သတင်း

ကျောက်တော်တွင် AA ဟု ယူဆရသူ ၂ ဦးနှင့် အရပ်သား ၁ ဦး အဖမ်းခံရ

ရခိုင်ပြည်နယ်၊ ကျောက်တော်တွင် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်ဟု ယူဆရသူ ၂ ဦးနှင့် အရပ်သားတစ်ဦးကို ယနေ့ (သြဂုတ် ၁) မွန်းတည့် ၁၂ နာရီခန့်က စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာနေသည်ဟု ဒေသခံများက ပြောသည်။

ကျောက်တော်မြို့ပေါ်မှ ၅ မိုင် ၆ ဖာလုံခန့်ရှိသည့် မဟာမုနိဘုရားအနီး ထမင်းဆိုင်တစ်ဆိုင်မှ ဖမ်းခေါ်သွားခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ထိုနေရာအနီးမှ ဒေသခံတစ်ဦးက ပြောသည်။

“သူတို့ကို ကျောက်တော်တပ်မကို ယူသွားတယ်လို့ ကြားတယ်။ နှစ်ယောက်ကတော့ AA ကလို့ သိရတယ်။ ကျန်တစ်ယောက်ကတော့ အရပ်သားလို့ သိရတယ်” ဟု ထိုအနီးဝန်းကျင်မှ အမည်မဖော်လိုသည့် ရွာသားတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများမှာ သရက်တပင်ကျေးရွာ၊ စျေးတန်းပိုင်းရပ်ကွက်မှ ဦးမောင်စောသားနှင့် AA တပ်ဖွဲ့ဝင်နှစ်ဦး ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည့်အပေါ် ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

“ကျွန်တော်တို့ သရက်တပင်ကတော့ အရပ်သားတစ်ယောက်ပါသွားတယ်။ နောက်ထပ်က ကျွန်တော်လည်း သိပ်မပြောတတ်ဘူး။ မဟာမုနိဘုရားအနီးက ထမင်းဆိုင်တစ်ဆိုင်ကနေ ဖမ်းသွားတာလို့ ကြားတယ်” ဟု မဟာမုနိဘုရားနှင့် မိုင်ဝက်ခန့်အကွာ သရက်တပင်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ထိုသုံးဦးကို ကျောက်တော်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၉ တပ်ရင်းသို့ ကားဖြင့် ခေါ်ဆောင်သွားကြောင်း၊ သရက်တပင်ကျေးရွာနှင့် မဟာမုနိဘုရားအနီးဝန်းကျင် လူသွားလူလာမရှိ တိတ်ဆိတ်ငြိမ်သက်နေကြောင်း ဘုရားအနီးဝန်းကျင်တွင် ရှိနေသူတစ်ဦးကလည်း ဆိုသည်။

“သူတို့ကို ဖမ်းပြီးလို့ သိပ်မကြာလိုက်ဘူး။ စစ်ကားနှစ်စီးရောက်လာပြီတော့ တပ်မဘက်ကို ယူသွားတာ တွေ့လိုက်တယ်။ အခုတော့ ဒီမှာ သိပ်အခြေအနေမကောင်းဘူး။ စစ်တပ်ကလည်း ဘုရားမှာ ရှိတယ်။ အနီးဝန်းကျင်တွေမှာလည်းရှိတယ်။ AA က ရှေ့တိုးလာမယ်လို့ ကြားတော့ တိုက်ပွဲဖြစ်ဖို့ များနေတယ်” ဟု အထက်ပါလူက ပြောသည်။

အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဘက်က ထိုနေရာအနီးဝန်းကျင်တွင် အင်အားထပ်မံဖြည့်တင်းထားပြီး သရက်တပင်ရွာ၊ မဟာမုနိရွာ၊ ညောင်ချောင်းကျေးရွာသားများက တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်။

ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်မှစ၍ နှစ်ဖက်အပြန်အလှန်ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေသလို AA သံသယဖြင့်လည်း အရပ်သားများကို စစ်ကောင်စီတပ်က ဖမ်းဆီးမှုများ ပြုလုပ်နေသည်။

စစ်တပ်နှင့် AA တို့ ၂၀၂၀ နိုဝင်ဘာလဆန်းတွင် အပစ်ရပ်ခဲ့သော်လည်း ၂၀၂၁ ဒီဇင်ဘာမှစ၍ ရခိုင်ဒေသနှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝတို့တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်။ 

ပြီးခဲ့သည့် ဇူလိုင် ၂၄ က ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ်၊ စနဲမြို့ရဲစခန်းမှူးကို AA တပ်ဖွဲ့ဝင်များဟု ယူဆရသူ သုံးဦးက ခေါ်ဆောင်သွားပြီးနောက် စစ်ကောင်စီတပ်က ယင်းမြို့မှ အမျိုးသမီးများ အပါအဝင် အရပ်သား ၇ ဦးကို ချုပ်နှောင် စစ်ဆေးခဲ့သည်။

အလားတူ ဇူလိုင် ၁၈ ကလည်း မောင်တောမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် AA နှစ်နေရာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကူလာသည်ဟု ယူဆရသည့် နယ်ခြားစောင့်ရဲကားတစ်စီး ကြိမ်ချောင်းဗျူဟာဂိတ်မှ သုံးမိုင်ခန့်အကွာတွင် တိုက်ခိုက်ခံရကာ ၁၀ ဦးခန့် သေဆုံး၍ ရဲမှူးတစ်ဦးအပါအဝင် ၁၄ ဦးကို AA က ဖမ်းဆီးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button