စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းတွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်က ဒေသခံ ၈ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့သလို ကိုင်းကံရွာကို မီးရှို့ခဲ့ရာ အိမ်ခြေထက်ဝက်ခန့် ပျက်စီးသည်ဟု ဒေသတွင်း သတင်းရင်းမြစ်နှစ်ဦးက အတည်ပြုသည်။
ဩဂုတ် ၄ ရက် နံနက်ပိုင်းတွင် စစ်ရဟတ်ယာဉ်တစ်စီး လာရောက် ပစ်ခတ်သွားကြောင်း၊ ထို့နောက် ရဟတ်ယာဉ်ပေါ်မှ စစ်သားများ ကိုင်းကံနှင့် အင်ပင်ယဒင်ရွာအကြား သုံးလေးနေရာခန့်တွင် ဆင်းသက်ပြီး ဒေသခံတို့ကို တိုက်ခိုက်သွားခြင်း ဖြစ်ကြောင်း ထိုသူတို့ထံမှ သိရသည်။
ထိုစစ်သားများ ဩဂုတ် ၆ ရက် နံနက်ပိုင်းအထိ ကိုင်းကံရွာတွင် တပ်စွဲထားခဲ့ပြီး ပြန်အထွက်တွင် မီးရှို့ရာ ရွာရှိ အိမ်ခြေ ၃၀၀ ဝန်းကျင်အနက် ၁၄၅ လုံး မီးလောင်ပျက်စီးသွားကြောင်း၊ မီးလောင်ထားသည့် အိမ်တစ်လုံးတွင် အလောင်း ၄ လောင်း၊ ရွာအနီး ရေဆိုးမြောင်းအတွင်းမှ ၂လောင်း ရှာတွေ့ကြောင်း ၎င်းတို့က ဆိုသည်။
ထို့အပြင် လျော်ဖြူရွာမှ အသက်အသက် ၆၀ ဝန်းကျင် အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ကာ ၎င်း၏ သားနှစ်ဦးကိုလည်း ဖမ်းခေါ်သွားခဲ့ကြောင်း၊ အင်ပင်ယဒင် ရွာသား ၁ ဦး ပစ်သတ်ခံရကြောင်း ထိုသူတို့ထံမှ သိရသည်။ သေဆုံးသူတို့၏ အသေးစိတ်အချက်အလက်များကို သီးခြား အတည်မပြုနိုင်သေးပေ။
စစ်ကောင်စီကို ခုခံနေသည့် ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့၏ အဆိုအရ ထိုတပ်ဖွဲ့မှာ အင်အား ၈၀ ခန့် ရှိပြီး ရခိုင်ပြည်နယ် ကျောက်တော်မြို့အခြေစိုက် ခြေမြန်တပ်ရင်း အမှတ် ၃၇၆မှဖြစ်ကာ ကိုင်းကံရွာရှိ ဆန်စက်၊ ကားနှင့် ဆိုင်ကယ်များပါ မချန် မီးရှို့ခဲ့သူများ ဖြစ်ကြောင်း သိရသည်။
“လယ်ယာသုံးစက်ပစ္စည်းတွေလည်း ပါတယ်။ ဘာဆို ဘာမှမကျန်ပါဘူးဗျာ” ဟု ထိုအဖွဲ့ပြောခွင့်ရသူက ဆိုသည်။
ကိုင်းကံရွာ၌ တပ်စွဲသည့်နေ့ကတည်းက စစ်ကောင်စီတပ်ဖွဲ့က နေအိမ်များကို ဖျက်ဆီးခဲ့ကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။
“ပထမရက်မှာတော့ နည်းနည်းပါးပါး ရှို့တယ်။ ၆ ရက်က ပြန်ထွက်တဲ့နေ့ မနက်ခင်းမှာတော့ တစ်ရွာလုံးနီးပါးကို မီးရှို့သွားတယ်” ဟု ၎င်းက ပြောသည်။
ထိုတပ်ဖွဲ့မှာ ကိုင်းကံနှင့် ရွာနီးချုပ်စပ်ဖြစ်သည့် လျှော်ဖြူမှ ၁၄ဦး၊ အင်ပင်ယဒင်ရွာမှ ၁၀ဦး၊ နဂါးဘိုရွာ မှ ၁၂ ဦးတို့ကို ဖမ်းဆီးကာ လူသားဒိုင်းပုံစံအသုံးပြု၍ စစ်ကြောင်းသွားရာလမ်းတစ်လျှောက် ခေါ်ဆောင် သွားလာနေသည်ဟု ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
“သူတို့က မိုင်းဆွဲတိုက်ခိုက်ခံရမှာ ကြောက်တဲ့အတွက် ပြည်သူတွေကို လူသားဒိုင်းလုပ်ပြီး စစ်ကြောင်း ထိုးနေတာဗျ”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ထိုစစ်ကြောင်းမှာ ကိုင်းကံရွာ အနီးအနားရှိ မူးကမ်းကြီးရွာသို့ ဝင်ရောက်နေသည်ဟု ထိုသူက ဆက်ပြောသည်။
အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီက နှုတ်ဆိတ် နေဆဲဖြစ်သည်။
အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်းပြည်သူများ၏နေအိမ် ၁၈၈၈၆ လုံးထက်မနည်းကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ရာ အရပ်ဘက် အချက် အလက်ကောက်ယူရေးအဖွဲ့ Data For Myanmar၏ မှတ်တမ်းအရ သိရသည်။
စစ်ကောင်စီကမူ ၎င်းတို့ လက်ချက်မဟုတ်ဟု ငြင်းဆိုလေ့ရှိသည်။
မီးရှို့ဖျက်ဆီးခံရသည့် အိမ်အများစုသည် စစ်ကိုင်းတိုင်းအတွင်းမှဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)