မေးမြန်းခန်း

၂၀၀၈ ကို ဆက်သုံးပြီး ကြားကာလဖွဲ့စည်းပုံဆိုတာမျိုး ဖန်တီးချင်ပုံရတယ်- ခွန်ဥက္ကာ 

တိုင်းရင်းသားများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူညီမျှခွင့်တို့အတွက် နှစ်ပေါင်းများစွာ လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ အလုပ်အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

PPST မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (NCA) စာချုပ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ပါဝင်ဖွဲ့စည်းထားသည်။ စစ်တပ်က တစ်ကျော့ပြန် အာဏာသိမ်းပြီးနောက် ခွန်ဥက္ကာ ဦးဆောင်သည့် PNLO မှာ စစ်အာဏာရှင်ကို တော်လှန်သည့် အင်အားစုများနှင့် မတူကွဲပြားသည့် ရပ်တည်မှုမျိုးဖြင့် ချဉ်းကပ် လုပ်ဆောင်နေသည်။

Myanmar Now က ယနေ့ (ဩဂုတ် ၁၀) ဆက်သွယ်မေးမြန်းစဉ် ခွန်ဥက္ကာက စစ်ကောင်စီ လေသံပစ်နေသည့် ရွေးကောက်ပွဲ၊ အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စများအပြင်၊ အာဏာရှင်စနစ် အမြတ်ဖြုတ်ရန် ရည်သန်ထားသည့် မျက်မှောက်ခေတ်တော်လှန်ရေး၏ လားရာတို့နှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း သုံးသပ်ဖြေဆိုထားသည်။

မေး – အခြေခံဥပဒေပြင်ဆင်ရေး စစ်ကောင်စီက ပြောနေတာရှိတယ်။ ဘယ်လိုနည်းလမ်းနဲ့ ပြင်မယ်၊ ဘယ်လို စီစဉ်နေတယ်လို့ သိထားလဲ။

ဖြေ – အခုသူက ပြင်ရမယ့်ဟာတွေကို ကြိုတင်ပြင်ဆင်တာ။ ကြိုတင်ပြီးတော့ ရေးထားတယ်ပေါ့။ ရွေးကောက်ပွဲပြီးလို့ လွှတ်တော်ပေါ်ရင် လွှတ်တော်မှာ အတည်ပြုမယ်ပေါ့။ လွှတ်တော်ပေါ်မှ သွားဆွေးနွေးရင် အချိန်ကုန်တယ်ပေါ့။ အခုကတည်းက ကြိုတင်ညှိနှိုင်းပြီး သဘောတူညီချက်ယူထားချင်တယ်ပေါ့။ ဒါသူ့စိတ်ကူး။ သူက ပြင်မှာမဟုတ်ဘူး။ ပြင်လည်းမပြင်ဘူး။

မေး – အာဏာမသိမ်းခင်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွေမှာ သဘောတူထားတဲ့ ပဋိညာဉ်တွေကရော ဘယ်လိုဖြစ်သွားမလဲ။

ဖြေ – ဆက်ယူသွားမယ်။ ဒါပေမဲ့ သူ့အစီအစဉ်နဲ့သူလုပ်မယ်။ နှစ်ဖက်ညှိနှိုင်းပြီးလုပ်တာတော့ မဟုတ်ဘူး။ ခုန ပြောသလို လုပ်ချင်တဲ့ အစီအစဉ်ကို သူက တင်ပြနေတယ်။ အဲဒီပဋိညာဉ်တွေကို ဘယ်လို ဆက်လက် လုပ်ဆောင်မလဲဆိုတဲ့ သူ့ပုံစံကို အခုသူက တစ်ဖွဲ့ချင်း ခေါ်ပြီး ရှင်းပြနေတာ။ ပဋိညာဉ်တွေက မူဝါဒ (ဆိုင်ရာ) သဘောတွေဖြစ်နေတော့ သူလုပ်ပိုင်ခွင့်ရှိတဲ့ အချိန်မှာ ဖော်ပေးမယ်။ ဒါတွေကို ဘယ်လိုပုံစံဖော်သင့်လဲဆိုတာသူက ဦးဆောင်ဆွေးနွေးနေတာ။ ဒါပေမဲ့ အားလုံးက လုပ်ပိုင်ခွင့်ရှိတဲ့ လွှတ်တော်အဆင့်ရောက်မှ အပြီးအပြတ်ဖြစ်မှာပေါ့။ အခုက သူက စနည်းနာတဲ့သဘော၊ တီးခေါက်တဲ့သဘော၊ ဘယ်သူတွေက ဘာပြင်ချင်လဲဆိုတာကို သူက searching fire (ပစ်မှတ်ရှာ) လုပ်နေတာပေါ့။

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ညောင်နှစ်ပင်ရွာအနီးရှိ အမျိုးသားညီလာခံကျင်းပခဲ့ရာ ဖုံးအလိမ်းလိမ်းတက် ပင်မအဆောက်အအုံကို ဇွန်လအတွင်း စစ်ခေါင်းဆောင် ကြည့်ရှုနေစဉ်။ ဓာတ်ပုံ-စစ်ကောင်စီ

မေး – ၂၀၀၈ အခြေခံဥပဒေကို ရေးခဲ့တဲ့ ညောင်နှစ်ပင်ညီလာခံနေရာကိုလည်း ပြင်ဆင်မှုတွေ လုပ်နေတာ တွေ့ပါတယ်။ အခြေခံဥပဒေကို ဖျက်သိမ်းလိုက်ပြီးတော့ အသစ်ပြန်ရေးမယ်ဆိုတဲ့ လမ်းကြောင်းမျိုးရော ဖြစ်လာနိုင်တယ် မထင်ဘူးလား။

ဖြေ – မရှိဘူးဗျ။ မရှိဘူး။ အသစ်လုပ်ဖို့လိုရင်တောင်မှ လက်ရှိဖွဲ့စည်းပုံကို ကြားကာလဖွဲ့စည်းပုံအနေနဲ့ သူဆက်သုံးနိုင်တယ်။ ကြားကာလအစီအမံတို့၊ ကြားကာလဖွဲ့စည်းပုံတို့၊ ကြားကာလအာဏာပိုင်တို့ ဖန်တီးချင်တဲ့ သဘောရှိတယ်။ အဲဒါကြောင့် အနည်းဆုံးတော့ ၂၀၀၈ ကို ကြားကာလဖွဲ့စည်းပုံအနေနဲ့ သုံးပြီးတော့မှ ဖွဲ့စည်းပုံအသစ်ကို လွှတ်တော်နဲ့ နောက်ပေါ်လာတဲ့ အစိုးရ ဆက်လုပ်မယ်ဆိုတာကို လမ်းခင်းတဲ့ သဘောတွေ့ရတယ်။ 

(ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်) သူ့ရဲ့ မူလအာဏာရယူကတည်းက ရည်မှန်းချက်ကတော့ ကြီးပါတယ်။ အခု နိုင်ငံခြားဧည့်သည်တွေ လက်ခံတာတို့၊ နေပုံထိုင်ပုံတို့ ကြည့်လိုက်လို့ရှိရင် ပီပီပြင်ပြင် သမ္မတတစ်ယောက်လို နေတာထိုင်တာ တွေ့ရတယ်။ … တကယ့် အများတင်မြှောက်ထားတဲ့ သမ္မတပုံစံမျိုးကို လုပ်နေတော့ သမ္မတဖြစ်ချင်တယ်ဆိုတာလဲ မှန်နိုင်တယ်။ သမ္မတဖြစ်ရေးအတွက် ကြိုးပမ်းမှုအပေးအယူက ဘယ်လောက်ရှိမလဲတော့ မသိဘူး။ သို့သော်လည်းပဲ တပ်ကိုတော့ မလွဲမသွေ သူဆက်ကိုင်ထားမယ်ဆိုတာကလည်း မှန်ပါတယ်။ 

မေး – စစ်ကောင်စီက ပြောထားတဲ့ရွေးကောက်ပွဲက ဖြစ်နိုင်ခြေရှိတယ်ထင်လား။ ဘာတွေ ညှိနှိုင်းမှုရှိလဲ။

ဖြေ – ရွေးကောက်ပွဲဆိုတာ ဖွဲ့စည်းပုံမှာ ရေးထားတဲ့အတိုင်း လိုက်လုပ်နေတာ။ လုပ်ချင်တာ မလုပ်ချင်တာက သူ့အလုပ်။ (၂၀၂၃) ဖေဖော်ဝါရီ ၁ ရက်မှာ သူသက်တမ်းကုန်ပြီဗျ။ ထပ်တိုးလို့မရတဲ့အခါမှာ ဖွဲ့စည်းပုံအတိုင်း လုပ်မယ်ဆိုရင်တော့ ရွေးကောက်ပွဲက ရှောင်လွှဲလို့မရဘူး။ သူ့ဘက်ကတော့ လုပ်ဖို့ ကြိုးပမ်းရမှာပဲ။ အဲဒီအချိန်မှာ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ်မူတည်ပြီးတော့ မဖြစ်ဘူးဆိုရင် သူဘာလုပ်မလဲ။ ရွေးကောက်ပွဲဖြစ်ရင် ဘာလုပ်မလဲ Plan A,B (အစီအစဉ် ၁၊ ၂) တော့ ရှိမှပေါ့။ …. ရွေးကောက်ပွဲလုပ်နိုင်တဲ့ တည်ငြိမ်အေးချမ်းမှုမရှိဘူးဆိုရင်တော့ သူက Plan B နဲ့ လာမှာပေါ့ဗျာ။

မေး – Plan B ဆို ဘာဖြစ်မယ်လို့ ခန့်မှန်းထားလဲ။

ဖြေ – Plan B ကတော့ ရိုးရိုးပေါ့။ တိုင်းပြည်ချောက်ထဲကျတော့မယ်တို့၊ လူတွေ ခေါင်းဖြတ်သတ်တဲ့အထိ ဖြစ်တယ်တို့ အာဏာသိမ်းတဲ့ အချိန်မှာ သုံးတဲ့စကားတွေ ပြန်သုံးမှာပေါ့။ ဗိုလ်ချုပ်နေဝင်းက တိုင်းပြည်ချောက်ထဲကျဖို့ လက်နှစ်လုံးအလိုလို့ ပြောပြီးသိမ်းတယ်။ ဗိုလ်ချုပ်စောမောင် အာဏာသိမ်းတော့ လူတွေထိန်းလို့မရတော့ဘူး ခေါင်းဖြတ်သတ်တဲ့အထိ တိုင်းပြည်က အခြေအနေဆိုးနေလို့ သိမ်းလိုက်တယ် ပြောတယ်။ အခုလည်း ဒီလိုပေါ့။ Plan B က အများကြီးဆိုးလာအောင် လုပ်ပေးလိုက်မှာပေါ့။

ဥပမာ အကြောင်းအရာတွေ အများကြီးဖန်တီးပေးလိုက်မယ်ဗျာ။ ဆူပူအုံကြွ ဖြစ်ချင်တာဖြစ် အကြောင်းအရာတွေ ချပေးလိုက်မှာပေါ့ဗျာ။ ဒါကလွယ်ပါတယ်။ သူ့လက်ထဲမှာ ရှိတဲ့ကိစ္စတွေကိုး။ ဒါကြောင့် ဘယ်လိုမှ ရှေ့ဆက်လို့မရတော့ဘူး။ ဖွဲ့စည်းပုံနဲ့လည်း မရတော့ဘူး။ အုပ်ချုပ်လို့လည်း မလွယ်တော့ဘူး။ ဒါကြောင့် ရှင်းရှင်းပဲ အာဏာထိန်းတယ်လို့ ဒီတစ်ခါ မပြောတော့ဘူး။ အပြီးအပြတ် ယူလိုက်ပါပြီဆိုပြီးတော့ လုပ်လို့ရတာပေါ့။ ဗိုလ်နေဝင်းနည်း၊ ဗိုလ်စောမောင်နည်းပေါ့။

အခု သူတို့က ပထမတစ်ရစ်မှာ အာဏာထိန်းဆိုတဲ့ အရစ်နဲ့ သွားတာ၊ နှစ်နှစ်ခွဲလောက်ကျလို့ ဘာမှမဖြစ်လာရင်တော့ သိမ်းတဲ့အထဲကို ကူးလို့ရတာပေါ့ဗျာ။ …. အဲဒီလိုလဲ ဖြစ်နိုင်တာပေါ့။ ဒါကြောင့် ပြည်သူတွေရဲ့ ဒေါသကို ဆွပေးတဲ့ ကိစ္စတွေ လိုက်လုပ်နေတာပေါ့။

စစ်ကောင်စီကို လက်နက်ကိုင်တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အဖွဲ့တစ်ခု။ ဓာတ်ပုံ – 96 Soldier PDF

မေး – အခုက နိုင်ငံအနှံ့မှာ ခုခံတဲ့ လှုပ်ရှားမှုတွေကလည်း အရမ်းမြင့်နေတယ်လေ။ စစ်ကောင်စီက တကယ်မထိန်းနိုင်လို့ ဖြစ်နေတာလား၊ ဒါမှမဟုတ် ခုန အန်ကယ်ပြောသလို သက်သက်လုပ်နေတာလား။

ဖြေ – မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ထိန်းနိုင်ပါတယ်။ ထိန်းနိုင်ပါတယ်။ အခုဆူပူနေတာတွေ အကုန်လုံးက နေပြည်တော်ကို ပျက်စီးရာပျက်ဆီးကြောင်းမဟုတ်ဘူး။ ဆူပူတဲ့လူတွေရဲ့ ဒေသ ပျက်စီးရာပျက်စီးကြောင်းဖြစ်နေတယ်။ သူတို့ အခြေခံတဲ့ဒေသ စားနပ်ရိက္ခာတို့ မှီခိုနေရတဲ့ ပြည်သူလူထုတွေက ပျက်စီးနေတယ်ဆိုရင် အဲဒီပြည်သူလူထုနဲ့ ဘယ်လောက်ထိ ခုခံကာကွယ်နိုင်မလဲဆိုတဲ့ ပြဿနာရှိတယ်။ အဲဒီအဆင့် (ခုခံမှုတွေ) ကနေပြီး နိုင်ငံတော်အာဏာကို ယူဖို့အထိ သွားနိုင်တဲ့ အခင်းအကျင်းက မတွေ့ရသေးဘူး။ အားတော့ ပြိုင်နေတာပေါ့။ အဲဒီအားပြိုင်နေတာနဲ့ပဲ အချိန်က အကြာကြီးဖြစ်သွားမှာ။ ဒါကြောင့် နိုင်ငံတကာက ပြောတာ ၂ နှစ်မဟုတ်ရင် နှစ် ၂၀ ဆိုတာ။

ကျွန်တော်တို့ တိုင်းရင်းသားတွေ အားပြိုင်နေတာ နှစ် ၇၀ရှိပြီ။ ဦးသိန်းစိန်အစိုးရမှာ ပြောင်းတယ်။ ဒေါ်စုလက်ထက်မှာ အာဏာရောက်တယ်။ ရလဒ်က ၁၀ နှစ်လောက် ထွက်လာတယ်။ အခု အဲဒါပြန်ပျက်ပြီးတော့ အခုပြန်စပြန်တယ်။ ပြန်ကြည့်ရင် ဒီလိုပဲ ပြိုင်နေလို့ရှိရင် နောက်ထပ် နှစ် ၂၀၊ ၃၀ ပြန်သွားနိုင်တယ်ပေါ့ဗျာ။ … အဲဒီတော့ အခြေအနေတွေက ဘက်ပေါင်းစုံ တိုက်ဆိုင်မှပဲ ဖြစ်တော့မယ်လို့ ကျွန်တော် ထင်တယ်။

မေး – ဘက်ပေါင်းစုံတိုက်ဆိုင်မှုဆိုတာ ဘယ်လိုကိစ္စမျိုးကို ပြောတာလဲ။ အာဏာရှင်စနစ်အဆုံးသတ်က ဘယ်လိုမှ ဖြစ်မယ်လို့ ဆိုလိုချင်တာလဲ။

ဖြေ – ဘက်တစ်ဖက်တည်းကို အားကိုးလို့မရဘူးပေါ့ဗျာ။ … ပြည်တွင်းမှာ တိုက်နေတယ်။ ဒါနဲ့လည်း မရဘူး။ ပြည်ပက ကျူးကျော်တယ် ဒါတစ်ခုတည်းနဲ့လည်း မရဘူး။ သံတမန်ကိစ္စ ဒါလည်းမရဘူး။ … တချို့တိုင်းပြည်တွေက (လူထုအုံကြွမှု၊ စစ်ရေး) တစ်ခုမဟုတ် တစ်ခုနဲ့ ရှင်းသွားတယ်။ ကျွန်တော်တို့ဆီမှာ အဲဒါတွေဆုံမှ ရမှာ။ …. (နိုင်ငံတကာမှာ အာဏာရှင်) ပြုတ်ပုံပြုတ်နည်းက အများကြီးဆိုပေမဲ့ ဗမာပြည်ကျတော့ တစ်နည်းနဲ့တော့ မရဘူး။ နှစ်နည်းနဲ့လည်း မရဘူး။ နည်းအားလုံးပေါင်းစုံမှပဲ ဖြစ်မယ့် အခြေအနေမျိုး တွေ့ရတယ်။ …. မြန်ချင်လည်း မြန်နိုင်တယ်။ ခုနက ပြောတဲ့ အချက်အလက်တွေ စုံလာရင်တော့ မြန်မယ်။ မစုံဘူးဆိုရင်တော့ ကြာမယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button