သတင်း

အလုပ်ရှင်ကို ထောင်ချနိုင်သည်ဟု ပြင်ဆင်ချမှတ်ပါက ပြည်ပရင်းနှီးမြှုပ်နှံမှုကို ထိခိုက်နိုင်ဟု ILO သတိပေး

(ရန်ကုန်) – အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေး ဥပဒေပြင်ဆင်ချက်တွင် ထောင်ဒဏ် ထည့်သွင်းမည် ဆိုပါက ပြည်ပရင်းနှီးမြှုပ်နှံမှုကို အဟန့်အတားဖြစ်စေနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) က ပြောသည်။

“(ထောင်ဒဏ်ထည့်သွင်းရေး ဆွေးနွေးနေတဲ့) ဒီအပေါ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက စိတ်ပူတာ အများကြီးရှိပါတယ်။ နောက် အလုပ်ရှင်တွေဘက်ကလည်း ခုံသမာဓိရဲ့ ကြားနာမှုကို မတက်ရုံနဲ့ ထောင်ဒဏ်လို ပြစ်ဒဏ်အကြီး ကြီး ကျမှာကို မလိုလားဘူး” ဟု ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ Internews သတင်းစာသင်တန်းကျောင်းတွင် ဩဂုတ် ၃၀ (ယနေ့) တွင်ကျင်းပသည့် ဆွေးနွေးပွဲတွင် ILO ၏ အကြီးတန်းဥပဒေအရာရှိ မစ္စ နတ်ဆု နိုဂါမိ (Ms. Natsu Nogami) က ပြောကြားသည်။

၂၀၁၂ ခုနှစ်က ပွဋ္ဌာန်းခဲ့သည့် အဆိုပါဥပဒေတွင် အလုပ်ရှင်နှင့်အလုပ်သမားအကြား အငြင်းပွားမှုအတွက် ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်များကို မလိုက်နာသည့် အလုပ်ရှင်များကို ထောင်ဒဏ်ချနိုင်သည့် ပြင်ဆင်ချက် ထည့်သွင်းရန် အမျိုးသားလွှတ်တော်တွင် ယခုနှစ်ဇန်နဝါရီလက ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော်၏ အဆိုပါဥပဒေ ပြင်ဆင်ချက်ထဲတွင် ပြစ်မှုပြစ်ဒဏ်များကို ပြစ်မှုပေါ်မူတည်ပြီး ထောင်ဒဏ် တစ်လမှ ခြောက်လအထိ အမြင့်ဆုံး ချမှတ်နိုင်သလို ငွေဒဏ်ကိုလည်း ကျပ်သိန်း ၁၀၀ အထိ တိုးမြှင့်ထားကြောင်း၊ ဒဏ်နှစ်ရပ်လုံးမှ တစ်ခုခုကို ချမှတ်နိုင်ရန်လည်း ပြင်ဆင်ထားကြောင်း ဥပဒေပြင်ဆင်ရန် လွှတ်တော်သို့ တင်သွင်းခဲ့သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်းက Myanmar Now ကို ပြောသည်။

အလုပ်ရှင်နှင့်အလုပ်သမားကြား ပွူနာမြားတွင် အစိုးရ၏ဆုံးဖြတ်ချက်များကို မလိုက်နာသည့် အလုပ်ရှင်များအား ထောင်ဒဏ်အပြစ်ပေးရေးထက် ထိရောက်သည့် ဒဏ်ငွေ ချမှတ်သင့်ကြောင်း ILO ၏ သဘောထားကို ILO အရာရှိက ပွောသည်။

သို့ရာတွင် အလုပ်ရှင်ဘက်မှ အလုပ်သမား သမဂ္ဂများ၏ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များကို ပြစ်မှတ်ထားကာ အလုပ်မှ ထုတ်ပယ်နေခြင်းများ ဆက်တိုက်ပြုလုပ်ခြင်း အပါအဝင် လက်မခံနိုင်သည့် ချိုးဖောက်မှုများအတွက်မူ ထောင်ဒဏ်အပြစ် ပေးရန်စဉ်းစားသင့်ကြောင်း ILO ဘက်က မှတ်ချက်ပေးသည်။

“ကလေးသူငယ်တွေကို အဓမ္မ အလုပ်စေခိုင်းတာ၊ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးကို ချိုးဖောက်တာမျိုးဆိုတဲ့ အရာတွေမှာတော့ ထောင်ဒဏ်အပြစ်ပေးမယ့်ဟာကို ILO အနေနဲ့ သဘောတူတယ်” ဟု မစ္စ နိုဂါမိကဆိုသည်။

လက်ရှိအခြေအနေတွင် အလုပ်ရှင်ဘက်မှရော၊ အလုပ်သမားများဘက်မှပါ ဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာမှု အားနည်းနေခြင်းများ ရှိနေသည့်အတွက် ဥပဒေအရ ကျူးလွန်သူ မည်သူမဆို ပြစ်မှုပြစ်ဒဏ်များကို ချမှတ်ရာတွင် ထောင်ဒဏ်ကို ထည့်သွင်းထားရခြင်းဖြစ်ကြောင်းအမျိုးသားလွှတ်တော်၏ ပြည်တွင်း၊ ပြည်ပ အလုပ်သမားများရေးရာကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သည့် ဦးကျော်ထွန်းက ပြောသည်။

“ILO ဘက်ကတော့ ထောင်ဒဏ် မပါသင့်ဘူးဆိုတာက သူ့အမြင် သူ့သဘောထားပေါ့။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းပါးနေသေးတယ်ဆိုတာ ဒီဟာတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ အစိုးရဘက်ကလည်း သူ့နည်းလမ်းနဲ့သူ ဥပဒေနဲ့အညီ ကြိုးစားနေတာပဲ” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုအားလုံး၏ ၃၉ ရာခိုင်နှုန်းအထိ ခုံသမာဓိကောင်စီက ကြားဝင်ဖြေရှင်းပေးနေရကြောင်း ILO က ထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် လှိုင်သာယာသည် အလုပ်ရှင်အလုပ်သမားအငြင်းပွားမှု အများဆုံးသော မြို့နယ်ဖြစ်ပြီး အငြင်းပွားမှုအားလုံး၏ ၈၂ ရာခိုင်နှုန်းသည် အဆိုပါမြို့နယ်အတွင်းမှ ဖြစ်ကြောင်းလည်း ILO ၏ စစ်တမ်းများက ဖော်ပြသည်။

အလုပ်ရှင်နှင့် အလုပ်သမားများအကြား အငြင်းပွားမှုတွက် ခုံသမာဓိကောင်စီသည် အမြင့်ဆုံးအဆုံးအဖြတ်ပေးသည့် နေရာဖြစ်သည်။

သို့ရာတွင် ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်ကို အလုပ်ရှင်များဘက်က လိုက်နာရန် ပျက်ကွက်မှုများ မကြားခဏ ဖြစ်ပေါ်နေသည့်အတွက် မလိုက်နာသူများအား ထောင်ဒဏ်အပြစ်ပေးရေး ဥပဒေကို ကြိုဆိုကြောင်း အလုပ်သမား အရေး ကူညီပေးနေသည့် We Generation Network ၏ ဒါရိုက်တာ ကိုနန္ဒစစ်အောင်က ပြောသည်။

“ခုံသမာဓိဆိုတာ အလုပ်သမားအရေးမှာ အမြင့်ဆုံးတရားရုံးပဲ မဟုတ်လား။ အဲ့ဒီလို ခုံသမာဓိရဲ့ ဆုံးဖြတ်ချက်ကို ဥပဒေနဲ့ မလိုက်နာတော့ ဥပဒေစိုးမိုးရေးကို ထိခိုက်စေတာပေါ့။ တစ်ဖက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တိုင်းပြည် အတွက် လိုအပ်တာ မှန်ပါတယ်။ နောက်တစ်ဖက်မှာ ဒီလိုမလိုက်နာရင် ဘာနဲ့ထိန်းမလဲ။ ဒါကို စဉ်းစားဖို့တော့ လိုတယ်” ဟု သူက ဆိုသည်။

အဆိုပါဥပဒေကို ပြည်သူ့လွှတ်တော်တွင် ဆက်လက်ဆွေးနွေးမည်ဖြစ်ပြီး လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲပါက ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက် ဆွေးနွေးရမည်ဖြစ်သည်။

Show More

Related Articles

Back to top button