သတင်း

စစ်ရေးပြင်းထန်နေသည့် ကလေးမြို့တောင်ပိုင်းတွင် တိုက်ပွဲထပ်ဖြစ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းကို နေ့စဉ် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ (ဩဂုတ် ၈) နေ့လယ်ပိုင်းတွင် ချုံခိုတိုက်ခိုက်ခဲ့သည်ဟု ကလေးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။

ကလေး – ဂန့်ဂေါလမ်းပေါ်ရှိ သာယာကုန်းရွာနှင့် ကျွန်းချောင်းရွာအကြား ကြားဖြတ်တိုက်ခိုက်မှုကြောင့် မည်မျှ ထိခိုက်သေဆုံးသည်ကို မသိရသေးကြောင်း PDF (ကလေး) တပ်ရင်း ၆ မှ တာဝန်ခံ ကိုဂျပန်ကြီးက ပြောသည်။ 

“ကြိုပြီးတော့ သူတို့လာတဲ့လမ်းမှာ ကင်းပုန်းဝပ်ပြီးတော့ တိုက်ခိုက်လိုက်တဲ့အချိန်မှာ (စစ်ကောင်စီတပ်ဖွဲ့တွေ) အတုံးအရုံး လဲနေတာတော့ မြင်ရတယ်” ဟု ဆိုသည်။ 

တိုက်ခိုက်ခံလိုက်ရသူများ သာယာကုန်းရွာအတွင်း တပ်စွဲစခန်းချနေကြောင်း သိရသည်။ 

ကလေးမြို့နှင့် ၁၀ မိုင်ခန့် အကွာရှိ ကလေးမြို့နည်းပညာတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဩဂုတ်လဆန်းမှစ၍ ကလေးတောင်ပိုင်းကျေးရွာများကို စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ် ၂ မှ ၆ ရက်နေ့အထိ တိုက်ပွဲများ နေ့စဉ်လိုလို ဖြစ်ပွားနေရာ ၎င်းတို့ဘက်မှ ၃ ဦး သေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း PDF များဘက်က ဆိုသည်။

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း PDF များက ဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

စစ်ကောင်စီ ခြေကုပ်ယူထားသည့် နည်းပညာတက္ကသိုလ်နှင့် မလှမ်းမကမ်းရှိ ထောက်ကြန့်ရွာအနီးမှနေ၍ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များက မကြာခဏ သွားရောက်ပစ်ခတ်ခဲ့ကြောင်း PDF ကလေး တပ်ရင်း (၁) တာဝန်ခံ ကိုနေ့သစ်က ပြောသည်။

စခန်းချထားသည့် စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးအဖွဲ့များက ဝိုင်းဝန်းပိတ်ဆို့ထားသည့် အခြေအနေဖြစ်ပြီး စစ်ကောင်စီဘက်မှ လှုပ်ရှားမှုရှိပါက ထိတွေ့တိုက်ပွဲများ ပုံမှန်လိုလို ဖြစ်နေကြောင်း ၎င်းက ဆိုသည်။

“သူတို့ဘက်က ထိုးစစ်ဆင်ရင် ပစ်မယ်။ သူတို့နည်းနည်းလှုပ်တာနဲ့ ကျွန်တော်တို့ဘက်က ပစ်ပြီ” ဟု ကိုနေ့သစ်က ပြောသည်။

လတ်တလောတွင် တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် ကလေး – ဂန့်ဂေါလမ်းကို ဖြတ်သန်းသွားလာခြင်း မပြုရန် ဒေသခံကာကွယ်ရေးအဖွဲ့များက တားမြစ်ထားသည်။

“စစ်ကောင်စီကို မိုင်းဆွဲတိုက်ခိုက်မှုတွေ ပြောက်ကျားတိုက်ခိုက်မှုတွေ ပုံမှန်လုပ်ဆောင်နေတဲ့အတွက် ပြည်သူတွေ ထိခိုက်နစ်နာမှာကို မလိုလားဘူး” ဟု ကိုနေ့သစ်က ပြောသည်။

အာဏာသိမ်းစစ်တပ်ကို အစောဆုံး လက်နက်ကိုင် ပြန်ခုခံခဲ့သည့်ဒေသများအနက် ကလေးမြို့သည်လည်း အပါအဝင်ဖြစ်ပြီး လက်နက်ကိုင်ခုခံမှု အားကောင်းသည့်ဒေသလည်း ဖြစ်သည်။ 

အလားတူ တော်လှန်ရေး တစ်နှစ်ကျော်သည်အထိ ခုခံတိုက်ခိုက်မှုများ အားကောင်းနေဆဲဖြစ်သလို မြေပေါ်လှုပ်ရှားမှုအဖြစ် သပိတ်စစ်ကြောင်းများလည်း နေ့စဉ် မပျက် ရှိနေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button