သတင်း

ရသေ့တောင်တွင် စစ်တပ်နှင့် AA တိုက်ပွဲဖြစ်နေ၊ ဒေသခံများဘေးလွတ်ရာပြေး

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်တွင် ယနေ့ (ဩဂုတ် ၁၃) နံနက်ပိုင်း၌ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေပြီး ဒေသခံ ရွာသူရွာသားများ ထွက်ပြေးနေကြောင်း သိရသည်။

ဒေသခံများက မယူကမ်း (မေယုကမ်း) ဒေသဟု ခေါ်ဝေါ်သည့် ရသေ့တောင်မြို့နယ် အနောက်ဘက်ခြမ်း ချိန်ခါလိန်နှင့် ဒုံးပိုက်ကျေးရွာကြားတွင် နံနက်ပိုင်း ၈ နာရီခန့်မှစ၍ တိုက်ပွဲဖြစ်နေကာ ချိန်ခါလိန်၊ ဒုံးပိုက်၊ ဆင်ပိုက် စသည့်ကျေးရွာမှ ရွာသူရွာသားများ ထွက်ပြေးနေရသည်။ 

အငူမော် – မောင်တော ကားလမ်းမပေါ်ရှိ အထက်ပါကျေးရွာနှစ်ခုအကြားရှိ ချောင်းကူတံတာအနီးတွင် လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သံများကို အနီးကပ်ကြားရသည်ဟု ချိန်ခါလိန်ရွာသားတစ်ဦးက ပြောသည်။

“ဖြစ်နေတာက ဒုံးပိုက်နားမှာ ဖြစ်နေတာ။ ကျော်လမ်း‌ချောင်းတံတားအနီးမှာ ဖြစ်နေကြတယ်။ အခုလည်း ဖြစ်နေတုန်းပါ။ အခု ရွာကလူတွေက ဟိုပြေးဒီပြေး ပြေးနေကြတယ်။ အခု ကျွန်တော်လည်း ပုန်းခိုနေရတာပါ” ဟု ထိုအမျိုးသားက ပြောသည်။

“ဒီလောက်အပြန်အလှန်ပစ်နေကြတာ ရွာက လူအားလုံးထွက်ပြေးကြပေါ့။ ဒီလောက်ပစ်နေတာ ကြောက်တာပေါ့”

လူဦးရေ ၇၀၀ ဝန်းကျင်ရှိ ချိန်ခါလိန်ကျေးရွာအနီး တိုက်ပွဲဖြစ်သဖြင့် ကိုးတန်ကောက်ကျေးရွာနှင့် မောင်တောမြို့နယ် အင်းဒင်ကျေးရွာဘက်သို့ ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေရသည်ဟု ဆိုသည်။​

ယနေ့ နံနက်ပိုင်းတွင်  ကားလမ်းမအတိုင်းတက်လာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် AA  တပ်ဖွဲ့ဝင်များနှင့် ထိတွေ့ကာ တိုက်ပွဲဖြစ်သည်ဟု တခြား ဒေသခံ အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း စစ်တွေမှလာသည့် အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် အငူမော် – မောင်တော ကားလမ်းမပေါ်ရှိ အောင်ဗလကျေးရွာအနီးတွင် တပ်စွဲပြီးနောက် ဒုံးပိုက်ရွာဘက်သို့အလာတွင် တိုက်ပွဲဖြစ်သည်ဟုလည်း ထိုအမျိုးသမီးက ဆိုသည်။

“အောင်ဗလကျေးရွာဘက်မှာ စစ်သားတွေရှိတယ်လို့ သိရတယ်။ အဲဒီဘက်က လာတဲ့ စစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့ပြီး ဖြစ်တာလို့ သိရတယ်။ ကျွန်မတို့ရွာက လူတွေက ပြေးသူပြေးကြတယ်။ တချို့က မပြေးကြသေးဘူး။ အခြေအနေကို စောင့်ကြည့်နေကြသေးတယ်။ ပစ်သံတွေက မရပ်သေးဘူး။ ပစ်နေတုန်းပါ” ဟု ထိုအမျိုးသမီးက ပြောသည်။

ရသေ့တောင်မြို့နယ် မယူကမ်းဒေသရှိ ချိန်ခါလိန်ကျေးရွာအနီးတွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ကလည်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ကြား အပြန်အလှန်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည့် ဒေသတစ်ခုဖြစ်သည်။

လွန်ခဲ့သည့် လအတန်ကြာမှနေ၍ အာဏာသိမ်း စစ်ကောင်စီနှင့် AA တို့အကြား အခြေအနေတင်းမာလာပြီး အပြန်အလှန်ဖမ်းဆီးများနှင့်အတူ တိုက်ပွဲများ ပြန်ဖြစ်လာခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တောမြို့နယ်နှင့် နယ်မြေချင်း ထိစပ်နေသော ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲဆက်ဖြစ်နေကြောင်း AA တာဝန်ရှိသူက လွန်ခဲ့သည့်နှစ်ရက်က သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုထားသည်။

မောင်တောမြောက်ပိုင်းတွင် နှစ်ဖက်အပြန်အလှန် ပိတ်ဆို့မှုများပြုလုပ်ရင်း စစ်ကောင်စီဘက်က တပ်စခန်း ၇ ခုခန့် ဆုတ်ခွာသွားသည်ဟုလည်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button