အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဟားခါးအနီး စစ်စခန်းကို ချင်းတပ်ပေါင်းစု ဝင်တိုက်၊ ၁၀ ဦး သေဟုဆို

ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့အကြား သီမစ်ချောင်းအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်းကို  ယမန်နေ့ (ဩဂုတ် ၁၁) တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ချင်းကာကွယ်ရေးပူးပေါင်းတပ် (Chinland Joint Defense Committee – CJDC)  အထွေထွေအတွင်းရေးမှူး Salai Timmy က ပြောသည်။

“သီမစ်ချောင်းနားမှာ စကစ (စစ်ကောင်စီ) စခန်းကို ၀င်တိုက်တယ်၊ စကစ ဘက်က ၁၀ ယောက် သေတယ်” ဟု Salai Timmy က ပြောသည်။

တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဟားခါးအနီး မြို့များတွင်လည်း စစ်တပ်က စစ်ကြောင်းထိုးနေသည်ဟု Salai Timmy က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ပလက်၀မြို့နယ် မီးချောင်းနဲ့ ဆမီးချောင်းရွာတွေဘက်ကိုလည်း ထိုးစစ်ဆင်နေတယ်၊ မတူပီမြို့နယ်၊ ရမ်စီကျေးရွာကိုလည်း စကစတွေ စ၀င်နေတယ်” ဟု သူက ပြောသည်။

အခြားဒေသခံတစ်ဦးက  ယမန်နေ့က ဝင်တိုက်ခံရသည့်၊ အင်အား ၈၀ မှ ၁၀၀ ကြားတွင်ရှိသည့် အဆိုပါ စစ်တပ်သည် မီးချောင်းနှင့် ဆမီးချောင်း အနီးတဝိုက်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးလေ့ရှိသည်ဟု ပြောသည်။

“ခုချိန်ထိ မဆုတ်ဘဲ ခြေကုတ်ယူနေသေးတယ်၊ စစ်ကြောင်းလိုမျိုး လာတာရှိတယ်၊ အဓိကတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုလည်ပတ်စေချင်လို့ လာပြီးထိန်းချုပ်တာလို့ သုံးသပ်တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အဆိုပါ ဒေသခံက ပြောသည်။

“သူတို့ရဲ့ထိန်းချုပ်နယ်မြေမှာ ပြည့်ပြည့်၀၀ ချင်းကာကွယ်ရေးတပ် မလှုပ်ရှားနိုင်အောင် အင်အားတိုးထိန်းချုပ်တဲ့ သဘောရှိတယ်” 

စစ်တပ်က  ဆမီးချောင်းဘေးရှိ ဆောင်၀ရွာမှ ရွာသူရွာသားများကိုလည်း ခေါ်ယူ စစ်ဆေးလေ့ရှိသည်ဟုလည်း ဒေသခံတို့ကဆိုသည်။

စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ် CJDC တို့ အကြား ယခုနှစ် ဖေဖော်ဝါရီလမှ ဇူလိုင်လကုန်အထိ တိုက်ပွဲပေါင်း ၂၂၀ ဖြစ်ပွားခဲ့သည်ဟု CJDC က ဩဂုတ်လ ၁၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ဟားခါးတွင် ၄၅ကြိမ်၊ ဖလမ်းတွင် ၄၄ကြိမ်၊ မင်းတပ်တွင် ၃၅ ကြိမ်၊ ကန်ပက်လက်တွင် ၂၄ ကြိမ်၊ မတူပီတွင် ၁၈ ကြိမ်၊ တီးတိန်တွင် ၁၃ ကြိမ်၊ ထန်တလန်တွင် ၉ ကြိမ်၊ ပလက်၀တွင် ၇ ကြိမ်၊ တွန်းဇန်တွင် ၂ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီက တိုက်ပွဲသတင်း ထုတ်ပြန်လေ့ မရှိပေ။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ချင်းပြည်နယ်တွင် မိုးရာသီအတွင်း သွားရေးလာရေး ပိုမိုခက်ခဲနေသည်။  တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့်လည်း အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ကုန်သွယ်ရ ခက်ခဲနေကြောင်း၊  ဒေသခံများအနေဖြင့်လည်း ဝယ်ယူရ ခက်ခဲနေကြောင်း ဒေသခံတို့က ပြောသည်။

ဤအတောအတွင်း ဒေသတွင်းတော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် CDF-Zophei က  စစ်ရေးအခြေအနေကြောင့် ချင်းပြည်နယ် ဟားခါးမြို့နယ် ကြောင်ထီးယား-သီမစ်လမ်းနှင့် ဟားခါး-သီမစ်လမ်းတို့ကို မလိုအပ်ဘဲ မဖြတ်သန်းကြရန် ဩဂုတ် ၂ တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီက နေအိမ်များ လိုက်လံမီးရှို့သည့်စနစ်ကို ချင်းပြည်နယ်တွင် ကျင့်သုံးခဲ့ပြီးဖြစ်သည်။

ချင်းပြည်နယ် ထန်တလန်မြို့ ၂၈ ကြိမ် မီးရှို့ခံရပြီးနောက် အိမ်အရေအတွက် ၁၃၀၀ ကျော် ပျက်စီးသွားသည်ဟု Thantlang Placement Affairs Committee (TPAC) အဖွဲ့က ဇွန်လကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီကမူ ၎င်းတို့၏စစ်သားများရှို့ခြင်းမဟုတ်ဟု ရံဖန်ရံခါ တုံ့ပြန်တတ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles