သတင်း

မောင်တောနှင့် ချင်းပြည်နယ် ပလက်ဝတွင် ပစ်ခတ်မှုဖြစ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများက ယနေ့ (သြဂုတ် ၂) တွင် ပြောသည်။

ပလက်ဝမြို့နယ်တွင် တိုက်ပွဲမှာ ယမန်နေ့ကပင် စတင်ကြောင်း၊ မောင်တောမြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်- မြန်မာ နယ်စပ်ခြံစည်းရိုး မိုင်တိုင်အမှတ် ၄၀ အနီးတွင် ယနေ့ နံနက်က တိုက်ပွဲဖြစ်ခဲ့သည်ဟု သိရသည်။ 

ယနေ့ နံနက် ၈ နာရီခွဲခန့်က မိုင်တိုင်အမှတ် ၄၀ အနီး စစ်ကောင်စီအခြေစိုက်စခန်းများဖြစ်သည့် ငါးရံ့ချောင်းနှင့် အောင်ဇူကြားတွင် ၅ မိနစ်ခန့် နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မောင်တောဒေသခံများက ပြောသည်။

လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများကို ကြားလိုက်ရသည်ဟု အဆိုပါနေရာမှ တစ်မိုင်ခွဲခန့် အကွာတွင် ရှိသော ဒေသခံကျေးရွာသားတစ်ဦးကလည်း ပြောသည်။

“၅ မိနစ်လောက် ပစ်ခတ်သံတွေ ကြားလိုက်ရတယ်။ တိုက်ပွဲဖြစ်ခဲ့တာ သေချာတယ်။ လက်နက်ငယ် အတွဲလိုက် ပစ်တယ်။ လက်နက်ကြီးတွေနဲ့ ထုတယ်။ မနေ့က သတင်းကြားတာက အဲဒီဘက်မှာ အာဏာ (လက်နက်ကိုင်) အဖွဲ့ သုံးဖွဲ့ ဝင်တယ်လို့ ကြားသိရတယ်” ဟု ၎င်းက ဆိုသည်။

မောင်တောမြို့နယ်မြောက်ပိုင်း နယ်စပ်ခြံစည်းရိုးတစ်လျှောက် နယ်ခြားစောင့်ရဲကင်းစခန်း အများအပြားရှိပြီး စစ်ကောင်စီတပ်က ဗျူဟာအဆင့်အထိုင်ချထားသည့် တပ်စခန်းများလည်း ရှိသည်။

ထိုဒေသတစ်ဝိုက် လှုပ်ရှားနေသည့် အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့ တိုက်ပွဲတွင် ပါဝင်နေမှု ရှိမရှိ တိတိကျကျမသိရကြောင်း ဒေသခံများက ပြောသည်။ 

လက်နက်ကြီးပစ်ခတ်သံများကိုမူ ယနေ့ နံနက်က ကြားလိုက်ရသည်ဟု မောင်တောမြောက်ပိုင်း နယ်စပ်အနီးရှိ သင်္ဘောလ၊ မီးတိုက်၊ မင်းခမောင်း၊ မင်္ဂလာညွန့်၊ သစ်တုံးနားခွဆုံ စသည့် ကျေးရွာများမှ ဒေသခံများကလည်း ဆိုကြသည်။

“ဒီမနက်က လက်နက်ကြီးပစ်သံတွေတော့ ကြားလိုက်ရတယ်။ ရဲဝန်ထမ်းတစ်ယောက်ကို မေးကြည့်တော့ ARSA အဖွဲ့နဲ့ အဲဒီဘက်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုနဲ့ တိုက်ပွဲဖြစ်ကြတာလို့ ပြောတယ်။ ဘယ်အဖွဲ့နဲ့ဖြစ်တယ်ဆိုတာကိုတော့ အတိအကျမသိရဘူး” ဟု မင်းခမောင်းကျေးရွာသားတစ်ဦးက ပြောသည်။

နယ်ခြားစောင့်ရဲကင်းစခန်းကို AA ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်း သတင်းများ ထွက်ပေါ်နေသော်လည်း Myanmar Now က သီးခြားအတည်ပြုချက် မရသေးပေ။

အလားတူ ပလက်ဝမြို့နယ်တွင် နှစ်ရက်ဆက် တိုက်ပွဲဖြစ်နေပြီး ယနေ့တွင်လည်း ပလက်ဝအခြေစိုက် ခြေလျင်တပ်ရင်း (ခလရ) ၂၈၉ က လက်နက်ကြီးဖြင့် ပစ်ကူပေးနေကြောင်း မြို့ခံများထံမှ သိရသည်။

ပလက်ဝမြို့မှနေ၍ မော်တော်ဘုတ်ဖြင့် ရေကြောင်းခရီး ၁ နာရီခွဲခန့် ခရီးအကွာအဝေးရှိ နှမဒါကျေးရွာနှင့် ကင်ချောင်းကျေးရွာအကြား နွားတောင်ဆိုသည့်နေရာတွင် စစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်နေခြင်းဖြစ်သည်ဟု ပလက်ဝမြို့ခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“ခလရ ၂၈၉ ကတော့ လှမ်းပစ်နေပါတယ်။ ဒီဘက်က ပစ်နေတာက ၁၁ နာရီလောက်ကနေ စပစ်နေတာ အခုထိ ပစ်နေတုန်းပါ။ အခုဆိုရင် လက်နက်ကြီးပစ်နေတာ အကြိမ် ၂၀ ကျော်လောက် ကျပြီ။ မနေ့က တိုက်ပွဲဖြစ်တဲ့ဘက်ကို လှမ်းပစ်နေပုံရပါတယ်” ဟု ထိုမြို့ခံက ဆက်ပြောသည်။

နှမဒါကျေးရွာအနီး တိုက်ပွဲဖြစ်နေ၍ လက်နက်ကြီးပစ်ခတ်သံ အဆက်မပြတ်ကြားနေရသည်ဟု သိရကြောင်း မြို့ခံ အမျိုးသမီးတစ်ဦးက ဒေသခံများကို ကိုးကား၍ ပြောပြသည်။

“မြို့အောက်ပိုင်းမှာရှိတဲ့ နှမဒါရွာအနီးက ချောင်းအတွင်းမှာ AA နဲ့ ဗမာ့တပ်မတော်နဲ့ မနေ့ကနေ တိုက်ပွဲဖြစ်နေတယ်လို့ သတင်းကြားပါတယ်။ အဲဒါကြောင့် ခလရ ၂၈၉ ကနေ လက်နက်ကြီးပစ်ကူပေးနေတာလို့ သိရတယ်။ ဒီနေ့လည်း ဆက်ပစ်နေတာရှိတယ်။ ကြားနေရပါတယ်” ဟု ထိုအမျိုးသမီးက ဆိုသည်။

နှစ်ဖက် စစ်ရေးတင်းမာနေသော အခြေအနေတွင် တိုက်ပွဲဖြစ်နေသည်ဆိုသော ဒေသခံများ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး AA ထံ ဆက်သွယ်မေးမြန်းသော်လည်း တုံ့ပြန်ချက်မရသေးပေ။ 

စစ်ကောင်စီက ထုံးစံအတိုင်း သတင်းအမှောင်ချထားသည်။

ယနေ့ မွန်းလွဲ ၂ နာရီခန့်က ပလက်ဝမြို့နယ် ရီမဝရွာမှ တုံးမဝရွာသို့ ကျောင်းသားများပို့ဆောင်ရန် လာသည့် ဟွန်ဒါမျိုးအစား စက်တပ်လှေတစ်စီးကို နှမဒါဆိပ်ကမ်းရှိ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သောကြောင့် သေဆုံးဒဏ်ရာရသူရှိသည်ဟု ကြားသိရကြောင်း မြို့ခံနောက်တစ်ဦးက ပြောသည်။ 

“ကျောင်းသားတွေ တင်ဆောင်လာတဲ့ စက်လှေကို စစ်တပ်က ပစ်တယ်လို့ သတင်းကြားရပါတယ်။ အခု ပလက်ဝဆေးရုံကို ယူလာမယ်လို့ ကြားပါတယ်”

ထိုပစ်ခတ်မှုကြောင့် ၂ ဦး သေဆုံးကာ ကျောင်းလုပ်သားတစ်ဦးနှင့် ကျောင်းသား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်ဒေသအခြေစိုက်သတင်းများ ဖော်ပြနေသော Arakan Princess Media က ရေးသားထားသည်။

မောင်တောဒေသတွင် စစ်ကောင်စီတပ်နှင့် AA တို့ ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်က နှစ်နေရာ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်ဘက်မှ ဒုရဲမှူးအပါအဝင် ၁၄ ဦး အဖမ်းခံထားရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button