သတင်း

မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ပေးနေသည့် ကုမ္ပဏီ ၁၁၆ ခုရှိ 

မြန်မာစစ်တပ်အတွက် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ တန်ကြေးရှိ လက်နက်ခဲယမ်းများ ဝယ်ယူ ပေးနေသည့် မြန်မာနှင့် စင်ကာပူကုမ္ပဏီ ၁၁၆ ခု ရှိပြီး ဒါရိုက်တာနှင့် ရှယ်ယာရှင် ၂၆၂ ဦး ပါဝင်ကြောင်း Justice For Myanmar အဖွဲ့က ယနေ့ (ဩဂုတ် ၁၁) တွင် ထုတ်ပြန်လိုက်သည်။

ကုမ္ပဏီပေါင်း ၁၀၀ ကျော်အနက် အာဏာသိမ်းပြီးနောက် စစ်တပ်နှင့် လက်တွဲကာ စီးပွားရေးလုပ်ကိုင်နေသည့် ကုမ္ပဏီ ၇၇ ခုရှိကြောင်း၊  အခြားကုမ္ပဏီ ၂၇ ခုမှာ ရိုဟင်ဂျာများကို လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ် စွပ်စွဲခံရသည့် ၂၀၁၇ ခုနှစ်ကတည်းက လက်နက်ပွဲစားလုပ်ပေးနေသည်ကို အတည်ပြုနိုင်ကြောင်း စစ်တပ်၏ အကျိုးစီးပွားများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်နေသည့် ထိုအဖွဲ့က ဆိုသည်။​

စစ်တပ်ကို လက်နက်ခဲယမ်း ဝယ်ယူပေးနေသည့် ကုမ္ပဏီ ၇၈ ခုမှာ မြန်မာနိုင်ငံ အခြေစိုက်ဖြစ်ပြီး စင်ကာပူရှိ ကုမ္ပဏီအစုအဖွဲ့နှင့် ကုမ္ပဏီခွဲ ၃၈ ခုသည်လည်း လက်နက်ပွဲစားအဖြစ် ပါဝင်ပတ်သက်နေကြောင်း Justice For Myanmar (JFM) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လက်နက်ခဲယမ်း ဝယ်ယူပေးနေသည့် ကုမ္ပဏီများတွင် CCTV တင်သွင်းသည့် A1 Group,  စနစ်တံများတင်သွင်းသည့် Creative Exploration, လေယာဉ်နှင့် အပိုပစ္စည်းများထောက်ပံ့ပေသည့် Dynasty Group အပါဝင် ဦးတေဇပိုင် ထူးကုမ္ပဏီ၊ IGE နှင့် KT Group တို့ပါဝင်သည်ဟု သိရသည်။

စင်ကာပူနိုင်ငံသည် ကုန်သွယ်မှုနှင့် ငွေပေးချေမှု ဗဟိုချက်တစ်ခုဖြစ်နေပြီး လက်နက်ပွဲစားလုပ်ငန်းမှာ သန်းနှင့်ချီသော မြန်မာပြည်သူများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်စေနိုင်ကြောင်းလည်း JFM က ဆိုသည်။

မြန်မာစစ်တပ်၏ လက်နက်ပွဲစားများဖြစ်သည့် ကုမ္ပဏီ၊ ဒါရိုက်တာနှင့် ရှယ်ယာရှင်များကို နိုင်ငံတကာက အရေးယူပိတ်ဆို့ရန်၊ စင်ကာပူအနေဖြင့် မြန်မာစစ်တပ်အတွက် လက်နက်တင်သွင်းရန် ဘဏ်နှင့် ဆိပ်ကမ်းအသုံးပြုမှုအပါဝင် ၎င်းတို့နယ်နမိတ် အသုံးပြုနေခြင်းကို ပိတ်ပင်ရန် JFM က တောင်းဆိုသည်။

”လက်ရှိအချိန်ထိ စစ်တပ်ကို လက်နက်နဲ့ ပစ္စည်းကိရိယာထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီအနည်းငယ် လောက်ကိုပဲ အရေးယူဒဏ်ခတ်ထားနိုင်ပါသေးတယ်။ အဓိကလုပ်ငန်းကြီးတွေကတော့ လွတ်လပ်စွာ ဆက်လက်လုပ်ကိုင်လို့ ရနေပါတယ်။ ဒါက လက်မခံနိုင်စရာပါပဲ” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။

ကုမ္ပဏီအနည်းငယ်ကိုသာ ပိတ်ဆို့နိုင်သဖြင့် မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုကျူးလွန်ရန် လိုအပ်သည့် ရန်ပုံငွေနှင့် လက်နက်ခဲယမ်းများကို စစ်အုပ်စုက ရရှိနေပြီး စစ်တပ်နှင့်စပ်ဆက်သော လူတစ်ဦးချင်းအပါဝင် စီးပွားရေးလုပ်ငန်းတိုင်းကို သက်ဆိုင်ရာနိုင်ငံများက အရေးယူပိတ်ဆို့မှသာ ထိရောက်မှုရှိနိုင်မည်ဟု ၎င်းက ပြောသည်။

စင်ကာပူအနေဖြင့် အဓိပ္ပာယ်ရှိသည့် လုပ်ဆောင်ချက်နှင့် မတုံ့ပြန်ပါက စစ်တပ်၏ ကျူးလွန်မှုများတွင် ကြံရာပါ ဖြစ်နေမည်ဟုလည်း မရတနာမောင်က ဆိုသည်။ 

ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြတ်ချကာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အပြစ်မဲ့ပြည်သူ  ၂,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကာ လူပေါင်း ၁၅,၀၀၀ ကျော်ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားသည်။

ထို့ပြင် နိုင်ငံအနှံ့တွင် လူသတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ နေအိမ်နှင့် ယာခင်းများမီးရှို့ဖျက်ဆီးမှု၊ မုဒိန်းမှုများ ဆက်လက်ကျူးလွန်နေပြီး ပြည်သူ ၈ သိန်းခွဲကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း JFM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ်က ၎င်းတို့ရေးဆွဲထားသည့် အခြေခံဥပဒေကို ကိုယ်တိုင် ချိုးဖောက်ပြီး အာဏာသိမ်းကာ ဆန့်ကျင်သူများ၊ ဆန့်ကျင်သူတို့နှင့်ဆက်နွယ်သည်ဟု ယူဆရသူများကို အကြမ်းဖက် ကိုင်တွယ်နေသည်။ သို့သော်လည်း ဥပဒေအတိုင်း ဆောင်ရွက်နေခြင်းဖြစ်သည်ဟု တုံ့ပြန်လေ့ရှိသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button