ်စွန်ခွာခဲ့ရသည့် စစ်ရှောင် သိန်းနှင့်ချီ ရှိခဲ့ရာ နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်ဦးရေ ၄၂၀၀၀ ကျော်အထိ ကျန်ရှိနေသေးသည်။

ပလက်ဝ၌ နှစ်ဖက်အပြန်အလှန်ဖြစ်ပွားနေသော တိုက်ပွဲတွင် စစ်ကောင်စီတပ်စခန်း ၃ ခုအပါအဝင် သူဌေးကုန်းကျေးရွာအရှေ့ဘက် တောင်ကြောတစ်ခုလုံးကို AA က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်း ၂၀ ခန့်ကို လည်း ဖမ်းဆီးရမိခဲ့ကြောင်း AA နှင့် နီးစပ်သူတစ်ဦးကို ကိုးကားပြီး နိရဥ္စရာသတင်းဌာန သတင်းတစ်ပုဒ်တွင် ရေးသားဖော်ပြထားသည်။

ထို့ပြင် သြဂုတ် ၂၀ နှင့် ၂၁ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၄၀ ခန့် သေဆုံးခဲ့ပြီး AA ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း ရေးသားဖော်ပြထားသည်။

အပြန်အလှန်ပိတ်ဆို့မှု

ရခိုင်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှု အရှိန်မြင့်တက်လာနေသလို အပြန်လှန်ပိတ်ဆို့မှုများ ဆက်တိုက်ပြုလုပ်လာနေကြသည်။

ရသေ့တောင်နှင့် ပုဏ္ဏားကျွန်း မြို့ချင်းဆက်ကားလမ်းမကြီးပေါ်တွင်ရှိသော AA တပ်က ပြုလုပ်ထားသည့် စစ်ဆေးရေးဂိတ်တစ်ခုကို ရုပ်သိမ်းပေးရန် စစ်ကောင်စီတပ်က တောင်းဆိုထားသည်ဟု သိရသည်။ 

ရ‌သေ့တောင်မြို့နှင့် ကပ်လျက်ရှိသော ပြားချောင်းကြီးကျေးရွာအနီး တံတားတွင် ရှိသော ထိုဂိတ် ရုပ်သိမ်းပေးရန် စစ်ကောင်စီတပ်က ပြားချောင်းကြီး၊ အလယ်ရွာချေ၊ ပြင်ခေါင်ရွာနှင့် ပြင်ခေါင်ရွာသစ်တို့မှ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ခေါ်ယူပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်ကတည်းက အုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြီးတော့ ဂိတ်ကိုဖြုတ်ပေးဖို့ ပြောတယ်လို့ သိရတယ်။ မနေ့ကနေ နောက်ဆုံးထား ဂိတ်ကိုဖြုတ်ပေးဖို့ခိုင်းတာ ဖြုတ်မပေးတော့ နှစ်ဖက်တင်းမာမှု ဖြစ်တယ်။ အဲဒီအနားက ရွာသားတွေက ထွက်ပြေးနေကြတယ်” ဟု အဆိုပါရသေ့တောင်မြို့ခံက ဆက်ပြောသည်။

“အဲဒီပြားချောင်းကြီးတံတားကို အရပ်သားတွေက သွားလို့လာလို့ရတယ်။ သို့သော်လည်း တိုက်ပွဲဖြစ်မှာကို ကြောက်နေကြတာ။  အဲဒါကြောင့် အဲဒီနားက ရွာသားတွေက ထွက်ပြေးနေကြတာ။ ပြေးကြတာက မြို့ပေါ်နဲ့ တခြားရွာတွေကို ပြေးကြတယ်”

တပ်စခန်းရုပ်သိမ်းမှု

တိုက်ပွဲဖြစ်ပွားနေသည့် မောင်တောနှင့် ပလက်ဝမြို့နယ်တို့တွင် စစ်ကောင်စီတပ်စခန်းတချို့ကို AA က ပိတ်ဆို့ထားမှုကြောင့် ရိက္ခာများပြတ်တောက်ကာ ခုတ်ခွာသွားသည့် တပ်စခန်းများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ရေးတင်းမာနေသည့် မောင်တောမြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း ၇ ခုခန့် ဆုတ်ခွာသွားကြောင်း ပြီးခဲ့သည့် သြဂုတ် ၁၁ ရက်က ပြုလုပ်သော AA ၏ သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက ပြောဆိုခဲ့သည်။

မောင်တောမြောက်ပိုင်း နှစ်နိုင်ငံနယ်စပ်ခြုံစည်းရိုး မိုင်တိုင်များတွင်ရှိသော တပ်စခန်းများနှင့် ကျေးရွာအနီးဝန်းကျင်တွင် ရှိသော စစ်ကောင်စီတပ်စခန်းတချို့လည်း ယခုလလယ်ပိုင်းခန့်က ရိက္ခာပြတ်တောက်မှုကြောင့် ဆုတ်ခွာသွားသည့် တပ်စခန်းများရှိနေကြောင်း သိရသည်။

မောင်တောဒေသခံတစ်ဦးက“ စခန်းနေရာအတိအကျတော့ မရဘူး။ ဒါပေမဲ့ တောင်ပြိုနဲ့ ဝေလာတောင်ကြား ပြီးတော့ ကြိမ်ချောင်းနဲ့ ဝေလာတောင်ကြားမှာရှိတဲ့ တပ်စခန်း အနည်းဆုံး ၁၂ ခု လောက် ဆုတ်ခွာသွားပြီလို့ သိရတယ် ”ဟု ပြောသည်။

ထို့အတူ ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို AA က ပိတ်ဆို့ သိမ်းပိုက်မှုများ ရှိနေသလို ကုလားတန်မြစ်အထက်ပိုင်းတွင်ရှိသည့် နူးဗူးဗျူဟာနှင့် ဒရွန်အိုင်ကျေးရွာ အနီးတွင်ရှိသော စစ်ကောင်စီတပ်စခန်းအချို့တို့မှာလည်း ဆုတ်ခွာသွားပြီဟု AA မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးကို ကိုးကားပြီး ရခိုင်အခြေစိုက် Western News သတင်းဌာနက ရေးသားဖော်ပြထားသည်။ 

စစ်ကောင်စီတပ်စခန်းများကို ပိတ်ဆို့သိမ်းပိုက်ခြင်း၊ ဆုတ်ခွာသွားခြင်းများနှင့် ပတ်သက်ပြီး AA က ထုတ်ဖော်ပြောဆိုခြင်းမရှိသေးသလို စစ်ကောင်စီဘက်က တစ်စုံတရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button