ဆွာချောင်းရေလှောင်တမံ ရေပိုလွဲ ကျိုးကျခဲ့ပြီးနောက် ရေဘေးဒုက္ခသည် ဖြစ်ခဲ့ရသူများ ပြန်လည်ထူထောင်ရေးအတွက် ကျပ်၃၄သိန်းကျော်ကို ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် အလုပ်လုပ်နေသည့် မြန်မာလုပ်သားများက ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းမှတဆင့် လှူဒါန်းလိုက်သည်။
“သူတို့ရဲ့ လုပ်အားလေးကို စုဆောင်းသိမ်းဆည်းပြီးတော့ ယခုလို အဓိကလိုအပ်နေတဲ့ ရေဘေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် လှူဒါန်းပေးတာ အင်မတန်မှ ဝမ်းမြောက်မိတယ် ကျေးဇူးတင်မိတယ်” ဟု ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ ဦးသန့်သော်ကောင်းက ပြောသည်။
ပြီးခဲ့သည့်လ ၂၉ရက်နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ၏ အစိတ်အပိုင်းတစ်ခု ပဲ့ကျခဲ့ပြီးနောက် ဆွာမြို့အပါအဝင် ရေလှောင်တမံအောက်ဘက် လူနေအိမ်များ ရေနစ်မြုပ်ခဲ့ရသည်။
အနည်းဆုံး လူ ၇ဦး သေဆုံး/ပျောက်ဆုံး ဖြစ်ခဲ့ပြီး လူ၃၀၀၀၀ ကျော် အရေးပေါ်ရွှေ့ပြောင်းခဲ့ရသည့် အဆိုပါရေဘေးကြောင့် နေပြည်တော် – ရန်ကုန် အမြန်လမ်းရှိ ဆွာချောင်းတံတားလည်း နိမ့်ဆင်းခဲ့ပြီး နာရီအနည်းငယ်ကြာ လမ်းပိတ်ခဲ့သည်။
နိုင်ငံတွင်းရေနစ်မြုပ်မှုကို ခိုတောင်ကျွန်းဟုလည်း လူသိများသည့် လိပ်ကျွန်းရောက် မြန်မာလုပ်သားများ၏ လှူဒါန်းမှုကို ချီးကျူးကြောင်း အကျိုးဆောင်ပေးသူ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောသည်။
“ပြည်ပနိုင်ငံကိုရောက်နေသော်ငြား ကိုယ့်မြေကိုယ့်ရေမှာ သဘာဝဘေးအန္တရာယ်တွေ ကြုံလာတဲ့အခါ သူတို့ ရှာဖွေလုပ်ကိုင်ထားတဲ့ ငွေထဲကနေ ခွဲခြမ်းစိတ်ဖြာပြီး လှူဒါန်းပေးလို့ ဆရာ့အနေနဲ့ အင်မတန် သာဓုခေါ်မိတယ် အကျိုးဆောင်လှူဒါန်းပေးရလို့လည်း ဝမ်းသာမိတယ်” ဟု သူက ဆိုသည်။



