သတင်း

စစ်ကိုင်းတံတားပေါ် အပြန်အလှန်ပစ်ခတ်မှုဖြစ်၊ သေဆုံးဒဏ်ရာရသူများရှိ

မန္တလေးမြို့နှင့် စစ်ကိုင်းမြို့ကြားရှိ ဧရာဝတီမြစ်ကူးတံတးပေါ်တွင် ယနေ့ (ဩဂုတ် ၁၇) နံနက် ၈ နာရီခွဲ ဝန်းကျင်က အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ သေဆုံးဒဏ်ရာရသူများရှိသည်ဟု သိရသည်။ 

စစ်ကိုင်းဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ် Express ကားတစ်စီးကို တံတားမုခ်ဦး အောက် ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်က စစ်ဆေးချိန်တွင် ပစ်ခတ်မှုဖြစ်ကာ ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး ၃ ဦးမှ ၁၀ ဦးအထိရှိနိုင်ကြောင်း သတင်းရင်းမြစ်အချို့က ခန့်မှန်းသည်။

ကားပေါ်တွင် လိုက်ပါလာဖွယ်ရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အချို့နှင့် အပြန်အလှန် ပစ်ခတ် မှုဖြစ်ကြောင်းဆိုသော်လည်း အသေးစိတ်အတည်မပြုနိုင်ပေ။ 

“သူတို့ (စစ်ကောင်စီ) ဘက်ကလည်း ကျ(သေ) တယ်။ ကားပေါ်ကကိုက ပြည်သူတွေရော ဆယ်ဦး လောက်ကျ(သေ) တာ။ အကုန်အရေးပေါ်ကားနဲ့ တင်သွားတယ်” ဟု စစ်ကိုင်းမြို့ခံတစ်ဦးက ပြောသည်။

ခုခံပစ်ခတ်သူများတွင် PDF ၃ ဦးပါဝင်ပြီး အားလုံးသေဆုံးသွားကြောင်း၊ စစ်ကောင်စီဘက်မှလည်း ၃ ဦး သေဆုံးသည်ဟုလည်း ဆိုသည်။ 

“စစ်တပ်ဘက်က ရမ်းသမ်းပြီး ကားပေါ်ပါ သူအကုန်နီးပါးပစ်တာ။ အဲဒါကြောင့် အထိအခိုက်များသွား တာ”ဟု နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထိုဖြစ်စဉ်အတွင်း PDF နှစ်ဦးသေသည်၊ လက်နက် ခဲယမ်းများသိမ်းဆည်းရမိသည်ဟု စစ်ကောင်စီက မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်သည်။ ကားပေါ်ပါ အမျိုးသား ၁ဦး၊ အမျိုးသမီး ၁ ဦး သေဆုံး ကာ ၉နှစ်အရွယ် မိန်းကလေးငယ်အပါအဝင် ၅ ဦးဒဏ်ရာရသည်ဟု စစ်ကောင်စီ၏ စာရင်းက ဆိုသည်။

ထိုဖြစ်စဉ်ပြီးနောက် စစ်ကိုင်းတံတား အဝင်အထွက်ကို စစ်ကောင်စီက ပိတ်ထားပြီး အနီးဝန်းကျင်ကို တစ်နာရီခန့်ကြာ ရှာဖွေစစ်ဆေးမှုများလုပ်ပြီးနောက် တံတားကို လုံခြုံရေးတိုးချကာ တံတားကို ပြန်ဖွင့် ပေးလိုက်သည်ဟု ထိုသူက ဆက်ပြောသည်။

“သွေးတွေပေနေတဲ့ကားကိုလည်း ရေဆေးနေတယ်။ တံတားကိုလည်း လုံခြုံရေးတင်းကြပ်ထားတယ် ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီက စစ်ကိုင်းတံတားဘေးရှိ ရပ်ကွက်များနှင့် စစ်ကိုင်းတောင်ရိုးနှင့် မင်းကွန်း တလျှောက်ရှာဖွေမှုများပြုလုပ်နေကြောင်း အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်ပြီး စစ်ကိုင်းမြို့မရဲစခန်းနှင့် စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေး မြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

ယခုပစ်ခတ်မှုဖြစ်ပွားသည့် ဂိတ်သည် ကိုဗစ်နိုင်တင်းကပ်ရောဂါကာလအတွင်း ရောဂါရှာဖွေရန် ဖွင့်လှစ် ထားခြင်းဖြစ်သည်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီက လုံခြုံရေးဂိတ်အဖြစ် ပြောင်းလဲ အသုံးပြုနေသည်။

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာတွင် ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများတွင်လည်း ပြောက်ကျား တိုက်ခိုက်မှုများ မကြာခဏ ဖြစ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button