သတင်း

နေရပ်ပြန်ရန် ဖိအားပေးခံနေရဟု ရခိုင်ဒေသ စစ်ရှောင်များ ပြော

နေရပ်ပြန်လျှင် ဆန်ရိက္ခာ တစ်လစာနှင့် ငွေ ၅ သိန်း ထောက်ပံ့မည်ဟု စည်းရုံးခဲ့သော်လည်း စစ်ကောင်စီထံမှ ထောက်ပံ့မှု မရရှိသေးကြောင်း ရခိုင်ဒေသ ဒုက္ခသည်များထံမှ သိရသည်။

မြေပုံမြို့နယ်က ကမ်းထောင်းကြီးမြို့ ဘောလုံးကွင်း စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် ဒုက္ခသည် ၆၀၀ ခန့် ရှိပြီး ထိုအထဲမှ အိမ်ထောင်စု ၇၂ စု၊ လူဦးရေ  ၂၂၄ ဦးတို့မှာ ဧပြီလအတွင်းက နေရပ်ပြန်ရန် စစ်ကောင်စီထံ စာရင်းပေးသွင်းကာ ဇွန် ၅ တွင် နေရပ်ပြန်ခဲ့ကြသည်။

ထိုနေရာမှ ထွက်ခွာရန် ဖိအားပေး၊ ခြိမ်းခြောက်မှုနှင့်လည်း ရင်ဆိုင်ခဲ့ရကြောင်း ဒုက္ခသည်အမျိုးသမီးတစ်ဦးက ပြောသည်။

“မြို့နယ်အုပ်ချုပ်ရေးမှူးက အဲဒီစစ်ဘေးရှောင်စခန်းကပဲ စောင့်ပါဆိုလို့ ‌စောင့်နေကြတာပါ။ အဲဒါကို စခန်းတာဝန်ခံတွေက နေရပ်ပြန်ဖို့ စာရင်းကျထားသူတွေ အစည်းအဝေးခေါ်တယ်။ လက်မှတ်ထိုးခိုင်းပြီးတော့ အတင်းပြန်ခိုင်းတယ်” ဟု အမ်းမြို့နယ် သဲကမ်းထောင်းကျေးရွာမှ မဆန်းတင်က ပြောသည်။

“စခန်းတာဝန်ခံတွေက အတင်းနှင်ထုတ်တာက ပြောင်းတဲ့စခန်းသစ်ကို မလိုက်ကြလို့ နှင်ထုတ်ကြတာပါ။ ဒုက္ခသည်တွေက ဒုက္ခဖြစ်လို့ စစ်ရှောင်စခန်းကို ရောက်လာကြတာ။ အဲဒီဒုက္ခသည်တွေက အဲဒီနေရာမှာ တစ်ခါ လစာပေးငှားနေရတယ်ဆိုတော့ ဘာမှမထူးဘူးလေ” 

နေရပ်ပြန်ရန် စာရင်းသွင်းထားပြီး ခွင့်ပြုချက်ရထားသူများ စခန်းမှ ထွက်ရန် စခန်းတာဝန်ခံတို့က မေ ၉ ရက်တွင် လက်မှတ်ထိုးခိုင်းခဲ့သည်ဟု ဆိုသည်။

“နေရပ်ပြန်ဖို့ စာရင်းပေးထားတဲ့ အိမ်ထောင်စု ၇၂ စု အားလုံးကို ခေါ်ပြီး လက်မှတ်ထိုးခိုင်းတယ်။ ကျွန်မတို့ကလည်း ကြောက်ပြီးတော့ လက်မှတ်ထိုးလိုက်ရတယ်။ ထိုးလိုက်ရလည်း ကျွန်မတို့က မထွက်သေးဘူး။ နေရပ်ပြန်ဖို့ ထောက်ပံ့ကြေးကို စောင့်နေကြသေးတယ်” ဟု မဆန်းတင်က ပြောသည်။

“စောင့်နေတာကို စခန်းတာဝန်ခံတွေက ရန်လာလုပ်တယ်။ တဲအိမ်ကို မီးရှို့ပစ်မယ်ဆိုပြီးတော့ ပြောတော့ ကျွန်မတို့ကလည်း သူတို့နဲ့ အတိုက်အခံမဖြစ်ချင်လို့ ထွက်လာခဲ့ကြတာ”

ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းတွင် ခုံလှုံနေသူများထဲတွင် နေရပ်ပြန်မည့်သူများ၊ ဆွေမျိုးများထံတွင် သွားရောက် နေထိုင်ကြမည့်သူများ၊ နေရာသစ်ပြောင်းရွှေ့ရသူများဟူ၍ အုပ်စုသုံးစုခွဲပြီး စစ်ကောင်စီက စာရင်းကောက်ခံခဲ့ခြင်း ဖြစ်သည်။

ထောက်ပံ့ကြေးရမည်ဟုဆိုကာ နေရပ်ပြန်ကြသူများလည်းရှိသလို နီးစပ်ရာဆွေမျိုးများထံတွင် ကပ်ခိုနေထိုင်ကြသူများလည်း ရှိကြောင်း သိရသည်။ 

ယင်းစစ်ရှောင်စခန်းတွင် လက်ရှိခိုလှုံနေသည့် စစ်ဘေးရှောင်ဒုက္ခသည် အိမ်ထောင်စု ၁၀၅ စု ရှိသည်။

ရက္ခိုင်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား နှစ်နှစ်ကျော်ကြာ အပြင်းအထန်တိုက်ပွဲဖြစ်ပွားစဉ် အမ်းမြို့နယ် ဓန၊ ဆင်ဦးဒိုက်၊ ဒါးလက်၊ သရက်ပင်ချောင်း၊ သဲကမ်းထောင်း၊ ကျောက်ခုံ၊ ညောင်ကန်း၊ စသည့် ကျေးရွာများနှင့် မြေပုံမြို့နယ် လီသွန်၊ စိမ်းညှင်း၊ ဟင်းခရော် စသည့် ကျေးရွာများမှ ထွက်ပြေးလာကြသူများဖြစ်သည်။

ကျောက်တော်မြို့ရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် စစ်ရှောင်နေကြသူများ ယမန်နှစ် ဇန်နဝါရီလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-EPA)

၂၀၂၁ အာဏာသိမ်းခါနီးမှ စပြီး နှစ်ဖက် အပစ်ရပ်ထားမှု ၂ နှစ် ပြည့်တော့မည့်အချိန်တွင် ဒေသတွင်း တိုက်ပွဲတချို့ ပြန်လည်ဖြစ်ပေါ်လာသလို ဒုက္ခသည်များကို နေရပ်ပြန်ကြရန် ဖိအားပေးနေခြင်း ဖြစ်သည်ဟု သိရသည်။

နေရပ်ပြန်မည့်သူများနှင့် မိသားစုဆွေမျိုးများထံတွင် ကပ်ခိုနေထိုင်လိုသူများအား စစ်‌ကောင်စီက ဆန်တစ်လစာနှင့် ငွေငါးသိန်း ထောက်ပံ့မည်ဟု ပြောဆိုခဲ့ကြောင်း၊ စခန်းတာဝန်ခံများ၏ ထိန်းချုပ်မှုအောက်တွင် မနေလိုကြောင်း  ဒုက္ခသည်အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျွန်မတို့က အသစ်ပြောင်းတဲ့ နေရာကို မလိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျဉ်းကျဉ်းကျပ်ကျပ်နေရတယ်။ သူတို့ပြောတာ ခိုင်းတာ လုပ်ရတယ်။ အဲဒါကြောင့် ကျွန်မတို့မနေချင်လို့ပါ။ ကယ်ဆယ်ရေးပစ္စည်းတွေလည်း မရတာများပါတယ်” ဟု မြေပုံမြို့နယ် လီသွန်းကျေးရွာမှ နေရပ်စွန့်ခဲ့ရပြီး ဆွေမျိုးများထံတွင် နေထိုင်နေသူ ထိုအမျိုးသမီးက ပြောသည်။

“ကျွန်မ သားလင်တွေလည်း အရက် တစ်ခွက်သောက်ရင်လည်း ခြောက်ပေါက်ကျတယ် (ထိတ်တုံးချခံရတယ်)။ ပစ္စည်းတင်ခ၊ ဆန်တင်ခတွေလည်း ဖြတ်လို့ ဒုက္ခကျလို့ ကျွန်မတို့ ကယ်ဆယ်ရေးစခန်းမှာ မနေဘဲ ထွက်လာတာပါ။ အခု အစိုးရက ပေးမဲ့ ထောက်ပံ့ကြေးတွေလည်း မရသေးဘူး”

WFP က တစ်လလျှင် စစ်ဘေးရှောင်တစ်ဦးကို ငွေ ၁၅၀၀၀ ကျပ်စီ လစဉ် ထောက်ပံ့လေ့ရှိပြီး နေရပ်ပြန်မည့်သူများကို မတ်နှင့် ဧပြီ နှစ်လစာ ထောက်ပံ့ပေးပြီး စခန်းပြောင်းသူများကို တစ်လစာ ထောက်ပံ့ပေးကြောင်း သိရသည်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ ထောက်ပံ့ကြေးငွေရပြီးနောက် စခန်းတာဝန်ခံများက နှင်ထုတ်ခဲ့ကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။

သူမက “WFP က ထောက်ပံ့ရတာနဲ့ အခု စခန်းကနေ ထွက်ရမယ်လို့ ပြောတယ်။ ကျွန်မတို့ နှစ်ရက်လောက် နေခဲ့ရပြီးတော့ ထွက်လာခဲ့ရတယ်။ အဲဒီဘောလုံးကွင်းစစ်ဘေးရှောင်စခန်းမှာ မနေရတော့ဘူး။ နှင်ထုတ်တယ်။ ဒီဘောလုံးကွင်းက မထွက်သူတွေကို ဝါးလုံးနဲ့ ရိုက်သတ်မယ်ဆိုပြီးတော့ ငြိုးထားတယ်” ဟု ပြောသည်။

“စခန်းပြောင်းရွေ့တဲ့နေရာမှာ တဲအိမ်ကို အလှူရှင်တွေဆီက သစ်၊ ဝါးအကူအညီနဲ့ ဆောက်ပြီးသွားပြီ။ အစိုးရက ထောက်ပံ့ငွေရရင် ထွက်မယ်ဆိုတော့ ဘောလုံးကွင်းစခန်းမှာ နေခဲ့တာ။ မထွက်လာခင်ကလည်း နှစ်လစာ တစ်လ နှစ်ထောင်ကျ အဲဒီကွင်းသစ်စစ်ခန်းနေရာအတွက် ပေးခဲ့ရသေးတယ်”

ကမ်းထောင်းကြီးမြို့ ဘောလုံးကွင်းတွင် မူလက စစ်ဘေးရှောင်စခန်းအဖြစ် ပြုလုပ်ထားခြင်းဖြစ်ပြီး မြို့ခံများက အဆိုပါဘောလုံးကွင်းကို အသုံးပြုရန်ဟု ဆိုကာ နေရာဖယ်ပေးရန် တောင်းဆိုမှုကြောင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနောက်သို့ ပြောင်းရွှေ့ထားရကြောင်း သိရသည်။

အဆိုပါရုံးနောက်ဘက်တွင် ရှိသော မြေနေရာကို ပိုင်ရှင်ထံမှ တစ်နှစ်လျှင် သိန်း ၂၀ဖြင့် သုံးနှစ်စာချုပ်ဖြင့် ငှားရမ်းပြီး စစ်ဘေးရှောင်းစခန်းအဖြစ် ပြုလုပ်ထားသည်၊ စစ်ဘေးရှောင်များက ထိုနေရာတွင် ခိုလှုံခွင့်ရရန် စခန်းတာဝန်ခံများကို  တစ်လလျှင်ငွေ ၂၀၀၀ နှုန်း ပေးဆောင်နေရသည်ဟု ဆိုကြသည်။

နေရပ်ပြန် ဒုက္ခသည်များ ထောက်ပံ့ကြေး ၅ သိန်းနှင့် ဆန်တစ်လစာ မရသည့် ကိစ္စနှင့် ပတ်သက်ပြီး ကမ်းထောင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်နိုင်ထံ Myanmar Now က ဆက်သွယ်မေးမြန်းခဲ့ရာ ပြည်နယ်စစ်ကောင်စီထံ မေးမြန်းပါဟုသာ ပြောဆိုသည်။

ပြည်နယ်စစ်ကောင်စီကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

စစ်ကောင်စီ၏ဆန်ရိက္ခာထောက်ပံ့မှုမရကြ

ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းအပြင် ရခိုင်က စစ်ဘေးရှောင်စခန်းအားလုံးနီးပါးတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနထံမှ ဆန်ရိက္ခာထောက်ပံ့မှု မရရှိသည်မှာ ၃ လ ခန့် ကြာမြင့်နေပြီဖြစ်သည်ဟု ဒုက္ခသည်များထံမှ သိရသည်။

ပြီးသည့် ၆ လအတွင်း ထိုဌာန၏ ဆန်ရိက္ခာထောက်ပံ့မှု မေလ တစ်လတည်းအတွက်သာ ရရှိခဲ့ကြောင်း မြောက်ဦးမြို့ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ဆရာတော်က မိန့်သည်။

“အစိုးရက ရိက္ခာထောက်ပံ့တာ ၃ လပိုင်းက တစ်ခါ ၄ လ ပိုင်းက တစ်ခါ ပြတ်တယ်။ ၅ လပိုင်းက တစ်ခါရောက်ခဲ့တယ်။ အဲဒီကနေ အခု ၈ လပိုင်းအထိ တစ်ခါမှ မရောက်သေးဘူး။ စားရေးသောက်ရေးက သိပ်မဆင်မပြေတော့ဘူး။ ခါတိုင်းတော့ မိသားစုတစ်စု တစ်လ ဆန်နှစ်အိတ်လောက် ရနေတယ်ဆိုရင် အဆင်ပြေကြတယ်။ အခုက တစ်လမှာ တစ်အိတ်ဆိုရင် မိသားစုများတဲ့သူတွေဆိုရင် လိုက်မမီဘူး” ဟု ဆရာတော်က မိန့်သည်။

အလားတူ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံနှင့် တခြားမြို့နယ်များတွင် ရှိကြသည့် စစ်ဘေးရှောင်စခန်းများတွင်လည်း လူကယ်ပြန်က ရိက္ခာထောက်ပံ့မှုမရရှိသည်မှာ ၃ လခန့် ကြာမြင့်နေပြီဟု ဆိုကြသည်။

“အဆင်မပြေကြဘူး။ အကြွေးယူစားကြတယ်။ WFP က ဆိုရင် လစဉ် ထောက်ပံ့တော့ အဲဒီကရတဲ့ ထောက်ပံ့ငွေကို အကြွေးပြန်ဆပ်ကြတယ်။ တချို့က နေ့စားအလုပ် ဆင်းလုပ်ကြတယ်။ အချို့က တောတောင်ကို သွားပြီး မျှစ်ခူး ရောင်းကြရတယ်။ တောတောင်ကို သွားဖို့ကလည်း မိုင်းအန္တရာယ်ကို ကြောက်ရပါသေးတယ်” ဟု တောင်မင်းကုလား စစ်ဘေးရှောင်စခန်းမှ မအေးခင်က ပြောသည်။

စစ်ဘေးရှောင် ဒုက္ခသည်များအတွက် လစဉ် ရိက္ခာထောက်ပံ့မှု နှောင့်နှေး ကြံ့ကြာမှု မဖြစ်စေရန် ညွှန်ကြားထားကြောင်း၊ အသေးစိတ် မသိရသေးကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

“အဓိကအားဖြင့်တော့ ဆန်ပေါ့။ ဆန်ကတော့ သူတို့ ပုံမှန်ပေးနေတယ်။ တစ်ခါတလေ နှောင့်နှေး ကြံ့ကြာတာတွေ ရှိတယ်ဆိုတာ မကြာမကြာ ကြားရတယ်။ ငါတို့ကတော့ နောက်မကျစေနဲ့လို့ မှာထားတယ်” ဟု ဦးလှသိန်းက ပြောသည်။

ရိက္ခာထောက်ပံ့မှု ထိုသို့နောက်ကျရခြင်း၏ အဓိကအကြောင်းရင်းမှာ ငွေထုတ်ရသည့် ကိစ္စကြောင့်သာ ဖြစ်ကြောင်း သူက ဆိုသည်။

“အဓိကတော့ ငွေထုတ်တဲ့ကိစ္စတွေကြောင့် ဘတ်ဂျက်နောက်ကျတာတွေ မဖြစ်စေဖို့ ငါတို့ကတော့ မှာထားတယ်” ဟု ပြောသည်။

စစ်ဘေးရှောင်စခန်းမှ ဒုက္ခသည်များအပြင် တိုက်ပွဲဖြစ်ပွားခဲ့သည့် ဒေသမှ ရွာများ၊ စစ်ရေးတင်းမာနေသည့် ‌‌ဒေသမှ ရွာများသည်လည်း ကုန်စျေးနှုန်းမြင့်တက်မှု၊ တောတောင်ကို အမှီပြု လုပ်ကိုင်စားသောက်ရန် အဆင်မပြေမှု အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားသည့် ဒေသများတွင်ရှိသော ကျေးရွာများသည် အခက်အခဲအများအပြားကို တစ်ချိန်တည်းတွင် ရင်ဆိုင်နေကြရကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာထက်တွင် သြဂုတ် ၆ ရက်တွင် ရေးသားဖော်ပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button