နိုင်ငံတကာသတင်းသတင်း

ကန်လွှတ်တော်ဥက္ကဋ္ဌခရီးအပြီး ထိုင်ဝမ်ကျွန်းတစ်ဝိုက် တရုတ် စစ်ရေးစတင်

ဂရင်းနစ်စံတော်ချိန် ယနေ့မနက် ၄ နာရီတွင် တရုတ်က စစ်ရေးလေ့ကျင့်မှု စတင်ခဲ့ပြီး ယခုလာမည့် တနင်္ဂနွေနေ့ ဂရင်းနစ်စံတော်ချိန် မနက် ၄ နာရီတွင် ပြီးဆုံးမည်ဟု တရုတ်အစိုးရပိုင် CCTV က ပြောကြားခဲ့သည်။ စစ်ရေးလေ့ကျင့်မှုများတွင် ထိုင်ဝမ်ရေပိုင်နက်နှင့် အနီးတစ်ဝိုက်ရှိ လေပိုင်နက်အတွင်း တိုက်ရိုက်ပစ်ခတ်မှုများလည်း ပါဝင်သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် ကုလသမဂ္ဂ စည်းမျဉ်းများကို ချိုးဖောက်ကာ ထိုင်ဝမ်၏ ပိုင်နက်နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ လေကြောင်းနှင့် ပင်လယ်ရေကြောင်း လွတ်လပ်စွာသွားလာခွင့်အတွက် တိုက်ရိုက်စိန်ခေါ်မှုဖြစ်ကြောင်း ထိုင်ဝမ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ကူးသန်းသွားလာမှု အမြင့်ဆုံးဖြစ်သည့် နိုင်ငံတကာ ရေလမ်းနှင့် လေကြောင်း လမ်းကြောင်းများတွင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေပြီး ထိုအပြုအမူများသည် တာဝန်မဲ့သကဲ့သို့ တရားမ၀င် အပြုအမူလည်းဖြစ်ကြောင်း ထိုင်ဝမ် အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) က ပြောကြားခဲ့သည်။

စစ်ရေးလေ့ကျင့်မှုကို ပြင်းထန်စွာရှုတ်ချကြောင်း ထိုင်ဝမ်အစိုးရပြောရေးဆိုခွင့်ရှိသူကပြောဆိုပြီး၊ ထို့ပြင်၎င်းက ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သမ္မတရုံးတို့၏ ဝက်ဘ်ဆိုဒ်များကို ဟက်ကာများက တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ Pelosi သည် ထိုင်ဝမ်မှ တောင်ကိုရီးယားနိုင်ငံသို့ ယမန်နေ့က ထွက်ခွာသွားပြီးနောက် နာရီအနည်းငယ်အကြာတွင် ဒရုန်းများဟုယူဆရသော အမည်မသိလေယာဉ်ငယ်များသည် ထိုင်ဝမ်၏အစွန်အဖျား Kinmen ကျွန်းများပေါ်တွင် ပျံတက်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တပ်မတော်၏ Kinmen ကာကွယ်ရေးကွပ်ကဲမှုဌာနချုပ်မှ Major General Chang Zone-sung က ဒရုန်းများသည် အတွဲလိုက်လာပြီး ဗုဒ္ဓဟူးနေ့ည ၉ နာရီအချိန်ခန့်တွင် Kinmen ဒေသသို့ နှစ်ကြိမ် ပျံသန်းခဲ့ကြောင်း ရိုက်တာ သတင်းဌာနသို့ သို့ ပြောကြားခဲ့သည်။

“သတိပေးတဲ့အနေနဲ့ ချက်ခြင်း မီးကျည်တွေကို ပစ်ခတ်ပြီး သူတို့ကို မောင်းထုတ်ခိုင်းတယ်။ အဲဒီနောက် ဒီလေယဥ်တွေ လှည့်လာသေးတယ်။ ထိုင်ဝမ်ရဲ. ကန့်သတ်နယ်မြေထဲကို ရောက်လာတဲ့အတွက် သူတို့ကို ခုလိုလုပ်လိုက်တာပါ” ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံသည် ထိုင်ဝမ်အား ၎င်း၏ပိုင်နက်နယ်မြေအဖြစ် တောင်းဆိုထားပြီး ထိုင်ဝမ်ကို အင်အားသုံး၍ သိမ်းယူပိုင်ခွင့်ရှိကြောင်းနှင့် တရုတ်ပြည်မကြီးနှင့် ထိုင်ဝမ်တို့ မတူကွဲပြားမှုများသည် ပြည်တွင်းရေးသာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“ထိုင်ဝမ်လွတ်လပ်ရေးလိုလားသူအစွန်းရောက်တွေနဲ့ ပြင်ပကစွက်ဖက်သူတွေကို ကျွန်တော်တို့က ပြစ်ဒဏ်ခတ်ပါမယ်၊ ဒီပြစ်ဒဏ်က တရားသဖြင့် အကြောင်းအကျိုးညီညွတ်မှုရှိပါတယ်” ဟု တရုတ်နိုင်ငံမြို.တော် ဘေဂျင်းအခြေစိုက် ထိုင်ဝမ်ရေးရာရုံးက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထူးထူးခြားခြား ထိုင်ဝမ်တစ်ဝိုက်ရှိ နယ်မြေခြောက်ခုတွင် စစ်ရေးလေ့ကျင့်မှုအား တရုတ်နိုင်ငံပိုင်ဆင်ဟွာ သတင်းဌာနာက တည်နေရာပြမြေပုံဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ယနေ့ ကြာသပတေးနေ့တွင်၊ တရုတ်၏ Twitter နှင့်တူသော Weibo အင်တာနက်ဆိုက်တွင် ခေတ်စားနေသည့် ထိပ်တန်း အကြောင်းအရာရှစ်ခုသည် ထိုင်ဝမ်နှင့် ဆက်စပ်နေပြီး Pelosi အား ဒေါသအမျက်ထွက်မှု သို့မဟုတ် တရုတ်၏ စစ်ရေးလေ့ကျင့်မှု ပြည်သူအများစုက ထောက်ခံကြောင်း ပြောဆိုချက်များဖြစ်သည်။

“အမိမြေကို ပြန်ပေါင်းစည်းကြရအောင်” ဟု သုံးစွဲသူအများအပြားက ရေးသားခဲ့သည်။

ဘေဂျင်းတွင် ကြာသပတေးနေ့၌ အမေရိကန်သံရုံးတစ်ဝိုက်ရှိ လုံခြုံရေးသည် ယခုရက်သတ္တပတ်တစ်လျှောက်လုံး တင်းကျပ်ထားသည်။ အမေရိကန် ထုတ်ကုန်များကို သပိတ်မှောက်ရန် ထင်ရှားသော ဆန္ဒပြမှုများ သို့မဟုတ် တောင်းဆိုမှု လက္ခဏာများ မတွေ့ရပါ။ (သတင်း-ရိုက်တာ)

Show More

Related Articles

Back to top button