သတင်း

ဖုယွင်အထည်ချုပ်သပိတ်မှောက်သူများကို ကျန်အလုပ်သမားများက တန်ပြန်သပိတ်မှောက်

ရန်ကုန် – ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် စက်မှုဇုန်ရှိ တရုတ်လူမျိုးပိုင် ဖုယွင်အထည်ချုပ် စက်ရုံမှ အလုပ်ရပ်နားခံရသဖြင့် သပိတ်မှောက်နေသည့် အလုပ်သမားသမဂ္ဂဝင်များကို အလုပ်ဆင်းနေကြသည့် ကျန်အလုပ်သမားများက တန်ပြန်ဆန္ဒပြနေသည်ဟု သပိတ်မှောက်အလုပ်သမားများက ပြောသည်။

စက်ရုံဝင်ပေါက်များတွင် သပိတ်စခန်းဖွင့်ထားသူများကို လုပ်ငန်းခွင်ရှိ အလုပ်သမားတချို့က ဦးဆောင်ပြီး အလုပ်ဝင်နေကြသည့် အလုပ်သမားများက“အလုပ်ပြန်ဆင်းခွင့်အရေး တို့အရေး” ဆိုသည့် တန်ပြန် ကြွေးကြော်မှုများဖြင့် ပြန်လည်ပြုလုပ်လာသည်ဟု အလုပ်မှရပ်နားခံရသည့် အဆိုပါစက်ရုံ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် အသက် ၂၃ နှစ်အရွယ် မသဇင်နွယ်က ပြောသည်။

“ကျွန်မတို့ သပိတ်စခန်းအနားမှာ သူတို့က တန်ပြန်သပိတ်လုပ်တာ။ သမဂ္ဂအဖွဲ့ဝင်မဟုတ်တဲ့ အလုပ်ဆင်းနေကြသူတွေနဲ့ ကျွန်မတို့ကို ရန်တိုက်ပေးနေတာ။ ကျွန်မတို့ သမဂ္ဂဘက်မှာရှိတဲ့ လူ ၂၀၀ ဝန်းကျင်လောက်ကတော့ အခုချိန်ထိ သပိတ်မှောက်နေကြတုန်း။ သူတို့က အလုပ်ပြန်ဆင်းရင် လခပြန်ပေးမယ်၊ မဆင်းတဲ့သူတွေ မပေးဘူးဆိုတာမျိုးလုပ်ထားတာ” ဟု ၎င်းက ဆိုသည်။

ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များက အလုပ်သမားများကို အချိန်ပိုကြေးပေးရေး၊ လုပ်သားလိုအပ်နေသည့် ဌာနများတွင် အလုပ်သမားများ ခန့်ထားပေးရေး၊ အလုပ်သမားများ၏ လုပ်အားကို ညှစ်ထုတ်နေမှု မပြုလုပ်ရေး စသည့်အချက်များအပါအဝင် အချက် ၁၀ ချက်ကို ဩဂုတ်လ ၁၄ ရက်တွင် စတင်တောင်းဆိုရာမှ ၂၀ ရက်နေ့တွင် အလုပ်သမားသမဂ္ဂအဖွဲ့မှ ဦးဆောင်သူ အပါအဝင် အဖွဲ့ဝင် ၃၀ ကို အလုပ်မှ ရပ်စဲခဲ့သည်။

ယနေ့အချိန်အထိ ညှိနှိုင်းမှု ခြောက်ကြိမ်ရှိသော်လည်း အဆင်ပြေမှုမရှိသေးဘဲ သပိတ်စခန်းကို ဆက်လက်ဖွင့်ထားသည်မှာ ၁၈ ရက်အထိ ရောက်ရှိနေပြီဖြစ်သည်။

သို့ရာတွင် ထိုတန်ပြန်သပိတ်သည် စက်ရုံအုပ်ချုပ်သူများဘက်က အလုပ်သမားအချင်းချင်း ရန်တိုက်ပေးခြင်းဖြစ်သည်ဟု သပိတ်မှောက်သူများက စွပ်စွဲသည်။ စက်ရုံ အဆိုပါစက်ရုံမန်နေဂျာ ဦးသိန်းဆွေကမူ ထိုအချက်ကို ငြင်းဆိုပြီး သပိတ်မှောက်နေသူများက စက်ရုံဝင်ပေါက်၊ ထွက်ပေါက်များကို ပိတ်ဆို့ထားကာ အလုပ်လုပ်ချင်နေသူများကို တားမြစ်ခြင်းများ ပြုလုပ်နေသဖြင့် ၎င်းတို့သဘောဆန္ဒအတိုင်း တောင်းဆိုခြင်း ဖြစ်သည်ဟု Myanmar Now ကို ပြောသည်။

ထို့အပြင် အလုပ်မှ ထုတ်ပစ်လိုက်သည်ဆိုသည်မှာ မဟုတ်ကြောင်း၊ စက်ရုံကုန်ထုတ်လုပ်မှု လျော့ကျနေခြင်း၊ လုပ်အားခ ပိုကုန်ကျနေခြင်းများကြောင့် လုပ်ငန်းခွင်အလုပ်သမား လျှော့ချလိုက်ခြင်းသာ ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အခု အလုပ်သမားလုပ်ခ တိုးပေးလိုက်ရတော့ လုပ်အားခ ပိုကုန်ကျလာတယ်၊ ဒါပေမယ့် လုပ်အားနှုန်း၊ ကုန်ထုတ်လုပ်နှုန်းက တိုးမလာဘူး။ အဲ့ဒါကြောင့် အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ် (EC) ကို ဖောက်ဖျက်သူတွေ၊ လုပ်ငန်းခွင် စည်းကမ်းမလိုက်နာသူတွေကို ကျွန်တော်တို့က လျှော့ချလိုက်တာ။ သူတို့ကို ဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း နစ်နာကြေးတွေ ဘယ်သူက ဘယ်လောက်ရမယ်ဆိုတာ တရားဝင် ကြေညာပြီးသား။ ဒါကို သူတို့က မလိုချင်ဘဲ အလုပ်ခွင် အခက်အခဲ မဖြစ်ဖြစ်အောင် လုပ်နေတာ” ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်အထိ စက်ရုံအုပ်ချုပ်ရေးဘက်က ၎င်းတို့ တောင်းဆိုနေသည့် အချက်များအားလုံးကို အလျှော့အတင်းလုပ် လိုက်လျောနိုင်သော်လည်း လျှော့ချထားပြီးသား အလုပ်သမားများကို ပြန်လည်ခန့်ထားရေး ဖြစ်နိုင်ခြေမရှိဟု ၎င်းက ဆက်ဆိုသည်။

ယခုနောက်ပိုင်းတွင် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များကို အလုပ်မှ ရပ်စဲခြင်းများသည် အလုပ်ရှင်၊ အလုပ်သမား ပဋိပက္ခ ဖြစ်စဉ်များတွင် အများစုဖြစ်နေကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO)၏ သုတေသနပြုချက်များက ဆိုသည်။

ထို့အပြင် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များနှင့် သမဂ္ဂအဖွဲ့ မဝင်ကြသည့် အလုပ်သမားများအကြား လုပ်ငန်းစီမံခန့်ခွဲသူများ အနေဖြင့် ခွဲခြားဆက်ဆံမှုများ လုပ်လေ့ရှိသည်ကိုလည်း တွေ့မြင်ရသည်ဟု ILO အဖွဲ့၏ အကြီးတန်းဥပဒေအရာရှိ မစ္စ နတ်ဆု နိုဂါမိ (Ms. Natsu Nogami) က ယခုလ အစောပိုင်းက ပြောသည်။

“ဒီလိုလုပ်တာဟာ အလုပ်သမားသမဂ္ဂတွေကို ဆန့်ကျင်တဲ့၊ အလုပ်သမားသမဂ္ဂတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ လုပ်ရပ်တစ်ခု ဖြစ်တယ်။ နောက်ပြီး အလုပ်ရှင်အဖွဲ့တွေဘက်ကရော၊ အလုပ်သမားတွေဘက်ကရော စက်ရုံတစ်ရုံထဲမှာ သမဂ္ဂအဖွဲ့ နှစ်ဖွဲ့၊ သုံးဖွဲ့ရှိနေတာကို မလိုလားဘူးလို့တော့ နားလည်ထားတယ်” ဟု ၎င်းက ဆိုသည်။

Show More

Related Articles

Back to top button