သတင်း

မောင်တောတွင် ရွာသားနှစ်ဦး ပစ်သတ်ခံရ၊ ပျောက်ဆုံးနေသူ ၆ ဦးလည်းရှိ

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်တွင် ယမန်နေ့ (ဩဂုတ် ၁၂) ညပိုင်းက ဒေသခံ အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့အတွက် ရိက္ခာသွားပို့သူ ၆ ဦးလည်း ပျောက်ဆုံးနေသည်ဟု သိရသည်။

အသတ်ခံရသူနှစ်ဦးမှာ အသက် ၂၂ နှစ်အရွယ် ကိုမြတ်ခိုင်ကျော်နှင့် ၃၅ နှစ်အရွယ် ကိုဌေးလင်းဆိုသူတို့ ဖြစ်ကာ မောင်တောမြို့နယ်တောင်ပိုင်း သရီကုန်ဘော်အမည်ရ ရခိုင်ရွာအနောက်ဘက် မိုင်ဝက်ခန့် အကွာရှိ မွေးမြူရေးခြံတွင် ရှိနေစဉ် ပစ်သတ်ခံရခြင်းဖြစ်သည်။

ကိုဌေးလင်းမှာ မွေးမြူရေးခြံအလုပ်သမားဖြစ်ပြီး ကိုမြတ်ခိုင်ကျော်မှာ ညအိပ် ကဏန်းလာရှာသူဖြစ်ကြောင်း သရီကုန်ဘော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးညီညီအောင်က Myanmar Now ကို ပြောသည်။

“ရွာသားတစ်ယောက်။ ဧည့်သည်တစ်ယောက်ပါ။ ရွာခံသားက ကဏန်းပုံးထောင်ပြီး တဲမှာအိပ်တာ။ အဲဒီမှာ ဝင်ပြီးတော့ ပစ်သွားတယ်လို့ ပြောတယ်။ ဘယ်သူတွေက ဝင်ပစ်သွားတယ်ဆိုတာ မသိဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါ မွေးမြူရေးခြံမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဝင်များက လုပ်ကိုင်နေခြင်းဖြစ်သည်ဟု အခြား သရီကုန်ဘော်ရွာခံတစ်ဦးက ပြောသည်။ ထိုအချက်နှင့် ပတ်သက်၍ ALP ပါတီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

“အဲဒီဘက်မှာ ALP က စစ်ငြိမ်းအဖွဲ့ရှိတယ်။ သူတို့မှာ နွားတွေ ကြက်တွေ ဝက်တွေ ဆိတ်တွေ မွေးစားကြတယ်။ ည ၁၂ နာရီကျော်လောက်မှာ သေနတ်ပစ်သံ အချက် ၃၀၊ ၄၀ လောက် ကြားလိုက်ရတယ်” ဟု သရီကုန်ဘော်ရွာခံက ပြောသည်။

အဆိုပါ ဒေသခံနှစ်ဦးကို မည်သည့်အဖွဲ့က လုပ်ကြံသည်ဟု မသိရသေးပေ။ 

သေဆုံးသွားသူနှစ်ဦးကို ယနေ့ (ဩဂုတ် ၁၃) နံနက်ပိုင်းတွင် မောင်တောမြို့မှ ကရုဏာကွန်ရက် နာရေးကူညီမှု ပရဟိတအသင်းကားဖြင့် မောင်တောခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း အသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ အလောင်းသွားယူတဲ့အချိန်မှာ ထုပ်ပြီးသားဖြစ်နေတာဆိုတော့ ဒဏ်ရာအခြေအနေကို မမြင်ရဘူး။ တစ်ယောက်က ကိုဌေးလင်း ယိုးတရုတ်ဇာတိလို့ သိရတယ်။ လက်ရှိမှာက သရီကုန်ဘော်မှာ ကြက်ခြံလုပ်နေတာလို့ ပြောပါတယ်။ နောက်တစ်ယောက် ကိုမြတ်ခိုင်ကျော်က သရီကုန်ဘော်က သူက ကဏန်းရှာတယ်။ ကဏန်းရှာပြီးတော့ အိမ်ကိုမပြန် ကြက်ခြံမှာ အိပ်တယ်လို့ သိရပါတယ်” ဟု ၎င်းက ပြောသည်။

ခမောင်းဆိပ်မြို့မှ လူ ၆ ဦးပျောက်ဆုံးနေ

မောင်တောမြို့မြောက်ဘက် မိုင် ၃၀ ကျော်အကွာရှိ ခမောင်းဆိပ်မြို့တွင်လည်း နယ်ခြားစောင့်တပ်ဖွဲ့အတွက် ရိက္ခာသွားပို့သူ သုံးဦးနှင့် ငါးသွားမျှားသူ သုံးဦး စုစုပေါင်း ၆ ဦး ယမန်နေ့ မွန်းလွဲပိုင်းကတည်းက ပျောက်ဆုံးနေသည်ဟု သိရသည်။ 

ပျောက်ဆုံးနေသူများမှာ သက်ကမက် (ခေါ်) ဒိုင်းနက်လူမျိုး ၅ ဦးနှင့် ရခိုင် ၁ ဦး ပါဝင်ပြီး ရိက္ခာသွားပို့သူ သုံးဦးမှာ အသက် ၂၀ ကျော်ရွယ်များဖြစ်သည့် လှမောင်၊ သင်္ခါကျော်နှင့် ကြာလှအောင်တို့ဖြစ်သည်ဟု သိရသည်။

ခမောင်းဆိပ်မြို့မှ ၇ မိုင်ခန့်အကွာ နယ်စပ်ခြံစည်းရုံး မိုင်တိုင်အမှတ် ၄၃ ရှိ နယ်ခြားစောင့်ရဲကင်းစခန်းကို ဆိုင်ကယ်ဖြင့် ရိက္ခာသွားပို့ရင်း ပျောက်ဆုံးနေခြင်းဖြစ်ကာ မသွားမီ ခမောင်းဆိပ်ရှိ နယ်ခြားစောင့်စခန်းနှင့် ရက္ခိုင့်တပ်တော် (AA) ၏ နယ်မြေတာဝန်ခံတို့ကို သတင်းပို့ခဲ့ကြောင်းလည်း သိရသည်။

အထက်ပါ လူငယ်သုံးဦး၏ မိသားစုဝင်တစ်ဦးဖြစ်သည့် ခမောင်းဆိပ်မြို့မှ ဈေးဆိုင်ပိုင်ရှင် ဦးဘမောင်ကို ဆက်သွယ် မေးမြန်းရာတွင်” အရင်ကလည်း သွားနေကျဖြစ်တော့ သူတို့ထွက်သွားကတည်းက ကျွန်တော်ကလည်း အဆက်အသွယ် မလုပ်ဖြစ်ဘူး။ နောက်ပိုင်း နေ့လယ် ၁၂ နာရီလောက်မှာ ၄၃ (နယ်ခြားစောင့်ရဲကင်း) က ကျွန်တော့်ကို ဖုန်းဆက်လာပါတယ်။ အဲဒီအချိန်ကျမှ ပျောက်နေတယ်ဆိုတာ သိရတာ” ဟု ပြောသည်။

နယ်ခြားစောင့်ရဲကင်းစခန်းသို့ ရိက္ခာသွားပို့သူ သုံးဦးနှင့်အတူ ခမောင်းဆိပ်မြို့မှ ၂၈ နှစ်အရွယ် မောင်လှ၊ မောင်မြထွန်းနှင့် ၄၀ အရွယ် ရခိုင်လူမျိုး ရန်အောင်ချေဆိုသူ အမျိုးသားသုံးဦးလည်း ယမန်နေ့မှစ၍ တစ်ချိန်တည်း ပျောက်ဆုံးနေသည်ဟု သိရသည်။

ထိုအမျိုးသား သုံးဦးမှာ ခမောင်းဆိပ်နှင့် တစ်မိုင်ခန့်ဝေးသည့် လိုင်သီချောင်းရေကျော် တံတားအနီး ငါးမျှားသွားစဉ် ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း၊ ရိက္ခာပို့သူများသွားရာ လမ်းကြောင်းပေါ်၌ပင် ဖြစ်ကြောင်း သိရသည်။

“သူတို့ကို အခုထိ အဆက်အသွယ်မရဘူး။ ဘာသတင်းမှလည်း မကြားရဘူး။ သူတို့ကို ဒီနေ့မနက်ပိုင်းက အဲဒီလမ်းအတိုင်း လိုက်ရှာဖို့ သွားကြသေးတယ်။ ခမောင်းဆိပ်နဲ့ အောင်ဇူကြားမှာ ခြေရာတွေ အများကြီးတွေ့လို့ ကြောက်ပြီးတော့ ပြန်လာကြတယ်” ဟု ခမောင်းဆိပ်မှ ဈေးဆိုင်ပိုင်ရှင်က ပြောသည်။ 

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီ၊ AA နှင့် ALP တို့အကြား အခြေအနေ တင်းမာနေပြီး အပြန်အလှန်ဖမ်းဆီးမှုများ၊ သတ်ဖြတ်မှုများနှင့်အတူ တိုက်ပွဲများလည်း ပြန်လည်ဖြစ်ပွားနေသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button