နိုင်ငံတကာသတင်းသတင်း

ဒုံးကျည်ငါးစင်း ပစ်ပြပြီး ထိုင်ဝမ်နှင့် အမေရိကန်ကို တရုတ် ပြင်းပြင်းထန်သတိပေး

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပေလိုစီက ထိုင်ဝမ်ကျွန်းသို့ လာရောက်ကာ ထိုင်ဝမ်သည် အာဏာရှင်တရုတ်ပြည်အနီးရှိ ဒီမိုကရေစီခံတပ်နယ်မြေတစ်ခုဖြစ်ကြောင်း ချီးကျူးပြီး ၂၄ နာရီမပြည့်မီတွင် ထိုင်ဝမ်၏ မြောက်၊ တောင်နှင့် အရှေ့ဘက် ပင်လယ်ပြင်တွင် တရုတ်ဒုံးကျည် ၁၁ စင်းထက်မနည်း ကျရောက်ခဲ့သည်။

ဂျပန်က ၎င်း၏ ရေပိုင်နက်အတွင်း တရုတ်၏ ဒုံးကျည်ငါးစင်း ကျရောက်ခဲ့သည်ဟု ပြောချိန်တွင် တရုတ်ဘက်ကမူ ၎င်း၏ ဒုံးကျည်များသည် ပစ်မှတ်များကို တိကျစွာထိမှန်ခဲ့ကြောင်း ကြေညာခဲ့သည်။

နန်စီပေလိုစီ၏ ခရီးစဉ်ကို တုံ့ပြန်သောအားဖြင့် ထိုင်ဝမ်ကို အပြစ်ပေးရန် ရည်ရွယ်သည့် ကြီးမားသောစစ်အင်အားပြမှု၏ ကနဦးအဖြစ် ဤဒုံးကျည်များကို ပစ်ခတ်ပြခြင်းဖြစ်ကြောင်း တရုတ်တပ်မတော်က ဆိုသည်။

တရုတ်၏ စစ်ရေးလေ့ကျင့်မှုများသည် ထိုင်ဝမ်ကျွန်းနှင့် ပိုမိုနီးကပ်လာနေပြီး၊ ကြာသပတေးမှ တနင်္ဂနွေနေ့ထိ ၇၂ နာရီကြာ လေ့ကျင့်မည်ဟု မျှော်လင့်ရသည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် ထိုင်ဝမ်ကျွန်းကို တစ်နေ့တွင် တရုတ်က ဝန်းရံတိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ပါက တရုတ်တပ်ဖွဲ့ဝင်များအတွက် အဖိုးတန်အတွေ့အကြုံများရရှိစေသည့် လေ့ကျင့်မှုဖြစ်သည်။

တရုတ်သမ္မတ ရှီကျင်းပင်၏ ရည်မှန်းချက်ဖြစ်သော တရုတ်နိုင်ငံကို ပြန်လည်နုပျိုပြီး အင်အားကြီးနိုင်ငံတစ်ခုဖြစ်လာရေးရည်မှန်းချက်၏ တစိတ်တစ်ဒေသအဖြစ် ထိုင်ဝမ်နှင့် တရုတ်ပြည်မကြီးကို အကြမ်းမဖက်၊ ငြိမ်းချမ်းသောနည်းဖြင့် ပြန်လည်ပေါင်းစည်းအောင် လုပ်ရမည်ဟု ၎င်းက ဆိုဖူးသည်။

သို့ရာတွင် ၎င်းမတိုင်မီက တရုတ်နိုင်ငံခေါင်းဆောင်များကဲ့သို့ပင် လိုအပ်ပါက ထိုင်ဝမ်ပြန်လည်ပေါင်းစည်းရေး အင်အားသုံးသွားမည်ဟုလည်း ရှီက ပြောဆိုထားသည်။ တရုတ်၏ စစ်ရေးအင်အား တိုးချဲ့တည်ဆောက်နေမှုများကို ထောက်ရှုပြီး ထိုင်ဝမ်ကို တရုတ်က ဝင်ရောက်ကျူးကျော်မှုမှာ အလွန်အန္တရာယ်များမည့် စွန်စားမှုဟု ဆိုသော်လည်း ပို၍ပို၍ ဖြစ်ရန် နီးလာသော အခင်းအကျင်းဟု စစ်ရေးလေ့လာသူများနှင့် အခြားနိုင်ငံများ၏ လက်နက်ကိုင်တပ်မှူးများက ရှုမြင်ကြသည်။

စစ်ရေးပဋိပက္ခတစ်ခု တစ်မုဟုတ်ချင်း ဖြစ်ပွားဖို့ရာမရှိသော်လည်း တရုတ်၏ စစ်ရေးလေ့ကျင့်မှုသည် ဒေသတစ်ခုလုံးကို စိုးရိမ်ပူပန်မှုဖြစ်စေသည်။

အထူးသဖြင့် စစ်ရေးလေ့ကျင့်မှုတွင် တစ်ခုခု မှားယွင်းချွတ်ချော်သွားပါက၊ ဒေသတွင်းရှိ နိုင်ငံများကြား အန္တရာယ်ရှိသည့် အတိုင်းအတာထိ တင်းမာမှုများ မြင့်တက်သွားနိုင်ပါသည်။

ယခုစစ်ရေးလေ့ကျင့်မှုတွင် တရုတ်၏ ဒုံးကျည်များ ဂျပန်နိုင်ငံအနီးသို့ ကျရောက်နေမှုသည် ဂျပန်အခြေစိုက် အမေရိကန်မဟာမိတ်တပ်များကို တရုတ်က တိုက်ခိုက်နိုင်ကြောင်း သတင်းစကားပေးသကဲ့သို့ဖြစ်ပြီး၊ အမေရိကန်နှင့် မဟာမိတ်ဖွဲ့ထားခြင်းကြောင့် ပေးဆပ်ရမည့်အခြေအနေကို ဂျပန်နိုင်ငံကို သတိပေးမှု ဟူ၍လည်း မှတ်ယူနိုင်သည်။

တရုတ်၏ ပဲ့ထိန်းဒုံးကျည် ငါးစင်းသည် ၎င်း၏ သီးသန့်စီးပွားရေးဇုန်ထဲသို့ ကျရောက်ခဲ့ပြီး၊ ယင်းဖြစ်ရပ်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဂျပန်အစိုးရက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

နောက်ထပ် ဒုံးကျည်တစ်စင်းသည် ဂျပန်နိုင်ငံ၏ တောင်ဘက်စွန်း ထိုင်ဝမ်နှင့် မဝေးသော အကွာအဝေးရှိ ကျွန်းငယ်တစ်ခုဖြစ်သည့် ဂျပန် Yonaguni ကျွန်း၏ အနောက်မြောက်ဘက် မိုင် ၅၀ အကွာသို့ ကျရောက်ခဲ့သည်။

ထိုဖြစ်စဉ်နှင့် စပ်လျဉ်းပြီး ဂျပန်က တရုတ်အစိုးရကို ကန့်ကွက်ကြောင်း စာပို့ခဲ့သည်။ “ဒါဟာ ကျွန်တော်တို့ရဲ့ အမျိုးသားလုံခြုံရေးနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို ထိခိုက်စေတဲ့ ကြီးမားတဲ့ဖြစ်စဉ်” ဟု ဂျပန်ကာကွယ်ရေးဝန်ကြီး နိုဘူအိုကီရှီက ပြောကြားခဲ့သည်။

အမေရိကန် အိမ်ဖြူတော်တာဝန်ရှိသူများက တရုတ်၏ လုပ်ရပ်များကို ကြောက်ရွံ့ခြင်း မရှိဆိုသည့်အနေအထားနှင့် တစ်ဖက်တွင်လည်း တင်းမာမှု လျော့ပါးစေရန် လုပ်ဆောင်နေကြောင်း ပြသလိုသည့် အသွင်နှစ်ခုအကြား မယုတ်မလွန်ပြုမူနေသည်။

ကန်အမျိုးသားလုံခြုံရေးပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပင်တဂွန်စစ်ဌာနချုပ်သည် ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ယမန်နေ့မှစ၍ စစ်ရေးလေ့ကျင့်နေသည့် U.S.S. Ronald Reagan လေယာဉ်တင်သင်္ဘောအုပ်စုကို လက်ရှိနေရာတွင် ဆက်လက်လှုပ်ရှားနေရန်နှင့် တစ်ဖက်တွင်လည်း ထိုင်ဝမ်ရေလက်ကြားအဝင်ဝနှင့် ခပ်လှမ်းလှမ်းအကွာတွင် နေရန် ညွှန်ကြားထားကြောင်း ဆိုသည်။

သမ္မတဂျိုးဘိုင်ဒန်၏ အပြုအမူသည် ၁၉၉၆ ခုနှစ်က အလားတူဖြစ်ခဲ့သော ထိုင်ဝမ်ရေလက်ကြားအရေးအခင်းတွင် သမ္မတဘေကလင်တန်က တိုက်လေယာဉ်တင်သင်္ဘောများကို ထိုင်ဝမ်ရေလက်ကြားအနီးကပ်၍ လှုပ်ရှားကြရန် ညွှန်ကြားသည့် အခြေအနေနှင့် ယှဉ်ပါက ပိုသတိထားကိုင်တွယ်နေသည်ကို တွေ့ရသည်။

တစ်ပြိုင်နက်တည်းတွင် ဂျွန်ကာဘီက အမေရိကန်ရေတပ်သင်္ဘောများသည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းကာ “လွတ်လပ်စွာ ရေကြောင်းသွားလာခြင်း” လှုပ်ရှားမှုများကို ပြန်လည်စတင်မည်ဟု ပြောကြားသော်လည်း ချက်ချင်းဆိုသလို ထိုသို့မလုပ်ဘဲ ရက်သတ္တပတ်များစွာ အချိန်ယူ စောင့်ဆိုင်းနေသည်ကို ကြည့်ပါက အမေရိကန်သည် လက်ရှိ တရုတ်စစ်ရေးလေ့ကျင့်မှုပြီးဆုံးမှသာ ပြုလုပ်မည်ဖြစ်ကြောင်း အချက်ပြခြင်းဖြစ်သည်။

ကန်၏မူဝါဒသည် ယူကရိန်းအရေး သမ္မတဘိုင်ဒင် ပြုမူပုံတွင် တွေ့မြင်ရသော ဗျူဟာတစ်ခုဖြစ်သည်။ ထိုဗျူဟာမှာ ထိုင်ဝမ်ကို လက်နက်တပ်ဆင်ပေးမည်၊ သို့သော် အမေရိကန်တပ်များကို တိုက်ရိုက်ပါဝင်စေမည်မဟုတ်သော ဗျူဟာဖြစ်သည်။ (သတင်း၊ နယူးယောက်တိုင်းစ်)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button