
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့လယ်တွင် ယနေ့ (ဩဂုတ် ၂၂) နံနက် ၇ နာရီခန့်က အဆောက်အအုံတစ်ခုအတွင်း ပေါက်ကွဲမှုဖြစ်ပွားရာ လမ်းတစ်ဘက် လက်ဖက်ရည်ဆိုင်တွင် ရှိနေကြသော လူငယ် ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာ အပြင်းအထန် ရသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
သေဆုံးသူမှာ ၂၇ နှစ် အရွယ် ကိုရဲဝင်းထွဋ် ဖြစ်ကြောင်း၊ ပေါက်ကွဲမှုဖြစ်သည့် နေရာသည် ကျော်စည်ဟိန်း အမည်ရှိ ပိတ်ထားသောစားသောက်ဆိုင်အတွင်း ဖြစ်ကြောင်း သိရသည်။
“စစ်ကောင်စီက မကြာမကြာ ကင်းပုန်းဝပ်တဲ့နေရာပဲ။ ဘယ်လိုကြောင့် ကွဲတာလဲတော့ မသိရသေးဘူး” ဟု ခင်ဦး ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။
စားသောက်ဆိုင်၏ ပိုင်ရှင်များသည် ဒေသအတွင်း စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးသူများဖြစ်ပြီး ယမန်နှစ် မတ်လကတည်းက လူမြင်ကွင်းတွင် မတွေ့ရတော့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏ လာရောက်ကင်းပုန်းဝပ်သည့် နေရာဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။
ခင်ဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သတင်းပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ထိုပေါက်ကွဲမှုမှာ စစ်ကောင်စီတပ်၏ လက်ချက် ဖြစ်နိုင်ကြောင်း ပြောသည်။
“ ဒီလအစဆိုရင် စကစတွေ တပ်စွဲထားတဲ့မြို့ပေါ်ထိ ဗိုလ်ချုပ်ကြေးရုပ်နားထိ ဆန္ဒပြတာတွေ ပြန်လုပ်တယ်။ အဲဒီ တော့ စစ်သားတွေက အဲဒီလူမနေတော့တဲ့ ကျော်စည်ဟိန်းစားသောက်ဆိုင်ထဲကနေ ကင်းပုန်းဝပ်တာတွေ လုပ်တယ်။ ဒါလည်း ပြည်သူတွေကို ခြောက်လန့်ဖို့ ၊ သူတို့ပဲ အဝေးထိန်းနဲ့ ခွဲတာလို့ ကျွန်တော်တို့ ယူဆလို့ရတယ်” ဟု သူက ဆိုသည်။
ပေါက်ကွဲအားပြင်းထန်လွန်းပြီး မိုင်းစများမှာ ပေ ၃၀၀ အကွာ ခင်ဦးဈေးဘက်ထိ လွင့်စင်ခဲ့သည်ဟု ဒေသခံများထံမှ သိရကြောင်း သူက ဆက်ပြောသည်။

“PDF တွေ ထောင်တယ်လို့ ထင်ယောင်ထင်မှားဖြစ်ပြီးတော့ ပြည်သူနဲ့ PDF ကြား သွေးခွဲသပ်လျှိုဖို့ တမင် ဗျူဟာကျကျဖန်တီးတာပဲ” အထက်ပါသတင်းပြန်ကြားရေး အဖွဲ့ဝင်က ပြောသည်။
အဆိုပါဗုံးခွဲတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်ကြောင်း Myanmar Now အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။
သေဆုံးသွားသည့် ကိုရဲဝင်းထွဋ်၏ ရုပ်အလောင်းကို ခင်ဦးဆေးရုံတွင် ထားရှိပြီး နေ့ခင်းအထိ အလောင်း ထုတ်ယူခွင့် မပေးသေးကြောင်း မြို့ခံများထံမှ သိရသည်။
တန့်ဆည်တွင် အိမ်ပေါ် လက်နက်ကြီးကျ
ခင်ဦးနှင့် မိုင် ၃၀ ခန့် ၀ေးသည့် တန့်ဆည်မြို့တွင် ယမန်နေ့ နံနက် ၂ နာရီခန့်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ကျေးလက်ဒေသခံတချို့ ဒဏ်ရာရသွားသည်။
မြို့ပေါ်တွင်တပ်စွဲထားသည့်စစ်တပ်က ပစ်ခတ်လိုက်သည်ဟု ယူဆရသည့် လက်နက်ကြီး ကျည်သည် မြို့မြောက်ဘက်နှစ်မိုင်အကွာ ဖလံချိုင်ရွာအတွင်းမှ နေအိမ်တစ်လုံးပေါ် ကျရောက်ခဲ့ကာ ဦးဖိုးဆောင်၏ ဦးခေါင်း၊ ဇနီးဖြစ်သူ ဒေါ်မြင့်လှိုင်၏ ဝမ်းဗိုက်နှင့် လက်မောင်း ဒဏ်ရာရသွားကြောင်း သိရသည်။
“အိမ်ပေါ်တည့်တည့်ကျတာ။ အိမ်အမိုးတွေကို ပြတ်ထွက်သွားတာပဲ။ လက်နက်ကြီးကတော့ တော်တော် အားပြင်းတယ်ဗျ။ အသံကြီးကတော့ အဓမ္မပဲ။ လူကိုလန့်သွားတာပဲ”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါအိမ်နှင့် ကပ်လျက်နေအိမ်မှ မအေးသက်မာ၏ မေးရိုးကျိုးကာ ပါးနှစ်ဖက် ပေါက်ထွက်သွားပြီး သူ့ဖခင် ဦးမောင်ဦး ခြေထောက် ဒဏ်ရာရသွားကြောင်း သိရသည်။
“တောင်ဘက်အိမ်က ဝါးတစ်ပြန်လောက်ကို ဝေးတာ။ အဲဒီလောက် ဝေးတာကြီးကို ပြတင်းပေါက်ဖွင့် အိပ်တာကို ပါးဝင်မှန်တာ” ဟု အထက်ပါဒေသခံက ဆက်ပြောသည်။
ဦးမောင်ဦးမှအပ ကျန်သူများ ဒဏ်ရာပြင်းထန်သဖြင့် မန္တလေးမြို့တွင် ကုသမှုခံယူနေကြောင်း သိရသည်။
ပစ်ခတ်သည့်အကြောင်းရင်းကို မသိရသေးသလို စစ်ကောင်စီကလည်း ထိုဖြစ်ရပ်အကြောင်း သတင်း ထုတ်ပြန်ခြင်း မရှိသေးပေ။
လက်နက်ကိုင်တော်လှန်ရေးနှင့် အလှမ်းဝေးသည့် စစ်ကိုင်းတိုင်းမှ ဒေသခံများသည် အာဏာသိမ်းပြီး နောက်ပိုင်းတွင် ရရာလက်နက်စွဲကိုင်ကာ စစ်အာဏာရှင်တော်လှန်ရေးတွင် တိုက်ပွဲဝင်နေကြသည်။
စစ်ကောင်စီကလည်း စစ်ကိုင်းတိုင်းမှ တော်လှန်ရေးအားကောင်းရာ မြို့နယ်များကို ရွာလုံးကျွတ် မီးရှို့မှု များ၊ အရပ်သားပစ်မှတ်များကိုလေကြောင်းတိုက်ခိုက်မှုများ အစုအပြုံလိုက်သတ်ဖြတ်မှုများပြုလုပ်ကာ တန်ပြန် ဖိနှိပ်နေသည်။