သတင်း

သူရဦးအောင်ကို အင်းစိန်ဆေးရုံတွင် ကုသမှုခံ​ယူခဲ့ရ

စစ်ကောင်စီက ထောင် ၁၂ နှစ်ချကာ ရန်ကုန်၊ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားသည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဟောင်း သူရဦးအောင်ကိုမှာ ဩဂုတ် ၈ ရက်တွင် ပြင်ပဆေးရုံသို့ပို့၍ ကုသမှုခံယူခဲ့ရ သည်။

ဆီးချိုရောဂါ ပြင်းထန်ခြင်း၊ ယားနာများ ဆိုးရွားလာခြင်းတို့ကြောင့် အင်းစိန်ဆေးရုံသို့ မနက်တစ်ပိုင်း သွားရောက်ပြသရခြင်းသာဖြစ်သည်ဟု သူရဦးအောင်ကိုနှင့် နီးစပ်သည့် ခိုင်လုံသော သတင်းရင်းမြစ်က ပြောသည်။

စစ်တပ်ပြုပြင်ရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေးထောက်ခံသူ အသက် ၇၅ နှစ်အရွယ် သူရဘွဲ့ရ အငြိမ်းစား ဗိုလ်မှူးချုပ်တွင် သွေးအားနည်းခြင်း၊ နှလုံးကြီးခြင်း ရောဂါများလည်းရှိပြီး အင်းစိန်ထောင်တွင်း ဆေးရုံ၌ မကြာခဏ ဆေးကုသနေရသည်ဟု သူက ဆက်ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရ လက်ထက်တွင် ဝန်ကြီးတာဝန်ယူခဲ့သည့် ၎င်းကို သာသနာ ဆိုင်ရာ ဘွဲ့တံဆိပ်များ ချီးမြှင့်ရာတွင် လာဘ်ယူသည်၊ သမီးဝယ်သည့် ကားကိစ္စတွင် အဂတိမကင်း၊ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်တွင် တည်ထားသည့် ထာဝရငြိမ်းချမ်းရေး စေတီတွင် ကပ်လှူမည့် ၂၀ ကျပ်သား ရွှေပန်းကန်ကိစ္စတို့နှင့် စွပ်စွဲ၍ စစ်ကောင်စီက ထောင်ချသည်။

ပုဒ်မ ၄ ခုဖြင့် စွပ်စွဲခံရသည့် သူရဦးအောင်ကိုကို ရန်ကုန်မြို့ အင်းစိန်ထောင်တွင်း အထူးတရားရုံးက ယခုနှစ် မတ်လ ၁၄ ရက်တွင် ထောင် ၁၂ နှစ်ချခဲ့ပြီး ယင်းနေ့၌ပင် စစ်ကောင်စီက ပြစ်ဒဏ်ထက်ဝက် လွတ်ငြိမ်းသက်သာပေးခဲ့သည်။

စစ်တပ် ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်အမတ်ဟောင်း တစ်ဦးလည်းဖြစ်သူ သူရဦးအောင်ကိုမှာ အာဏာမသိမ်းခင်ကတည်းက စစ်တပ်၏ ရန်ငြိုးဖွဲ့မှုကို ကြုံခဲ့ရသည်။

သာသနာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေချိန် ၂၀၁၇ ခုနှစ်အတွင်း စစ်တပ်ကို ထောက်ခံကာ ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ အမုန်းစကားနှင့် လုပ်ရပ်များ ဆောင်ရွက်နေသည့် မဘသအဖွဲ့ကို သူရဦးအောင်ကိုက ဖျက်သိမ်းသည်။

ကမ္ဘာ့စာမျက်နှာ၌ ဗုဒ္ဓဘာသာအကြမ်းဖက်သမားအဖြစ် နာမည်ကျော်သူ၊ စစ်တပ်ကို ဘုရားလိုကိုး ကွယ်ရန် တိုက်တွန်းခဲ့သူ ဦးဝီရသူမှာလည်း သူရဦးအောင်ကို သာသနာရေးဝန်ကြီး တာဝန်ယူထားသည့် ၂၀၂၀ နိုဝင်ဘာတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ – က ဖြင့် ဖမ်းဆီးခံရသည်။

စစ်တပ်ကို မကြာခဏ ဝေဖန်လေ့ရှိသူ သူရဦးအောင်ကိုအား အရေးယူပေးရန် ၎င်းကို ဝန်ကြီးခန့်သည့် NLD  အစိုးရထံ စစ်တပ်က အာဏာမသိမ်းမီ တောင်းဆိုဖူးသော်လည်း မအောင်မြင်ခဲ့ပေ။

NLD က အစိုးရဖွဲ့နိုင်သည်အထိ ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ငြင်းဆန်ကာ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းချိန်ကတည်းက သူရဦးအောင်ကိုကို စစ်ကောင်စီက ဖမ်းခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button